Sunday, July 1, 2012

လူရဟန္တာများ (၀ိမုတ္တိရဲ့ အဓိပ္ပာယ်အကျယ် သိလိုသူအတွက်)

`လူဝတ်ဘ၀ဖြင့် ပရိနိဗ္ဗာန်ပြုခြင်း´ ခေါင်းစီးဖြင့် စာရေးမိလေရာ လူဝတ်ဘ၀ဖြင့် ရဟန္တာဖြစ်သူများကလည်း ၀င်လာကြသည်။ ယင်းပုဂ္ဂိုလ်တို့အကြောင်းကို ကျော်ပြီးဖြစ်အောင် လူဝတ်ဘ၀ဖြင့် ပရိနိဗ္ဗာန်ပြုခြင်းဟုပင် ခေါင်းစီးတင်ခြင်း ဖြစ်ပါသည်။ လူဝတ်ဘ၀ဖြင့် ရဟန္တာဖြစ်ပြီး ရဟန်းပြုကာ သာသနာပြုတော်မူပြီးမှ ပရိနိဗ္ဗာန်ပြုသူများကို မဆိုလိုကြောင်း ထင်ရှားစေပြီး ဖြစ်ပါသည်။
သို့သော်လည်း လူဝတ်ဘ၀ဖြင့် ရဟန္တာဖြစ်သူများကိုပါ လေ့လာရသောကြောင့် တွေ့လာရသည့် အချက်အလက်အချို့ကို ရေးချင်လာပါသည်။


`ရဟန်းတို့ တရားခြောက်မျိုးနှင့် ပြည့်စုံသော တပုဿသူကြွယ်သည် မြတ်စွာဘုရား၌ ဆုံးဖြတ်ခြင်းသို့ ရောက်၏။ အမြိုက်နိဗ္ဗာန်ကို မြင်၍ မျက်မှောက်ပြုနေ၏။ ထိုတရားခြောက်မျိုးကား ဘုရား၌ ယုံကြည်မှု၊ တရား၌ ယုံကြည်မှု၊ သံဃာ၌ ယုံကြည်မှု၊ မြတ်သောသီလ ရှိမှု၊ မြတ်သော ဉာဏ်အမြင် ရှိမှုနှင့် မြတ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) တို့ ဖြစ်၏။ (အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ သာမည၀ဂ်၊ တပုဿသုတ်။)


ထို့အတူ ဘာလိက၊ အနာထပိဏ်၊ စိတ္တ၊ အာဠ၀က၊ မဟာနာမ်၊ နကုလပိတာ၊ မေဏ္ဍက စသော အခြား ဥပါသကာ တစ်ဆယ့်ခြောက်ယောက်တို့သည်လည်း အရဟတ္တဖိုလ်၌တည်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုကြကြောင်း ဟောတော်မူ၏။ (အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ သာမည၀ဂ်၊ ဘလ္လိကာဒိသုတ်။)

ဗုဒ္ဓလက်ထက်က သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ယောက်ျား-မိန်းမတို့နှင့် ဗုဒ္ဓကိုယ်တိုင် အသိအမှတ်ပြုသော လူရဟန္တာပုဂ္ဂိုလ် ၁၇-ဦးသည်လည်း မိမိတို့၏ လူမှုကိစ္စ တာဝန်လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေကြမည်ဖြစ်၏။

အထက်ကဖော်ပြခဲ့သော ရုရှားပညာရှင် ဒေါက်တာဆာခရော့(ဖ) ကဲ့သို့ အရိယာဂုဏ်အင်္ဂါနှင့် ပြည့်စုံသောပုဂ္ဂိုလ်များ ကမ္ဘာအရပ်ရပ်၌ ရှိပေလိမ့်မည်´

အထက်ပါ စာတို့ကို ]]ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ}} စာအုပ်၊ စာမျက်နှာ (၂၅၆-၄၁၈) တို့၌ တွေ့ရပါသည်။

ဤစာကိုတွေ့ရသောအခါ အလွန် အံ့သြသွားပါသည်။ အနာထပိဏ်သည် သောတာပန်၊ မဟာနာမ်သည် အနာဂါမ် စသည်ဖြင့် ထင်ရှားကြသည်သာ မဟုတ်ပါလော။ အရဟတ္တဖိုလ်၌ မတည်ကြပေ။

