Sunday, July 1, 2012

ရာဇ၀င်တွင်တဲ့ သူရဲကောင်း

အင်းဝခေတ်မှာ အင်းဝနဲ့ ဟံသာဝတီရဲ့ စစ်ပွဲတွေက နှစ်ပေါင်းလေးဆယ်ကျော်လောက် ရှိမယ်။ စစ်ပွဲသက် ရှည်တော့ နှစ်ဘက်စလုံးမှာ သူရဲကောင်းတွေလဲ တော်တော်လေး ထွန်းကားခဲ့ပါတယ်။ ရှေးခေတ်က ကိုယ့်တိုင်းရင်းသား သူရဲကောင်းတွေ အကြောင်း ပြန်စဉ်းစားမိရင် ဒီနေ့ခေတ်မှာ နာမည်ကြီးနေတဲ့ ကိုရီးယားက ဂျူမုံကို အထူးအဆန်းလို့ကို မထင်တော့ဘူး။ ကြည့်ကောင်းတဲ့ ဇာတ်လမ်းရုပ်ရှင်တစ်ခုလိုပဲ မြင်တော့တယ်။ သူတို့လိုသာ ဇာတ်ညွှန်းကောင်းကောင်းနဲ့ ရိုက်ရင် ကိုယ့်မြန်မာသူရဲကောင်းတွေက ပိုလို့တောင် လေးစားစရာကောင်းပါလားလို့ ထင်မိတယ်။ ဒါပေမယ့် ၀မ်းနည်းစရာကောင်းတာက နောက်မျိုးဆက်တွေ ကိုယ့်သူရဲကောင်းတွေရဲ့ အကြောင်းကို နစ်နစ်နဲနဲ မသိကြတော့တာပါပဲ။

သူတို့လို ဇာတ်လမ်းကောင်းကောင်းတော့ မရေးတတ်ပါဘူး။ ဒါပေမယ့် ဆိုက်ထဲက သူငယ်ချင်းညီအစ်ကို မောင်နှမတွေအတွက် ဂုဏ်ယူဖွယ် မြန်မာတိုင်းရင်းသား သူရဲကောင်းတစ်ယောက်ကို မိတ်ဆက်ပေးလိုပါတယ်။ သူကတော့ မွန်တိုင်းရင်းသား သမိန်ဗရမ်းပါပဲ။

အဲဒီအချိန်က မွန်နဲ့ မြန်မာနဲ့ စစ်ပွဲကာလ။ အင်းဝဘုရင် ဘုရင်မင်းခေါင် ဟံသာဝတီကို စစ်ချီရာမှာ မွန်တွေဘက်က သူရဲကောင်းမသန်းကြောင့် ဘုရင်မင်းခေါင်တပ်တွေ အထိနာပြီး အင်းဝကို ပြန်ဆုတ်လို့ ရောက်ခါစမှာ တရုတ်က စစ်အင်အားအလုံးအရင်းနဲ့ ချီလာပါတယ်။ စစ်ချီတာကလဲ ရည်ရွယ်ချက်က တော်တော်ကောင်းပါတယ်။ တရုတ်ဘုရင်မှာ ဂါမဏိဆိုတဲ့ ပြိုင်ဘက်ကင်း သူရဲကောင်းတစ်ယောက်ကို ရထားတယ်။ ဒီသူရဲကောင်းကို နိုင်တဲ့လူ သူ့နယ်မြေမှာ မရှိဘူး။ ဒါကြောင့် သူ့ရဲ့ သူရဲကောင်းနဲ့ ယှဉ်တိုက်နိုင်မယ့် သူရဲကောင်းရှိရင် စီးချင်းထိုးပွဲ ကြည့်ချင်တယ်။ ဒါကြောင့် စစ်ပွဲတွေဖြစ်နေတဲ့ မြန်မာနဲ့မွန်တွေဆီမှာ သူရဲကောင်းတွေ ရှိမှာပဲဆိုပြီး စစ်ချီလာတာပါ။ နိုင်ရင်လဲ ပြည်သိမ်းမယ်။ ရှုံးရင် အေးအေးဆေးဆေးပြန်သွားမယ်ပေါ့။ တော်တော် တရားကျဖို့ ကောင်းပါရဲ့။

တပ်ထောင်တာ ဗိုလ်ထုနဲ့ စစ်ချီလာပြီး အင်းဝရောက်တော့ သူ့လာရင်း ရည်ရွယ်ချက်ကို ဒီလို ရာဇသံပေးပါတယ်။

