Sunday, July 1, 2012

တေဘုမ္မာ အဓိပ္ပာယ် ရှင်းတမ်း (အပိုင်း-၁)

သီချင်းအမျိုးအစား - ယိုးဒယား

ရေးသားသူ - ကျိုက်လတ် ဦးပြုံးချို


အဓိပ္ပာယ်ဖွင့်ဆိုသူ - ဆန်းစုနိုင်


တေဘုမ္မာ အနိစ္စ ဒုက္ခ အနတ္တ တရားမရလို့ များလှသံသရာ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ အ၀ိဇ္ဇောဃာ မကင်းတာ အရင်းခံ သူတဏှာ။


ဒိဋ္ဌိဥာဏ် ၀င်စား ထင်မှား မြင်ငြားကြတာ လူပဲ နတ်ပဲ မှတ်စွဲလို့သာ မှားချက်အလွန်နာ ငါ့သား ငါ့မယား လင်သားဥစ္စာ ငါ့ကိုယ် ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာ။ ၀ိပဿနာ ၀င်စား ထင်လျား မြင်ငြားကြပါ ဘာမျှ ရှာမရ အသာရကမှန်စွာ အနတ္တလက္ခဏာ ဖြစ်ရင်းတည်ရင်း ပျက်ရင်းချုပ်ခါ ရုပ္ပတိ သညာ ဖောက်ပြန်မဆိတ်စွာ အနိစ္စလက္ခဏာ ရုပ်တရား နာမ်တရားနှစ်ဖြာ အိုနာသေမည် အတည်မကျပါ သင်္ခါရဟာ ဘင်ကာလမကြာ ငါးဖြာဂတိမှာ လေးဘုံအပါယ်ငရဲရွာ အ၀ိဇ္ဇာအကြောင်းကြောင့် သင်္ခါရာ ၀ိညာဏ် နာမ်တရား ရုပ်တရားနှစ်ဖြာ ခြောက်ခုအာရုံ ကာမဂုဏ်ဆန္ဒ ပဋိစ္စသမုပ္ပန် ရှုပ်ပြန် အတွင်းအပ တဏှာ။ ရှက်စရာတွေးတော့ သမုဒယပါ မဂ္ဂဆေးနဲ့ ကုရမှာ လက္ခဏာရေးဖြင့် ရှုကြပါ။
.
**********
ကာမတဏှာ၊ ဘ၀တဏှာဟုခေါ်သော လောဘနှင့် ဒိဋ္ဌိ၊ အ၀ိဇ္ဇာတို့သည် သတ္တ၀ါတို့ကို သံသရာတွင် တလည်လည်မျောနေစေသဖြင့် သမုဒ္ဒရာနှင့် တူ၏။ ထို့ကြောင့် ယင်းတို့ကို သြဃဟု ခေါ်ပါသည်။ ထိုသြဃလေးဖြာ သံသရာသမုဒ္ဒရာတွင် တလည်လည်မျောနေရခြင်း၏ အဓိကတရားခံမှာ တပ်မက်မှု တဏှာကြောင့်ပင် ဖြစ်သည်။

ဆံပင် မွေးညင်း လက်သည်း ခြေသည်း အရေ အကျော အရိုး အသွေး အသားတို့ဖြင့် ဖွဲ့စပ်တည်ဆောက်ထားသည့် ခန္ဓာအိမ်ကြီးကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင် လက်သည်းကလည်း ငါ မဟုတ်၊ သူမဟုတ်။ ခြေသည်းကလည်း ငါမဟုတ်၊ သူမဟုတ်။ ဆံပင် မွေးညင်း အရေ အကြော စသည်များကလည်း ငါမဟုတ်၊ သူမဟုတ်ကြောင်း ထင်ရှားလှပါသည်။ ထိုသို့ ငါမဟုတ် သူမဟုတ်သည်ကို ငါဟုတ်သည် သူဟုတ်သည်ဟု စွဲယူမှတ်မှားနေခြင်းကို သက္ကာယဒိဋ္ဌိဟု ခေါ်သည်။ ထိုသက္ကာယအစွဲကြောင့် ဒါလူပဲ၊ ဒါနတ်ပဲ၊ ဒါ ငါ့သမီး ဒါ ငါ့မယား စသည်ဖြင့် စွဲလန်းမိခြင်းမှာ အင်မတန်မှကို ဆိုးရွားလှပါသည်။ ထိုသက္ကာယဒိဋ္ဌိ အမြင်မှား မှုကြောင့် မာန်မာနများလဲ ထောင်လွှားကြပါသည်။