သို့ဖြစ်၍ ၎င်းစာကို မယုံနိုင်ဘဲ ဖြစ်ရပါတော့သည်။ သို့သော်လည်း ကျမ်းညွှန်းပါဠိတော် ကို မကြည့်ဖြစ်သောကြောင့် အမှားဟုလည်း မဆိုဝံ့ပါ။ နောက်တစ်ကြိမ် ဖတ်မိသောအခါ ပါဠိတော်ကို ရှာကြည့်ဖြစ်သွားပါသည်။

အင်္ဂုတ္တိုရ်ပါဠိတော် ဒုတိယတွဲ၊ စာမျက်နှာ (၃၉၂) မှာ တပုဿသုတ္တ၊ ဘလ္လိကာဒိသုတ္တတို့ ရှိကြသည်။

`တပုဿ၊ ဘလ္လိက၊ သုဒတ္တ၊ စိတ္တ၊ ဟတ္ထက၊ မဟာနာမ၊ ဥဂ္ဂ၊ ဥဂ္ဂတ၊ သူရမ္ဗဋ္ဌ၊ ဇီဝက၊ နကုလပိတာ၊ တ၀ကဏ္ဏိက၊ ပူရဏ၊ ဣသိဒတ္တ၊ သန္ဓာန၊ ၀ိစယ၊ ၀ိဇယမာဟိက၊ မေဏ္ဍက၊ ၀ါသေဋ္ဌ၊ အရိဋ္ဌ၊ သာရဂ္ဂ အမည်ရှိ ဥပါသကာ ၂၁-ယောက်တို့သည် (ဗုဒ္ဓေ အဝေစ္စပ္ပသာဒ၊ ဓမ္မေ အဝေစ္စပ္ပသာဒ၊ သံဃေ အဝေစ္စပ္ပသာဒ၊ အရိယသီလ၊ အရိယဉာဏ၊ အရိယ၀ိမုတ္တိ) တရားခြောက်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ မြတ်စွာဘုရား၌ ဆုံးဖြတ်ခြင်းသို့ ရောက်ကြ၏။ နိဗ္ဗာန်ကို မြင်သည်ဖြစ်၍ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ နေကြ၏´ ဟု တွေ့ရပါသည်။

ပါဠိတော်မှာ အရိယ၀ိမုတ္တိဟုသာ ပါသောကြောင့် `အရဟတ္တဖိုလ်၌တည်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုကြကြောင်း ဟောတော်မူ၏´ ဟူသောစကားသည် မှန်သလိုလိုပင် ရှိနေပြန်သည်။

အထက်ပါ ပုဂ္ဂိုလ်များသည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အထိ အသီးသီး ဖြစ်ကြသော်လည်း ရဟန္တာမဖြစ်ကြောင်းကား ထင်ရှားလှပါသည်။ ထို့ကြောင့် အဋ္ဌကထာကိုပါ ဖတ်ရပြန်ပါသည်။

အင်္ဂုတ္တိုရ်အဋ္ဌကထာ တတိယတွဲ၊ စာမျက်နှာ (၁၄၂) မှာ `အရိယသီလအရ အပြစ်ကင်းသော လောကုတ္တရာသီလ၊ အရိယဉာဏအရ ပစ္စဝေက္ခဏဉာဏ်၊ အရိယ၀ိမုတ္တိအရ သေခဖလ၀ိမုတ္တိ´ ဟူ၍ ဖွင့်ပြထားသည်။ ဤအဋ္ဌကထာလာ `သေခဖလ ၀ိမုတ္တိ´ ဟူသော စကားလုံးသည် အလွန် အရေးကြီးပါပေသည်။

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ကို သေခ (သေက္ခ) ဟု ခေါ်သည်။ အရဟတ္တဖိုလ်ဉာဏ်ရှိသူ မြတ်ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အရဟန္တတို့ကို အသေခ (အသေက္ခ) ဟု ခေါ်သည်။

သို့ဖြစ်၍ ပါဠိတော်လာ အရိယ၀ိမုတ္တိဆိုသည်မှာ အရဟတ္တဖိုလ် မဟုတ်။ အောက်ဖိုလ်သုံးပါးတို့သာ ဟူ၍ အမှန်ကို သိရပါသည်။

