Sunday, July 8, 2012

မျက်ရည်များဖြင့် ရိုက်နှက်ခြင်း

ကျွန်တော့်မှာ ခပ်ဆိုးဆိုး ညီလေးတစ်ယောက်ရှိပါတယ်။ သူနဲ့ကျွန်တော်က အသက် ကိုးနှစ်ကွာတယ်။ ကျောင်းပညာရေးတပိုင်းတစအရွယ် ၁၈-နှစ်သားမှာ ဒီကောင် အိမ်ထောင်ကျသွားတယ်။ ကောင်မလေးက ၂၄-နှစ်ဆိုတော့ သူ့ထက် ၆-နှစ်လောက် ကြီးပေမယ့် မိဘတွေနဲ့ တခြားစီနေရရှာတဲ့ ခိုကိုးရာမဲ့နေတဲ့ တိုင်းရင်းသူလေးပါ။ ဒီတော့ မိန်းကလေးကလဲ သူကိုယ်တိုင်က အားကိုးရာမဲ့နေတော့ ညီတော်မောင်ကို မထိန်းနိုင်ရှာပါဘူး။ ကျွန်တော့်အဖေနဲ့ အမေကတော့ သူ့ကို သမီးရင်းလို ကာကွယ်ပေးကြပါတယ်။

အိမ်ထောင်သာ ကျသွားတယ်။ ဟိုကောင်က ကလေးစိတ်က မပျောက်တပျောက်။ အပျော်အပါး အသောက်အစားလေး ရှိတော့ ကောင်မလေးလဲ စိတ်ညစ်ရှာမှာပေါ့။ ကျွန်တော်တို့ အကြီးတွေက ဆူလိုက် ရိုက်လိုက်ရင်လဲ အမေက မျက်ရည်တစမ်းစမ်းနဲ့ဆိုတော့ ဟိုကောင့်ကို ထိန်းဖို့က တော်တော်ခက်နေတယ်။ ဒီကောင်ကလည်း အိမ်သားတွေပြောလိုက်ရင်သာ စိတ်ဆိုးတာ စိတ်ကောက်တာ ပြန်အော်တာတွေ လုပ်ပေမယ့် တခြားလူတွေနဲ့ဆို တဟဲဟဲနဲ့ သိပ်သဘောကောင်းတော့ ဆူတဲ့ ရိုက်တဲ့လူတွေပဲ ပတ်ဝန်းကျင်က မကောင်းထင်ချင်တယ်။ ဒီလိုနဲ့ သူတို့မှာ ကလေးတစ်ယောက်ရလို့ ကလေးတောင် ကျောင်းတက်တဲ့အရွယ် ရောက်လာခဲ့တယ်။ သူတို့သားလေးကလဲ ဘယ်လို သန္ဓေမျိုးနဲ့ မွေးဖွားလာသလဲ မပြောတတ်ဘူး။


ကလေးချင်းအတူတူကစားရင်း သူ့ရှေ့မှာ တခြားကလေးတွေ ဆဲတာ ရန်ဖြစ်တာမျိုးဆို သူ လုံးဝမကြားနိုင်ဘူး။ ``မင်းတို့ကလဲ မဆဲကြနဲ့ကွာ´´လို့ ကလေးနဲ့မလိုက်အောင် ပြောတတ်တယ်။ ကျောင်းမှာလဲ စာသိပ်တော်တယ်။ ကျောင်းအုပ်ဆရာမကြီးရဲ့ အသဲစွဲပေါ့။ ကလေးက တော်သလောက် ကလေးအဖေကတော့ ဆိုးမြဲ ဆိုးနေတုန်းပဲ။ တစ်ခါလောက် လေသွားရင် လေးငါးရက် တစ်ပတ် အိမ်ပြန်မအိပ်တော့ဘူး။ အပေါင်းအသင်းလဲ များတော့ ကြုံရာအိပ်၊ ကြုံရာစား ဖြစ်နေတယ်။