``စိန့်ပြည်ဧကရာဇ် ကြားရောက်လိုက်သည် အင်းဝရွှေနန်းရှင်။ ယခု ငါလာသော ရည်ရွယ်ချက်မှာ ၁။ အင်းဝမင်းသည် ငါ့လက်အောက်ခံအဖြစ် ငါ့ကို ရှိခိုးရန်၊ ၂။ သူရဲကောင်းချင်း စီးချင်းထိုးသည်ကို ရှုစားရန် ဖြစ်သည်။ အကယ်၍ အင်းဝဘက်မှ သူရဲကောင်း ရှုံးခဲ့လျှင် အင်းဝကို ငါ့လက်အပ်ရန်ဖြစ်သည်။ ပြည်သူပြည်သား ရဟန်းရှင်လူများ မထိခိုက်စေရ။ ငါ့သူရဲကောင်းရှုံးလျှင် အေးအေးဆေးဆေး ပြန်သွားမည်။ အင်းဝဘုရင် အကြောင်းပြန်စေလိုသည်´´

ဟု သူ့ဘက်က လုံးဝမနစ်နာစေတဲ့ ရာဇသံ ပေးလာပါတယ်။ ဒီအခါမှာ ဘုရင်မင်းခေါင်လည်း ဂါမဏိနှင့် စီးချင်းထို့မယ့် သူရဲကောင်း အရှာထွက်စေပါတယ်။ အိမ်ရှေ့ရာထူးပေးမည်ဆိုသော်လည်း မည်သူတဦးတယောက်မျှ ထွက်ပေါ်ခြင်းမရှိ။ အစောင့်စစ်သည် အချင်းချင်း ထိုသတင်းအကြောင်း ပြောဆိုနေသည်ကို အချုပ်ထဲမှ မွန်သူရဲကောင်း သမိန်ဗရမ်းကြားလျှင် ဂါမဏိကို သူတိုက်မည့်အကြောင်း ပြော၏။ ထိုစကားကို အစောင့်တို့ ကြားလျှင် ၀မ်းသာအားရဖြင့် ထောင်မှူးအား အသိပေး၏။ ထောင်မှူးမှတဆင့် သေနာပတိ၊ သေနာပတိမှ ဘုရင်မင်းခေါင် အဆင့်ဆင့် သိလျှင် သမိန်ဗရမ်းအား သစ္စာရေတိုက်၍ ထောင်မှ လွှတ်ပေးလိုက်သည်။

တပ်တွင်းမှ စိတ်ကြိုက်မြင်းကို ယူစေသော်လည်း တစ်ကောင်မှ မကြိုက်သဖြင့် မြို့ပြင်ထွက်ရှာရာ မြင်းပျိုတစ်ကောင်ကို သဘောကျပြီး ရွေးချယ်လိုက်၏။ သမိန်ဗရမ်းလည်း ထိုမြင်းပျိုကို အားရအောင် လေ့ကျင့်ပြီး တရုတ်သူရဲကောင်းနှင့် စီးချင်းထိုးပွဲကို ရက်ချိန်းလိုက်လေသည်။

စီးချင်းထိုးပွဲနေ့တွင် နှစ်ဘက်သော မင်းဧကရာဇ်တို့နှင့် နှစ်ဘက်သော စစ်သည်များ ကွင်းလုံးညွှတ်မျှ လာရောက်၍ စီးချင်းထိုးပွဲကို ရှုစားနေကြသည်။ ဂါမဏိသည် ရွှေချပ်ဝတ် ရွှေခါးစည်းတို့ကို ၀တ်ဆင်စည်းနှောင်လျက် မြင်းစီးစစ်သည်ကိုင် လက်နက်တို့ကို လွယ်ကာ ပရိသတ်အလယ်သို့ ထွက်လာလေပြီ။ သမိန်ဗရမ်းသည်လည်း အင်္ကျီိံကိုဝတ်၊ ရွှေစလွယ်ကို သိုင်းလွယ်လျက် ရွှေကွပ်ထားသော ခေါင်းပေါင်းအနီကို ပေါင်းကာ ရွှေဆွဲကြိုး၊ ရွှေလက်ကြပ်၊ ရွှေလက်ကောက်၊ ရွှေလက်စွပ်များ ဆင်မြန်းလျက် ဓားရှည်ကို လွယ်ကာ ပရိသတ်အလယ်သို့ မြင်းစီး၍ ထွက်လာသည်။ ထိုးမပေါက်နိုင်သည့် ရွှေချပ်ဝတ်ကို ၀တ်ဆင်ပြီး ပေါ့ပါးဖျတ်လတ်နေသော ဂါမဏိကို တွေ့လျှင် မည်သည့်နေရာကို ထိုးခုတ်ရမည်ကို မကြံနိုင်သဖြင့် စီးချင်းမထိုးခင် စစ်ရေးအလှပြဖို့၊ တစ်ယောက်လုပ်သလို တစ်ယောက် လိုက်လုပ်ဖို့ ညှိကြည့်၏။

