Sunday, July 1, 2012

ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ

မင်္ဂလာပါ ဘကြီးစိန်
ဘကြီးစိန်ရဲ့ မျက်နှာသွင်ပြင်၊ ဘကြီးစိန်ရဲ့ သမိုင်းကြောင်း၊ ဘကြီးစိန်ရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး ကျွန်တော်ဥာဏ်မီသမျှ ဝေဖန်သုံးသပ်ပြီး ဘကြီးစိန်ကို လေးစားပါတယ်။


မြစ်ဆုံကိစ္စမှာ ပြည်သူတွေရဲ့ အလိုဆန္ဒကို ရှေ့တန်းတင် ဆုံးဖြတ်ပေးခဲ့တာရယ် ယုံကြည်ချက်ချင်းမတူလို့ အပြစ်မဲ့စွာ အကျဉ်းကျနေသူတွေကို လွှတ်ပေးခဲ့တာရယ်တွေကြောင့် ဘကြီးစိန်ကို ကျွန်တော် ချစ်ခဲ့မိပါတယ်။


အဲဒါကြောင့် ကိုယ်ချစ်ခင်လေးစားတဲ့သူအနေနဲ့ ဘကြီးစိန်ကို ကျွန်တော် ရင်ဖွင့်ပါရစေဗျာ။


ကျွန်တော်တို့က တောသားတွေပါ ဘကြီးစိန်။ တောသားတွေဆိုတော့ လယ်ထဲ ခြံထဲတွေမှာနေပူမရှောင် မိုးရွာမရှောင် လုပ်ကိုင်စားသောက်ရတာ သိပ်ကို ပင်ပန်းပါတယ်။ ကျွန်တော်တို့ အဖေက ကျွန်တော်တို့ကို သိပ်ချစ်တယ်ဗျ။ ဒါကြောင့်
`` မင်းတို့ ပညာကောင်းကောင်းသင်ကြ။ ပညာမတတ်ရင် ငါတို့လိုပဲ ပင်ပန်းမှာ ´´
ဆိုပြီး သူတို့ကိုယ်တိုင် ခြိုးခြံပြီး ကျွန်တော်တို့ကို ပညာသင်ပေးတယ်။ မိုးထဲ ရေထဲ နေပူထဲမှာ လေးလလောက် ပင်ပင်ပန်းပန်း လုပ်ပြီးမှ ရလာတဲ့ စပါးတစ်တင်းကို ရောင်းမှ ကိုးရာပဲ ရတယ်။ အဲဒီလိုနဲ့ တစ်နှစ်တစ်နှစ်ကို သိန်းပေါင်းများစွာ ကုန်တဲ့ သားသမီးရဲ့ ပညာရေးကို ပံ့ပိုးပေးရတာ ဘယ်လောက်ခက်ခဲမလဲ ဘကြီးသာ စဉ်းစားကြည့်ပါ။ ဒီလိုနဲ့ ကျွန်တော်လဲ ဘွဲ့ရလာတယ်။ ကျွန်တော့်ညီလေးလဲ ဘွဲ့ရလာတယ်။

ကျွန်တော်ကတော့ ကိုယ့်ဘာသာ အပြင်ဘက်ထွက်လိုက်လို့ သက်သာပေမယ့် ကျွန်တော့်ညီလေးမှာ ဘွဲ့ရပြီး အစိုးရအလုပ်ကို လုပ်တော့ မိဘကျေးဇူးဆပ်နိုင်ဖို့ နေနေသာသာ သူ့တစ်ယောက်ထဲတောင် မစားလောက်လို့ အိမ်ကပဲ ပို့ပို့ပေးနေရတယ်ဗျာ။ ဒီလိုနဲ့ပဲ နေပူထဲ လုပ်ရမှာစိုးလို့ ငွေကြေးများစွာ အချိန်များစွာ ရင်းပြီး ဘွဲ့ရအောင် အဖေကြိုးစားခဲ့တာတွေဟာ နောက်ဆုံးတော့ သူ့သားငယ် လယ်ထဲပဲ ပြန်ရောက်ရတယ်ဗျာ။