တကယ့် ၀ိပဿနာဥာဏ်ဖြင့် ကြည့်လျှင် အနှစ်သာရဟူ၍ ဘာတစ်ခုမှ မတွေ့နိုင်ကြောင်း ထင်ရှားလှပါသည်။ ကိုယ်ဖြစ်စေချင်သလိုမဖြစ်ရသဖြင့် အစိုးတရမရှိသည့် မိမိ၏ အနတ္တခန္ဓာကြီးမှာ ဖြစ်ရင်း တည်ရင်း ပျက်ရင်းဖြင့် နောက်ဆုံးတွင် ချုပ်ပျောက်ပျက်စီးသွားရပါသည်။ ဤရုပ်ခန္ဓာကြီးကို အဆပေါင်းများစွာ ချဲ့ထွင်နိုင်သည့် အနုကြည့်မှန်ဘီလူးဖြင့် ကြည့်လျှင် Electron Proton Neutron စသည့် ရုပ်မှုန် ရုပ်မွှားတို့ ကန်ရေပြင်ပေါ် မိုးပေါက်ကျသကဲ့သို့ တဖွဲဖွဲဖြစ်ပျက်နေမှုမှာ ထင်ရှားလှပါသည်။ ဘုရားရှင်က ယင်းကို အနိစ္စဟု ခေါ်သည်။ ထိုသို့ ဖြစ်လိုက် ပျက်လိုက်ဖြင့် မမြဲခြင်းကို ဖောက်ပြန်သည်ဟု ဆိုသည်။ ဖောက်ပြန်ခြင်းကို ပါဠိဘာသာဖြင့် ရုပ္ပတိဟု သုံးနှုန်း၏။ ရုပ္ပတီတိ ရူပံ (ရုပ္ပတိ = ဖောက်ပြန်တတ်၏။ ဣတိ = ဤသို့ ဖောက်ပြန်ခြင်းကြောင့်။ ရူပံ = ရုပ်)ဟု ဖွင့်ဆို၏။

ထိုသို့ ဖောက်ပြန်တတ်သောကြောင့် အသားတစ် အသားစိုင် စသည်များကို ရုပ်ဟု ခေါ်ခြင်းဖြစ်ပါသည်။ အမြဲမပြတ် ဖောက်ပြန်နေမှု ရုပ္ပတိသညာ အနိစ္စလက္ခဏာများနှင့် ဆက်ဆံနေသော ဤရုပ်နာမ်ခန္ဓာကြီးမှာ တချိန်တွင် ဧကန်မုချ အိုရ နာရ သေရဦးမည် မလွဲပါပေ။
ဖောက်ပြန်တတ်မှုကို မမြင်မသိခြင်းကြောင့် သူစွဲ ငါစွဲ စွဲနေကြခြင်းဖြစ်သည်။ ထိုအစွဲအလန်းဖြင့်သာ သေသွားကြလျှင် နတ်၊ လူ၊ ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန် ဟူသော ဂတိငါးမျိုးတွင် ငရဲ ပြိတ္တာ တိရစ္ဆာန်ဟူသော အပါယ်ဂတိသို့သာ ရောက်ပါလိမ့်မည်။

မသိမှု အ၀ိဇ္ဇာကြောင့် တောင့်တမှုဖြင့် ပြုလုပ်ခြင်း ကံသင်္ခါရများ ဖြစ်လာရသည်။ ထို ကံသင်္ခါရကြောင့် ဘ၀ဟု ခေါ်သော ၀ိညာဏ် နာမ်ရုပ်တရားများ ဆက်လက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဖြစ်လာရသည့် ထိုဘ၀တွင်လည်း အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ တွေးစရာကြံစရာဟူသော အာရုံခြောက်ပါးကို တွေ့မြင်ကြပါလိမ့်မည်။