အထက်ပါ အဋ္ဌကထာကို တွေ့ရတော့မှ သံသယရှင်းသွားပါသည်။ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒကျမ်း၊ စာမျက်နှာ (၂၅၆-၄၁၈) ပါ ဘာသာပြန်စကားထဲက (အရဟတ္တဖိုလ်တို့ ဖြစ်၏။ အရဟတ္တဖိုလ်၌ တည်၍) ဟူသော စကားလုံးများသည် အမှားသန့်သန့်များတည်းဟုလည်း ဆုံးဖြတ်ချက်ချနိုင်ခြင်း ဖြစ်လာပါသည်။
ပါဠိတော်ကို ဘာသာပြန်သည်ဟု ဆိုကာ ကျမ်းညွှန်းပြထားသော်လည်း တတ်ကျွမ်းသူပြန်သော်သာ မှန်ရာပေလိမ့်မည်။ အရိယ၀ိမုတ္တိသည် သေခ၀ိမုတ္တိ၊ အသေခ၀ိမုတ္တိဟု နှစ်မျိုးရှိသည်။ ထိုနှစ်မျိုး၌လည်း သေခ၀ိမုတ္တိ (၁၄) ပါး၊ အသေခ၀ိမုတ္တိ (၂) ပါးဟု ကွဲပြားပါသည်။ သို့သော် မြန်မာဗုဒ္ဓဘာသာဝင် ပညာရှင်အချို့သည် ၀ိမုတ္တိဟု မြင်ရလျှင် နိဗ္ဗာန်၊ သို့မဟုတ် အရဟတ္တဖိုလ်ဟုချည်း အနက်ထင်နေတတ်ကြပါသည်။

သောတာပတ္တိ မဂ်ဉာဏ်သည်လည်း ၀ိမုတ္တိ၊ ၎င်းင်း၏အာရုံဖြစ်သော နိဗ္ဗာန်သည်လည်း ၀ိမုတ္တိ၊ သောတာပတ္တိဖိုလ်ဉာဏ်သည်လည်း ၀ိမုတ္တိ၊ ၎င်း၏အာရုံဖြစ်သော နိဗ္ဗာန်သည်လည်း ၀ိမုတ္တိ (သကဒါဂါမိ မဂ် ဖိုလ် နိဗ္ဗာန်-၀ိမုတ္တိလေးပါး၊ အနာဂါမိ မဂ် ဖိုလ် နိဗ္ဗာန်-၀ိမုတ္တိလေးပါး) တို့ကိုမူ သတိမပြုမိတတ်ကြပေ။

ဤ၀ိမုတ္တိ (၁၂) ပါးတို့တွင် မဂ်ဉာဏ်သုံးပါးတို့ကို သေခမဂ္ဂ၀ိမုတ္တိ၊ ဖိုလ်ဉာဏ်သုံးပါးတို့ကို သေခဖလ၀ိမုတ္တိဟု ခေါ်သည်။ ၎င်းမဂ်ဖိုလ်ခြောက်ပါးတို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို သေခ၀ိမုတ္တိဟု ခေါ်ပါသည်။

အင်္ဂုတ္တိုရ်ပါဠိတော်လာ တပုဿသုတ္တ၊ ဘလ္လိကာဒိသုတ္တတို့မှာ ယူရမည့် ၀ိမုတ္တိဟူသည်ကား အဋ္ဌကထာလာသည့်အတိုင်း သေခဖလ၀ိမုတ္တိသာ ဖြစ်ပါသည်။ (သေက္ခ-သေခ။ နှစ်ပုဒ်စလုံး အမှန်။ အနက်တူ။)

ဆိုလိုသည်မှာ `တပုဿ၊ ဘလ္လိက စသော အရိယာတို့သည် မိမိတို့ ရရှိထားသည့် ဖိုလ်၌တည်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုကာ နေကြ၏´ ဟူ၍ ဖြစ်ပါသည်။

တစ်ဖန် အရဟတ္တမဂ်ဉာဏ်သည်လည်း ၀ိမုတ္တိ၊ ၎င်း၏အာရုံဖြစ်သော နိဗ္ဗာန်သည်လည်း ၀ိမုတ္တိ။ ဤ၀ိမုတ္တိနှစ်ပါးသည်လည်း သေခ၀ိမုတ္တိသာတည်း။ ထို့ပြင် အရဟတ္တဖိုလ်ဉာဏ်သည်လည်း ၀ိမုတ္တိ၊ ၎င်းင်း၏အာရုံဖြစ်သော နိဗ္ဗာန်သည်လည်း ၀ိမုတ္တိပင် ဖြစ်ပါသည်။ ဤ၀ိမုတ္တိနှစ်ပါးကို အသေခ၀ိမုတ္တိဟု ခေါ်ပါသည်။

ဗုဒ္ဓဘာသာဝင်အချို့သည် ၀ိမုတ္တိဟုဆိုလျှင် ဤ၀ိမုတ္တိ (အထွတ်အထိပ်) ကိုသာ သိကြ မြင်ကြပါသည်။ ထို့ကြောင့် မဆင်ခြင်ဘဲ ဘာသာပြန်မိကြရှာပေသည်။