ကျွန်တော့်ညီမလေးဆိုရင် ဘွဲ့တွေရော ဒီပလိုမာတွေရော လက်မှတ်တွေကတော့ နံရံပြည့်လုမတတ်ပါဘဲ။ အတန်းတိုင်းမှာ ပညာရေးကို ထိပ်ဆုံးက အောင်ချင်တော့ သုံးတန်းလောက်ကတည်းက ကျောင်းမှာ သင်တဲ့အပြင် ငွေတွေ အပိုကုန်ခံပြီး ကျူရှင်ဆိုတာကိုပါ တက်ခဲ့သေးတယ်။ ဒါပေမယ့်ဗျာ `` ငါတို့လက်ထက်မှာ ဘွဲ့ရတွေ ဘယ်လောက်မွေးထုတ်ပေးနိုင်ခဲ့တယ်´´ ဆိုတဲ့ ဂုဏ်ယူချင်စိတ်နဲ့ ဘွဲ့ရပြီးရော မအောင်မရှိစေရစနစ်ကို ကျင့်သုံးခဲ့တော့ ဘွဲ့ရတွေ မှိုလိုပေါက်သွားတဲ့ခေတ်မှာ သူ့ကြိုးစားမှုတွေလဲ အရာမထင်နိုင်တော့ပါဘူး။

ဘွဲ့တစ်ခုလောက်နဲ့ အလုပ်မရနိုင်ဘူးဆိုလို့ မပြီးနိုင်မစီးနိုင်သော သင်တန်းအမျိုးမျိုးကို တက်ပြီး လက်မှတ်အလီလီ ထုတ်ယူခဲ့ပေမယ့် အစိုးရကို ကျေးဇူးပြုဖို့ ဌာနတစ်ခုမှာ ၀င်လုပ်တဲ့အခါ အရည်အချင်းနဲ့ ရာထူး တခြားစီဆိုတာ သိလိုက်ရတယ်ဗျာ။ ကိုယ်ပေးခဲ့တဲ့ ပညာတွေကို ကိုယ်ပြန်မသုံးချင်ကြတာ ဘာကြောင့်ပါလဲဗျာ။ ဒီလိုနဲ့ပဲ ကိုယ့်တိုင်းပြည်ကမှ ထိုက်တန်တဲ့နေရာ မသုံးချင်တော့ သူများတိုင်းပြည်ပဲ သွားပြီး လုပ်ပေးကိုင်ပေးရတာပေါ့ ဘကြီးရယ်။ တစ်ခုတော့ ကောင်းတာပေါ့နော်။ မိဘအရင်းဖြစ်တဲ့ ကိုယ့်တိုင်းပြည်မှာ အချိန်မရွေး အိုတီကြေးမရှိ လုပ်ပေးခဲ့တာထက် သူများဆီမှာ လုပ်ရတာက ဆယ်ဆမက ပိုရတော့ ပုထုဇဉ်လူသားတွေပီပီ သာတဲ့ဆီပဲ နေရတော့တာပေါ့။ ဒီလိုနဲ့ မိဘတို့ရဲ့ မျှော်မှန်းချက် ကလေးတွေရဲ့ ကြိုးစားမှုတွေဟာ တက္ကသိုလ်ရောက်တဲ့အခါမှာ ဘွဲ့ရသွားတော့လဲ ဘာဟုတ်လို့လဲ ဆိုပြီးေ၀၀ါးကုန်တော့တာပါပဲ ဘကြီးရယ်။

ညီတွေ ညီမတွေကတော့ အဖေ့ရဲ့ မပင်ပန်းစေလိုတဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ ကျွန်တော်တို့ အဖေရဲ့ မျှော်လင့်ချက်ဟာ သားကြီးဖြစ်တဲ့ ကျွန်တော့်အပေါ် တင်သွားပြီပေါ့။ ဒါကြောင့် ကျွန်တော်ကျဆုံးသွားရင် အဖေလဲ ကျဆုံးသွားမှာပါ။ အဖေ့မျှော်လင့်ချက်လေး ပြည့်ဝအောင် သူများတိုင်းပြည်မှာ ကျွန်တော် စွမ်းအားရှိသမျှ ကြိုးစားခဲ့ပါတယ်။ အထိုက်အလျောက် အဆင်ပြေတယ်ဆိုပေမယ့် ဘကြီးစိန်ရေ