ယင်းတို့တွင် အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော အာရုံများသည် သတ္တ၀ါတို့ကို သာယာဖွယ်ဖြစ်အောင် ဆွဲဆောင်တတ်ကြပါသည်။ ယင်းသို့ ဆွဲဆောင်တတ်သောကြောင့် ထိုအာရုံများကို ကာမဟု ခေါ်သည်။ ထိုဆွဲဆောင်မှုကြောင့် ထိုအာရုံများထဲမှ ရုန်းမထွက်ချင်အောင် နှောင်ဖွဲ့မိတတ်ပြန်သည်။ ထိုသို့ နှောင်ဖွဲ့မိခြင်းကို ဂုဏဟု ခေါ်သည်။ ထိုစွမ်းရည်နှစ်မျိုးပေါင်းလျက် နှစ်သက်စရာ အာရုံမှန်သမျှကို ကာမဂုဏ်ဟု ခေါ်ကြခြင်းဖြစ်သည်။ ထိုကာမဂုဏ်များအပေါ် လိုလားမှု တဏှာဆန္ဒကို ဖြတ်နိုင်မှသာလျှင် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်က ပြတ်နိုင်လိမ့်မည်ဖြစ်သည်။ တကယ်တမ်းတွေးကြည့်လျှင် ဖြစ်မှုပျက်မှု ဒုက္ခသစ္စာကို မမြင်ကြသဖြင့် တွယ်တာမှု သမုဒယ ဖြစ်လာရသည်။ ထို တဏှာသမုဒယကြောင့် ကံသင်္ခါရများ ထပ်လုပ်မိကြပြန်သည်။ ထိုအခါ ဒုက္ခသစ္စာကို ရလာပြန်ပါသည်။ ဒုက္ခကို တကယ်တမ်းမြင်လာလျှင် တွယ်တာမှုများ လျော့ပါးသွားမည်။ တွယ်တာမှုကင်းစွာဖြင့် ပြုလုပ်သော ၀ီရိယကို သမ္မာဝါယာမဟု ခေါ်သည်။ ထိုသမ္မာဝါယာမသည်သာ သံသရာဒုက္ခဆိုးများကို ပျောက်ကင်းအောင် ကုစားပေးနိုင်သည့် မဂ္ဂသစ္စာ ဆေးတော်မြတ်ပင်ဖြစ်ကြောင်း အနိစ္စ ဒုက္ခ အနတ္တဟုဆိုသော လက္ခဏာရေးသုံးပါးဖြင့် ရှုဆင်ခြင်ရမည်ဖြစ်ကြောင်း သတိပေးသည့် တေးစာပိုဒ် ဖြစ်ပါသည်။

.(အမှားအယွင်းရှိလျှင် ပညာရှင်များ ထောက်ပြပြင်ဆင်ပေးစေလိုပါသည်။ ကျွန်တော် ဥာဏ်မီသမျှ ကိုယ်တိုင်ရေးဖြစ်ပါသည်။ အဆင်ပြေသလို ကူးယူမျှဝေနိုင်ပါသည်။ သို့သော် Credit ကိုတော့ ပေးစေလိုပါသည်။ လေးစားစွာဖြင့် (ဆန်းစုနိုင်)
**********

ဝေါဟာရရှင်းလင်းချက်
တေဘုမ္မာ = အပါယ်လေးဘုံ လူ့ဘုံနှင့် နတ်ပြည်ခြောက်ထပ်ပါဝင်သည့် ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံဟု ခေါ်သော ဘုံသုံးပါး။

အနိစ္စ = မမြဲခြင်း

ဒုက္ခ = ဆင်းရဲခြင်း

အနတ္တ = အစိုးမရခြင်း

တဏှာ = တပ်မက်ခြင်း

ဒိဋ္ဌိ = အမြင်အယူ

သက္ကာယ = စွဲလန်းခြင်းဒိဋ္ဌိတစ်မျိုး

အသာရက = အနှစ်သာရမရှိသောအရာ (အ = မရှိ၊ မဟုတ်။ သာရ = အနှစ်သာရ။ က = အရာ)

ရုပ္ပတိ = ဖောက်ပြန်တတ်၏။

ကာမဂုဏ် = သာယာစဖွယ် နှောင်ဖွဲ့တတ်သော အဆင်းမျိုးစုံ အသံမျိုးစုံ အနံ့မျိုးစုံ အရသာမျိုးစုံ အတွေ့အထိမျိုးစုံ

ပဋိစ္စသမုပ္ပန် = ပဋိစ္စသမုပ္ပါဒ = အဖန်ဖန်ဖြစ်ခြင်း။ ဘ၀ခန္ဓာများ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်ခြင်း။
. .
ကိုးကား
ဆရာကြီးဒဂုန်ဦးထွန်းမြင့်၏ ပါဠိသက်ဝေါဟာရ အဘိဓာန်
လယ်တီဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ်ဒီပနီ

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။