သူက ပုံစံမကျတော့ သူ့မိန်းမလေးက ပင်ပန်းတော့တာပေါ့။ ဈေးတောင်းခေါင်းရွက်ပြီး စားဖို့ရှာရ လင့်အရက်ဖိုး ရှာရနဲ့ တော်တော်လေးကို အတိဒုက္ခရောက်တယ်။ အစကတော့ ကျွန်တော်တို့ မိသားစုက ၀ိုင်းထိန်းတယ်။ အဲဒီလို ၀ိုင်းထိန်းလို့ နေဖို့အဆင်သင့်၊ စားဖို့အဆင်သင့်ဆိုတော့ နောင်မကြဉ်မှာစိုးလို့ သူတို့ကို သီးသန့်စမ်းခွဲပေးကြည့်တာပါ။ ဒါပေမယ့် မိန်းကလေးက ဦးဆောင်လုပ်ကိုင်ကျွေးနေတော့ နောင်က မကြဉ်ဘူး။


ဒီလိုနဲ့ တစ်နေ့တော့ သူတို့ကလေးက ကျောင်းသွားချိန် ကျောင်းမသွားဘဲ သူတို့အိမ်လေးရဲ့ လှေကားမှာ ထိုင်ပြီး မှိုင်နေတယ်။ ကျွန်တော်လဲ နွားစာရိတ်ဖို့ သူတို့အိမ်ရှေ့က ဖြတ်သွားတော့ ကလေးကို တွေ့တာနဲ့


``သားလေး ... မင်း ကျောင်းမသွားသေးဘူးလား´´ ဆိုတော့


`` သားလေးဒီနေ့ ကျောင်းမတက်ဘူး လေးလေး´´ တဲ့။


``ဘာဖြစ်လို့လဲကွ။ ကျောင်းပိတ်လို့လား´´ ဆိုတော့


``အမိုး(အမေ) နေမကောင်းလို့ သားလေး ထမင်းမစားရသေးဘူးလေးလေး။ ညကလဲ မစားရဘူး´´ တဲ့


``သားလေး ဖေဖေရော´´


``အပါးက ပြန်မလာတာ လေးရက်ရှိပြီ။ လေးလေးကြီးတို့ ဆူမှာစိုးလို့ အမိုးက မပြောရဘူးတဲ့´´


ကျွန်တော်လဲ ရင်ထဲ နင့်သွားတယ်။ ဒါနဲ့ အိမ်ပေါ်တက်ကြည့်တော့ ခယ်မက ကိုယ်တွေ တအားပူနေတာ တွေ့ရတယ်။


``သားလေး ... လာခဲ့။ ဖွားဖွားကြီး ထမင်းကျက်နေပြီ။ လေးလေးတို့အိမ်မှာ လိုက်စား´´
ဆိုပြီး တူကလေးကို ခေါ်ပြီး အိမ်ပြန်လာခဲ့တယ်။ ဆိုင်ကယ်ထုတ်ပြီး မမကြီးတို့အိမ် အရင်သွားပြီး မမကြီးကို အငယ်ကောင်မိန်းမ တော်တော် နေမကောင်းဖြစ်နေတယ်။ နင်သွားကြည့်ထား။ ငါ ဟိုကောင့်ကို လိုက်ရှာအုံးမယ် ဆိုပြီး ထွက်လာခဲ့လိုက်တယ်။ သူ့သူငယ်ချင်းတွေအိမ် လိုက်စုံစမ်းရင်း တစ်အိမ်မှာ ငနဲက အိပ်ယာကတောင် မထသေးတာတွေ့လို့ ခြေထောက်နဲ့ကန် နှိုးပြီး ``ခုချက်ချင်း လိုက်ခဲ့။ အရေးကြီးတယ်´´ဆိုပြီး ပြောခေါ်လာခဲ့တယ်။


အိမ်ရောက်တော့ မမအလတ်ရဲ့ သားက ရွာထဲကလူတွေနဲ့ ညီလေးမိန်းမကို တိုက်နယ်ဆေးရုံထမ်းခေါ်ဖို့ ပြင်နေတယ်။


``မင်း မိန်းမကို မင်း အရင်ကြည့်လိုက်။ ပြီးမှ မင်းနဲ့ငါ စကားပြောမယ်´´ လို့ ပြောလိုက်တယ်။ ပျာပျာသလဲ သူ သွားကြည့်တော့ သူ့မိန်းမက ကိုယ်တွေ ခြစ်ခြစ်တောက်ပူပြီး ကယောင်ကတမ်း ပြောနေတယ်။