ဂါမဏိကလည်း လက်ခံသဖြင့် မင်းဧကရာဇ်များထံ အကြောင်းကြားကာ စစ်ရေးအသီးသီး ပြကြ၏။ စစ်ရေးပြရင်း ဂါမဏိ၏ ချပ်ဝတ်တန်ဆာတွင် ချိုင်းနေရာမှာ တစ်ချက်ဟပြီး လည်ပင်းနေရာတွင် တစ်ချက်ဟသည်ကို မှတ်သားထား၏။ ထို့နောက် အပြန်အလှန် ထိုးကြခုတ်ကြတော့သည်။ ဂါမဏိကို သမိန်ဗရမ်း လုံးဝမနိုင်သလို သမိန်ဗရမ်းကိုလည်း ဂါမဏိ မနိုင်နိုင်သေး။ ထို့ကြောင့် သမိန်ဗရမ်းလည်း ဥာဏ်ကူတော့မည်ဟု ပိုင်းဖြတ်၍ ထွက်ပြေးသယောင် စစ်ဆင်၏။ ဂါမဏိက လိုက်တိုက်၏။ သမိန်ဗရမ်းက ပြေးရာမှ ရုတ်တရက် လှည့်၍ တိုက်၏။ ထိုအခါ ဂါမဏိလည်း လူရောမြင်းပါ အသေအလဲ ရှောင်ရ၏။

အချိန်ကြာလာသည်နှင့်အမျှ ရွှေချပ်ဝတ်များ ၀တ်ထားသဖြင့်အလေးချိန်ပိုသည့် ဂါမဏိ၏မြင်းမှာ မောလာတော့သည်။ ထိုသို့ဖြင့် ဂါမဏိ လက်မြှောက်လိုက်သည့် အချိန်ခဏလေးအတွင်း သမိန်ဗရမ်းလည်း ဂါမဏိကို လှံဖြင့် ဗြုန်းဒိုင်းထိုးချလိုက်သည်။ ဘယ်လိုမှ မရှောင်နိုင်သဖြင့် ဂါမဏိ စောင်းအကျတွင် လည်ပင်းကို ဓားဖြင့် ခုတ်ချလိုက်၏။ ကိုယ်ပေါ်မှ ခေါင်းလွင့်အကျတွင် လျင်လျင်မြန်မြန်ဖြင့် မြေပေါ်မကျခင် ချွန်းဖြင့် ချိတ်၍ ခြင်းတွင်ထည့်ကာ တိုက်ကွင်းမှ အေးအေးဆေးဆေး ထွက်လာခဲ့သည်။

ဂါမဏိ၏ ခေါင်းပြတ်ကို ဘုရင်မင်းခေါင်အား ဆက်လျှင် ဘုရင်မင်းခေါင်လည်း အားရ၀မ်းသာသဖြင့် သမီးတော်နှင့် ပေးစား၍ အိမ်ရှေ့အရာ ပေးမည့်အကြောင်း သမိန်ဗရမ်းကို မိန့်၏။ သမိန်ဗရမ်းက ``သံခြေကျင်းခတ်ခံနေရသည့် ဒုက္ခမှ လွတ်ချင်လို့ တစ်ကြောင်း၊ သေသည့်တိုင်အောင် ဂုဏ်သတင်းကျော်ကြားလို၍တစ်ကြောင်း၊ အကျဉ်းသားဘ၀ဖြင့် နေသည်ထက် ကွပ်မျက်(အသတ်)ခံ လို၍တစ်ကြောင်း၊ အခွင့်ရပါက ဟံသာဝတီသို ပြန်လို၍တစ်ကြောင်း´´ ဤဆန္ဒလေးမျိုးဖြင့် စီးချင်းထိုးခြင်း ဖြစ်ပါ၍ အိမ်ရှေ့ရာထူးပေးကာ သမီးတော်နှင့် နှင်းအပ်မည့် ဆုလာဘ်ကြီးကို မခံယူလိုပါကြောင်းလျှောက်ထားငြင်းပယ်ခဲ့သည်။