သူများတိုင်းပြည်မှာ ဘယ်လောက်ပဲ အဆင်ပြေတယ် ပြောပြော လူမျိုးခြားတွေကြားမှာ ကိုယ်ပြည်မှာလောက်တော့ နောက်ကျောမလုံပါဘူး။ လူမျိုးခြားတစ်ယောက်ရဲ့ မျက်စောင်းထက် ကိုယ့်ပြည်တွင်းက ဗမာအထက်အရာရှိ ဆဲဆိုကြိမ်းမောင်းနေတာက ချိုမြပါတယ်။
သူများတိုင်းပြည်တွေက ရေထက် ကျွန်တော်တို့နိုင်ငံက ရေက ပိုချိုပါတယ်။ တခြားတိုင်းပြည်တွေက ဂျုံတွေထက် ကျွန်တော်တို့ဆီက ရွှေဝါထွန်းဆန်ကြမ်းက ပိုပြီး လေးလေးပင်ပင် ရှိပါတယ်။ တခြားတိုင်းပြည်တွေက ကိတ်မုန့်တွေ ပေါင်မုန့်တွေထက် ကျွန်တော်တို့ဆီက မုန့်ဟင်းခါးကိုပဲ တောင့်တမိပါတယ်။

အခုဆိုရင် ညီမလေးလဲ လူမျိုးခြားတွေကြားမှာ စိတ်ဆင်းရဲ ပင်ပန်းစွာနဲ့ ငိုနေရရှာတယ်။ ကျွန်တော့်ညီမလေး ငိုနေရသလို ဘ၀တူတွေရဲ့ သက်ပြင်းမော လေပူတွေ ဘယ်လောက်တောင် များနေလဲ မသိ။

ကျွန်တော်တို့လဲ ခုချိန်ဆို ကထိန်၊ ခုလောက်ဆိုသင်္ကြန်နဲ့ ကိုယ့်ယဉ်ကျေးမှုတွေကို တမ်းတရင်း မျက်ရည်ဝဲခဲ့ရတာ ဘယ်နှစ်နှစ် ဘယ်နှစ်လ ရှိပြီလဲတောင် မရေချင်တော့ပါဘူး။ အပြေးလာချင်ပါရဲ့။
ဒါပေမယ့် ဘကြီးစိန်ရယ် မိဘတွေ လှူချင်သလို လှူနိုင်အောင်၊ မသေခင် စားချင်တာကို စိတ်တိုင်းကျစားနိုင်အောင်က ဒီလိုနေမှ အဆင်ပြေမယ်ဆိုတော့လဲ ဒီလိုပဲ နေရတော့တာပေါ့။ ကျွန်တော်တို့လဲ မိဘတွေကို လွမ်းတာပါပဲ။ ကိုယ့်တိုင်းပြည်က ပိတောက်ရိပ်ကလေးတွေအောက်မှာ ခိုလှုံချင်တာပါပဲ။ ဒါပေမယ့် မဖြစ်နိုင်တော့လဲ ဗမာငွေနဲ့ တစ်ထောင်လောက်ပဲ ပေးရတဲ့ ဆင်းကတ်လေးဝယ်၊ ဟမ်းဖုန်းလေးနဲ့ အလုပ်အားတဲ့အခါ အဖေအမေရဲ့ အသံကိုပဲ နားထောင်ပြီး ဖြေနေရပါတယ်။ ကြာတော့လဲ အားမရဘူးဗျာ။ ဖြစ်နိုင်ရင်လေ ကျွန်တော်တို့ ခွန်အားတွေနဲ့ သူများတိုင်းပြည်မှာထက် ပိုပင်ပန်းရင် ပင်ပန်းပါစေ ဘကြီးစိန်ရယ်။

သူများတွေ ပေးတာလောက် မပေးချင်လဲ နေပါ ဘကြီးစိန်ရယ်။

သူများတွေ ပေးတာရဲ့ တ၀က်လောက်သာ ပေးရင် ကျွန်တော်တို့ ချက်ချင်းကို ပြန်လာပြီး အလုပ်အကျွေးပြုချင်ပါတယ်။

လုပ်ရတာချင်းအတူတူ သူများတိုင်းပြည်တွေမှာလိုတော့ အခကြေးငွေ တန်းတူ လိုချင်တာပေါ့။ တန်းတူမရရင်နေပါ။ တစ်ဝက်လောက်ပဲ ရရင်တောင် ကိုယ့်တိုင်းပြည်ကိုပဲ အလုပ်အကျွေးပြုချင်တာပေါ့ ဘကြီးစိန်ရယ်။