``ငါ အစက မင်းကို စိတ်ရှိလက်ရှိ ရိုက်မလို့ပဲကွ။ အခုတော့ ငါ့မှာ ရိုက်စရာ ခွန်အားတောင် မကျန်တော့ဘူး ညီလေး။ ဒီရွာမှာ မင်းမိန်းမရဲ့ဆွေမျိုး တစ်ယောက်မှ မရှိဘူး။ မင်းမျက်နှာ တစ်ခုတည်းနဲ့ နေနေရတာ။ မင်းကလဲ အိမ်မကပ်တော့ ကိုယ့်မိန်းမနဲ့ ကိုယ့်သားလေး ဘာဖြစ်နေတယ်ဆိုတာတောင် မသိတော့ ခက်နေတယ်။ ´´


``မနေ့ညက မင်း သားလေး ထမင်းမစားရဘူးကွ။ ဒီမနက်လဲ ထမင်းမစားရလို့ ကျောင်းမသွားဘူးတဲ့။ ဒီအတိုင်း ကျောင်းသွားလဲ ကျောင်းမှာ တစ်နေ့လုံး ဆာနေရှာမှာ။´´


``မနက်က မင်း သားလေးကို ဖွားဖွားကြီး အိမ်မှာ သွားစားရအောင် ပြောတော့ မင်း သားက ဘာပြောတယ် ထင်လဲ။ အပါးက ပြောတယ်တဲ့။ ဖွားဖွားကြီးတို့အိမ်မှာ ထမင်းသွားမစားနဲ့။ သွားစားရင် လေးလေးကြီးက ရိုက်လိမ့်မယ်လို့ ပြောတယ်တဲ့။´´


``ငါ့ စေတနာတွေ ရည်ရွယ်ချက်တွေကို မင်းက တလွဲမာနတွေ ထားနေတာ ငါ ၀မ်းနည်းတယ်။ မင်းတို့ကို အခုလို ခွဲထုတ်တာက ကိုယ့်ဘ၀ကိုယ်ဖန်တီးတတ်အောင်၊ ဘ၀တစ်ခုကို ဘယ်လိုလှလှပပ ဖန်တီးရမလဲဆိုတာ မင်းသိအောင် ငါ ခွဲထုတ်တာပဲ။ မင်းတို့ကို စေတနာမရှိလို့မှ မဟုတ်ဘဲကွာ။´´


``မိဘအရိပ်ကို ခိုပြီး မင်း ဒီလို ရေသာခိုနေရင် မိဘတွေ မရှိတဲ့အဆုံး မင်း ဘာတွေ လုပ်ကိုင်စားမလဲ။ ဒါကို ငါ ပူလို့ အမေ့အငြိုငြင်ခံပြီး မင်းတို့ကို ခွဲပေးလိုက်တာပဲ။ အခုတော့ကွာ ငါ့စေတနာက ငါ့ကို လူဆိုးကြီး ဖြစ်နေပြီ´´


``အခု ကြည့်စမ်း။ မင်းမိန်းမမှာ သူတို့သားအမိစားဖို့ သူ့ဘာသာ ရုန်းကန်ရတယ်။ နေမကောင်းလို့ မလုပ်နိုင်တော့ ဆေးဝယ်သောက်စရာတောင် မရှိရှာဘူး။ မင်းကို အားကိုးလို့ မင်းမျက်နှာ တစ်ရွာထင်လို့ ဘ၀ပါ ပုံအပ်ထားတာ မင်းမို့ နေရက်တယ်ကွာ။´´


``မင်းကတော့ အပေါင်းတွေ အသင်းတွေနဲ့ သောက်လို့ စားလို့ ပျော်လို့ ပါးလို့ ပွဲတော်ကြီး တည်နေတဲ့အချိန်မှာ မိန်းမက အိပ်ယာထဲမှာ။ မင်းရဲ့ လူမမယ်သားလေးက ၀မ်းဟောက်ပက်နဲ့ ဆာနေရှာတာ။ ဘယ်လောက်သနားဖို့ကောင်းလဲ´´