ဤအဖြစ်အပျက်တွင် မြန်မာတိုင်းရင်းသားတွေ တစ်ဦးနှင့်တစ်ဦး ဘယ်လောက်ပဲ တိုက်နေခိုက်နေကြပါစေ၊ ပြည်ပရန် ကျရောက်လာတဲ့အခါ သွေးစည်းတတ်ကြတာဟာလည်း မြတ်နိုးစရာကောင်းလှပါလားဟု သတိထားမိခဲ့သည်။ နှစ်ပေါင်းလေးဆယ်ကျော် သူနိုင်ကိုယ်နိုင် တိုက်ခိုက်နေကြသော်လည်း နိုင်ငံခြားစစ်မက်ရန် ကြုံလာလျှင် သွေးစည်းတတ်ကြသည့် မြန်မာတို့ရဲ့ မျိုးချစ်စိတ်ကို လေးစားမိပါသည်။

ယနေ့ခေတ်တွင်လည်း KNU KIO SSA စသည်ဖြင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များနှင့် မြန်မာတပ်တို့ နှစ်အတန်ကြာ တိုက်ခိုက်နေကြသော်လည်း တိုင်းရင်းသားလူမျိုးများ ပြည်မကြီးထဲ ရောက်လာသည့်အခါ ပြည်မတွင်းမှ ချစ်ချစ်ခင်ခင် ဖော်ဖော်ရွေရွေဖြင့် ဆက်ဆံကြသည်။ ပြည်မမှလူများ တိုင်းရင်းသား နယ်မြေများသို့ သွားသည့်အခါတွင်လည်း တိုင်းရင်းသား အရပ်သားတို့က ဖော်ရွေပျူငှာစွာ ရိုးသားဖြူစင်စွာ ဆက်ဆံကြသည်မှာ တိုင်းရင်းသားသွေးစည်းညီညွတ်ရေး၏ သရုပ်သကန်အဖြစ် မြတ်နိုးမိပါသည်။

ဘုရင်မင်းခေါင်က အိမ်ရှေ့အရာနှင့် သမီးကညာကို ပေးခဲ့သော်လည်း ငြင်းဆန်ခဲ့သော သမိန်ဗရမ်းသည် မင်းသမီးလေးကို အချစ်ဖြင့် နှောင်ဖွဲ့မိသောအခါ ဟံသာဝတီကို သစ္စာမဖောက်သော အင်းဝသူရဲကောင်းအဖြစ် ပေးဆပ်သွားခဲ့ပါသည်။ အချစ်ဖြင့် ထုံမွှမ်းထားသော သူရဲကောင်း တစ်ယောက်မို့ သူ့နှလုံးသားသည်လည်း ဖြူစင်နူးညံ့နေမှာ သေချာပါသည်။

ဤဖြစ်စဉ်ကို ဖတ်ပြီး ကြည်နူးနှစ်သက်မှုတွေ တဖွားဖွား ခံစားရသည်။ အာဏာ အခွင့်အရေး ရာထူးစည်းစိမ်များဖြင့် ရွှေရောင်အနာဂတ်တံခါးကြီး ဖွင့်ဟထားပါသော်လည်း သမိန်ဗရမ်းသည် သစ္စာတရားကို ကျောခိုင်းလျက် ထိုတံခါးပေါက်သို့ မ၀င်ခဲ့ပါတကား။ သူ့တိုင်းပြည်ကို သူချစ်သည့်စိတ်၊ သူ့သခင်အပေါ် သူထားသည့် သစ္စာတရားတို့ကား အသက်နှင့်ပင် လဲနိုင်လောက်အောင် တန်ဖိုးကြီးလှပါကလား။ သမိန်ဗရမ်းသည် သူ့ရာဇ၀င်ကို အခွင့်အရေးဖြင့် စာတန်းမထိုး သစ္စာတရားဖြင့် စာတန်းထိုးခဲ့သူပါကလားဟု လေးစားမိခဲ့သည်။ ထို့ကြောင့် မွန်သူရဲကောင်း သမိန်ဗရမ်းကို ရာဇ၀င်တွင်သည့် သူရဲကောင်းအဖြစ် ယခုတိုင် လေးစားနေမိပါသည်။
*
ဒေါက်တာနိုင်ပန်းလှရဲ့ ရာဇာဓိရာဇ်အရေးတော်ပုံကို အပြည့်အ၀ မှီငြမ်းလျက် ခံစားတင်ပြပါသည်။ အမြင်မတူလျှင်လည်း နားလည်နိုင်ကြပါစေ။ လေးစားလျက် (ဆန်းစုနိုင်)

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။