ကျွန်တော်တို့တွေ တိုင်းပြည်ကို ချစ်သလို ဘကြီးစိန်ကိုလဲ ချစ်ပါတယ်။ ကျွန်တော်တို့ ချစ်သလို ဘကြီးစိန်လဲ ကျွန်တော်တို့ကို ချစ်ပါလားဗျာ။ ကျွန်တော်တို့ကို ချစ်တယ်ဆိုရင် ကိုယ့်နိုင်ငံထဲမှာ အားလုံးအတွက် အခွင့်အလမ်းတွေဖြစ်ပေါ်လာအောင် ဖန်တီးပေးပြီး ပြန်ခေါ်ပေးပါလားဗျာ။ ခုတော့ဗျာ ပြည်တွင်းမှာ လုပ်တဲ့ အလုပ်သမားတွေမှာလဲ လူမျိုးခြားအလုပ်ရှင်ရဲ့ အနှိမ်ကို ခံကြရတယ်။ ပြည်ပမှာ လုပ်တဲ့ အလုပ်သမားတွေဆိုလဲ ဒီလိုပါပဲ။ ဘ၀မလုံခြုံဘူး၊ စိတ်မပျော်ရွှင်ဘူး၊ ဒါကြောင့် မြန်မာဆိုရင် မကျေနပ်ချက်တွေနဲ့ပေါက်ကွဲတတ်တဲ့ လူမျိုးဆိုတဲ့ အမျိုးသားရေးလက္ခဏာတစ်ရပ်တောင် ဖြစ်နေပြီလား မသိဘူး ဘကြီးရယ်။

ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းမှာဆိုလေ ပတ္တမြားလဲ မထွက်ဘူး၊ ကျောက်စိမ်းလဲ မထွက်ဘူး၊ ကျွန်းလဲ ကျွန်တော်တို့လို မပေါဘူး။ သဘာဝဓာတ်ငွေ့ဆိုလဲ ကျွန်တော်တို့ဆီကတောင် ပြန်ဝယ်သုံးနေကြတာပါ။ ဒါပေမယ့်လေ သူတို့ဆီမှာ ထိန်လို့ လင်းလို့ ကြီးပွားလို့ ချမ်းသာပျော်ရွှင်လို့။ ဒါပေမယ့် သူတို့ထက် သယံဇာတချမ်းသာတဲ့ ကျွန်တော်တို့ပြည်သူတွေမှာ ညှိုးငယ်စွာနဲ့ ဆင်းရဲစွာနဲ့ သူတို့ဆီမှာ လုပ်နေကြရတယ်ဗျာ။ သူတို့တိုင်းပြည်မှာ ရသလောက်နီးနီးသာ ကျွန်တော်တို့ဆီမှာ အလုပ်လုပ်လို့ ရမယ်ဆိုရင် ဘကြီးကို ကျေးဇူးတင် ချစ်ခင်စွာနဲ့ ပြန်လာကြမှာ သေချာပါတယ်။

ခေတ်ကို ပြင်တဲ့ခေါင်းဆောင်တွေဟာ လူသေပေမယ့် နာမည်မသေပါဘူး ဘကြီးရယ်။ အနော်ရထာ၊ ကျန်စစ်သား၊ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဒီနေ့ထိ သူရဲကောင်းတွေပါ။ သူတို့ကို မသိလိုက် မမီလိုက်ပေမယ့် သမိုင်းကောင်းတဲ့ သူရဲကောင်းတွေကို ယနေ့ထိ ဦးညွတ်ကြလျက်ပါ။ ဘကြီးကိုလဲ နောင်လာမျိုးဆက်တွေအားလုံး ဦးညွတ်ရတဲ့ အမျိုးသားခေါင်းဆောင် ဖြစ်စေလိုပါတယ်ဗျာ။

ပြည်သူတွေရဲ့ ဘ၀တွေကို ပြောင်းလဲပေးနိုင်တဲ့ ခေါင်းဆောင်ကြီး၊ အားငယ်သူတွေရဲ့ ကိုးစားရာ ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်စေလိုပါတယ်။

တော်လှန်ရေးနေ့ အမှတ်တရအဖြစ် ဘကြီးဆီ ချစ်ခင်စွာဖြင့် အိတ်ဖွင့်စာ ပို့လိုက်ပါတယ်ဗျာ။ ကျန်းမာစွာဖြင့် တိုင်းပြည်ကို စနစ်ဆိုးအောက်ကနေ ကယ်တင်နိုင်ပါစေ ဘကြီးစိန်။
.
ဘ၀အမောနှင့် ခံစားချက်တစ်ခုကြောင့် ရေးလိုက်တာဖြစ်ပါတယ်။ ဘ၀တူသူငယ်ချင်းတွေ အားလုံးသို့

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။