ငါလဲ ပြောရင်းနဲ့ ရင်မချိတော့ဘူးကွာ။ မင်းကြိုက်တဲ့အရက်ကို မသောက်နဲ့လို့ မဆိုလိုပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။ ဒါပေမယ့် ဒီလို ရင်နာရတာမျိုးတွေ ငါ မကြည့်ချင်ဘူး ညီလေးရာ။ တစ်ခုခုဖြစ်သွားလို့ တစ်သက်စာ နောင်တရရမယ့် အဖြစ်မျိုးတွေနဲ့ ငါ့ညီလေးကို တစ်သက်လုံး နောင်တရဲ့ နှိပ်စက်ခံလူတစ်ယောက် မဖြစ်စေချင်ဘူးကွာ´´


ကျွန်တော်လဲ ပြောရင်းနဲ့ ရင်ထဲ ဆို့တက်လာပြီး ဘယ်က ဘယ်လို မျက်ရည်ကျလာတယ်မသိဘူး။ အလိုလို မျက်ရည်တွေ ကျလာမိတယ်။ အမေလဲ အနားမှာ နားထောင်ပြီး မျက်ရည်ကျနေမိတယ်။ မမကြီးကတော့ ဆေးရုံလိုက်သွားလို့ ဒါတွေ သူမသိလိုက်ပါဘူး။ ညီလေးကို ကြည့်လိုက်တော့ ခေါင်းကြီး ငုံ့ထားတာပဲ တွေ့တယ်။


အခါတိုင်း သူ့ကို အရက်မသောက်ဖို့ ပြောရင် အမြဲ ဆင်ခြေကန်တတ်တဲ့ကောင်။ ရိုက်လိုက်ရင် ပိုပြီး အရွဲ့တိုက်တတ်တဲ့ကောင် ခုတော့ ခေါင်းငိုက်စိုက်ကျနေတယ်။ မမလေးလဲ သူ့ယောင်းမသတင်းကို ကြားလို့ အိမ်ကို ရောက်လာတယ်။ ကျွန်တော်တို့ မိသားစုတွေ ဖြစ်ပျက်နေပုံကို နားမလည်လို့ ဟိုမေးဒီမေးနဲ့ မေးတော့ အမေက သူ့အကို ဆူထားလို့လို့ ပြောပြတယ်။ မမအလတ်ရဲ့ သားအငယ်က ကျွန်တော်ပြောပြတာတွေကို မမလေးကို ပြောပြတော့ မမလေးလဲ ငိုဖြစ်သွားတယ်။


တစ်ခုတော့ ကောင်းသွားတယ်။ အခါတိုင်း ဒုတ်နဲ့ ရိုက်လို့ နောင်မကြဉ်တဲ့ကောင်က အခု ကျွန်တော်တို့ရိုက်လိုက်တဲ့ မျက်ရည်က သူ့ကို တော်တော် ထိခိုက်သွားပုံ ရတယ်။ အဲဒီနေ့ကတည်းက အလုပ်ကို ကျိုးကျိုးနွံနွံနဲ့ လုပ်ကိုင်လာတယ်။ သူတို့အတွက် ပေးထားတဲ့ မြေတွေက သူတို့ကို လူတစ်လုံး သူတစ်လုံး ဖြစ်သွားလောက်တဲ့အထိ ပေးထားတာလေ။ သူမကြိုးစားခဲ့လို့ ခုလို ဖြစ်နေတာ။ အခု သူ ကြိုးစားလာတော့ တစ်နှစ်အတွင်းမှာ သိသိသာသာ ချောင်လည်လာပါတယ်။


အခုတော့ ကျွန်တော်လဲ နိုင်ငံခြား ထွက်လာတော့ အမေက သူ့သားငယ်ကို အိမ်မှာပဲ ခေါ်ထားပြီး သည်းသည်းလှုပ်နေလေရဲ့။ ညီလေးကတော့ တစ်ခါတစ်ရံလဲ ပြန်သောက်တယ် ကြားပါတယ်။ ဒါပေမယ့် အရင်လိုတော့ မဟုတ်တော့ဘူး။ ပွဲလမ်းသဘင်ရှိမှ သောက်တယ်လို့ သိရတယ်။



(ကျွန်တော့်ညီလေးလို အိမ်ထောင်တာဝန်မကျေသော ညီငယ်များ ရှိသူတွေအတွက်)

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။