အဓိပ္ပာယ် ထွက်လာသည်မှာ `သောတာပန်ဖြစ်သော တပုဿ၊ အနာထပိဏ် စသော အောက်ဖလဋ္ဌာန် အရိယာတို့သည် (အရဟတ္တဖိုလ်၌ တည်၍) နိဗ္ဗာန်ကိုအာရုံပြု၍ နေကြ၏´ ဟု ဖြစ်လာရပေတော့သည်။ မှားလှပေစွ။

ဤသို့သောအမှားကြီးကို တွေ့ရသောအခါ စာရေးရလျှင် ကောင်းမည်လောဟု ဆင်ခြင်မိပါသည်။ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းဆရာသည် တပုဿသုတ္တ၊ ဘလ္လိကာဒိသုတ္တတို့မှာ ကိုယ်တိုင်ပင် ဘာသာပြန်ခြင်းလေလော-ဟုလည်း စူးစမ်းလိုစိတ် ပေါ်လာပြန်ပါသည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဒုတိယတွဲ၊ စာမျက်နှာ(၄၉၆) ကို ကြည့်မိပါသည်။

`ရဟန်းတို့ (ပ) မြတ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) တို့တည်း´ ဟု တွေ့ရပါသည်။

သြော်...ပိဋကတ်ဘာသာပြန်ဆရာကြီးများလည်း အဋ္ဌကထာကို မကြည့်ဘဲ ပြန်ထားကြပါသလား-ဟူ၍။
အထက်ပါ ဘာသာပြန်ကို တွေ့ရသောအခါ အလွန် အံ့အားသင့်ရပါတော့သည်။ စိတ်ထိခိုက်ခြင်းလည်း အကြီးအကျယ် ဖြစ်ရပါတော့သည်။

`ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းကြီးအတွက် သက်သေခံ ဖြစ်နေရှာပြီဟူ၍...။ မှန်၏။ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒကျမ်းကြီးသည် ဤကဲ့သို့သော အမှားများကို ကမ္ဘာပတ်ပြီး ရှာသည်။ တွေ့ပြီဆိုလျှင် အမှန်ဟုယူသည်။ ထို့နောက်...

ထေရ၀ါဒ ပိဋကတ်သုံးပုံလာ တရားတို့ကို ပါဠိတော်ရော အဋ္ဌကထာတွေ ဋီကာတွေပါ ဖျက်ဆီးပါတော့သည်။ ဥပမာပြပါအံ့။

သိက္ခာပုဒ် ၂၂၇-ခု ဖြစ်လာခြင်းမှာ သေခိယသိက္ခာပုဒ်များ ပေါင်းထည့်ထားခြင်း ကြောင့် ဖြစ်ဟန်ရှိ၏။ ပါဠိပါတိမောက်ကို တရုတ်-တိဗက် ပါတိမောက်များနှင့် နှိုင်းယှဉ်လေ့လာသော ပညာရှင်တို့က `သေခိယများသည် မူလက မပါဝင်ဘဲ နောက်မှ ထည့်သွင်းထားသော သိက္ခာပုဒ်များ ဖြစ်သည်´ ဟု ယူဆကြ၏။ (ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ၊ စာ-၃၀၅။)

အနောက်တိုင်း ပါဠိပညာရှင်တို့၏ အမြင်အားဖြင့် `အဘိဓမ္မာသည် နောက်မှ ပေါ်ပေါက်လာသော ပိဋကတ်အစွယ်အပွား ဖြစ်၍ သုတ္တန္တပိဋကထက် ပိုမိုထူးခြားနက်နဲသည် မဟုတ်ချေ။´(ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ၊ စာ-၂၀။)

ဤနမူနာနှစ်ခုမျှဖြင့်ပင် လုံလောက်ပါသည်။ သေခိယ သိက္ခာပုဒ်များကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ပညတ်ကြောင်း ၀ိနည်းအဋ္ဌကထာများမှာ သေချာလာပါသည်။ အဘိဓမ္မာကို မြတ်ဗုဒ္ဓဟောကြောင်းလည်း တရားတော်ပမာဏကပင် သက်သေခံပါပြီ။ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ဆရာသည် ကမ္ဘာပတ်၍ အမှားရှာပြီးလျှင် ၎င်းအမှားကိုပင် အမှန်ထင်အောင် ရေးလေ့ရှိကြောင်း တွေ့ရပါသည်။

`ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းပြုဆရာသည် အင်္ဂုတ္တိုရ်မြန်မာပြန်၏ အမှားကို ကျောထောက်နောက်ခံထားပြီး လူရဟန္တာ များစွာရှိကြောင်း ရေးရုံမျှမကသေးဘဲ ကမ္ဘာအရပ်ရပ်မှာ ဒေါက်တာဆာခရော့(ဖ) ကဲ့သို့သော အရိယာများ ရှိနေဦးမည်ဟုပင် ဆိုပါပေသည်။ ဗုဒ္ဓသာသနာတော်၏ အမှန်တရားကို ဂုဏ်ဖျက်သည့် စကားပေတည်း။

မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်တို့သည် အရိယာတရား လောကုတ္တရာတရား ဖြစ်ကြသည်။ ဤတရားတို့သည် ဗုဒ္ဓသာဝက-ဗုဒ္ဓဘာသာဝင်မှ တစ်ပါးသောသူတို့၌ လုံးဝမဖြစ်ကြချေ။ မှန်၏။ ထိုထိုပုဂ္ဂိုလ်တို့မှာ မဂ္ဂင်ရှစ်ပါးခေါ် မဇ္ဈိမပဋိပဒါ မရှိကြချေ။ မဂ္ဂင်မရှိလျှင် လောကုတ္တရာ မရှိ။ အရိယာမဖြစ်ကောင်း။

ထို့ကြောင့် သုတ်မဟာဝါပါဠိတော် (စာ-၁၂၅) ရှိ ဆပါဒယုတ္တ ဂါထာအဆုံး၌ -

`ဣတော ဗဟိဒ္ဓါ သမဏောပိ နတ္ထိ´ ဟု လာရှိ၍ ၎င်းအဋ္ဌကထာ (စာ-၁၈၁) ၌ -

`ငါဘုရား၏ သာသနာတော်မှ ပြင်ပ၌ ၀ိပဿကရဟန်းလည်း မရှိ၍ သောတာပန်ရဟန်းလည်း မရှိ။ (ရဟန္တာလည်း မရှိ) ဟူ၍ ဆိုလိုသည်´ ဟု ဖွင့်ပြထားပါသည်။

ဓမ္မပဒပါဠိတော်၊ မလ၀ဂ်မှာလည်း -

`အာကာသေ၀ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ´ ဟူ၍ လာရှိပါသည်။

`ကောင်းကင်၌ ခြေရာသည် မရှိသကဲ့သို့ ဤသာသနာတော်မှ အပ ဖြစ်သော ဘာသာတရားဟူသမျှတို့၌ ကိလေသာတို့ကို ငြိမ်အေးစေတတ်-အရိယာပုဂ္ဂိုလ်ဖြစ်အောင် ပြုပေးတတ်သောတရားသည် မရှိ´ ဟု ဆိုလိုပါသည်။ (သုဘဒ္ဒပရိဗ္ဗာဇက၀တ္ထု၊ စာ-၅၀)

သို့ဖြစ်၍ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းလာ - (၁) တပုဿ စသော အရိယာတို့သည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာဖြစ်၍ လူရဟန္တာပုဂ္ဂိုလ်ဟူသော စကားတစ်ရပ်၊ (၂) ဗုဒ္ဓကိုယ်တော်တိုင် အသိအမှတ်ပြုသော လူရဟန္တာပုဂ္ဂိုလ် ၁၇-ဦး ဟူသော စကားတစ်ရပ်၊ (၃) ရုရှားပညာရှင်၊ အိန္ဒိယ၀န်ကြီးချုပ် စသူများလည်း အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏ဟူသော စကားတစ်ရပ်၊ (၄) ကမ္ဘာအရပ်ရပ်တွင်ရှိသည့် ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ (ဗုဒ္ဓ၏ တရားကို နာကြားခွင့်၊ သင်ယူခွင့်၊ လိုက်နာခွင့်၊ ကျင့်သုံးခွင့်မရဘဲ) အရိယာဖြစ်သူများ ရှိနိုင်ကြောင်း စကားတစ်ရပ်-တို့ကို အမှားဟု မှတ်အပ်ပေသည်။

ဤကဲ့သို့သော အမှားများသည် ပြုပြင်ရန်လိုအပ်သည့် အမှားများ ဖြစ်ကြပါသည်။ သာမညအမှားကလေးပါဟု လျစ်လျူရှုထားရမည့် အမှားများ မဟုတ်၍ အချိန်မီပြုပြင်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။
၎င်းကျမ်းကြီးထဲမှာ ဗုဒ္ဓသာသနာတော်နှင့် ထေရ၀ါဒ ပိဋကတ်တို့ကို အသရေမဲ့အောင် ပြုမူထားသည့် အရေးအသားများ ပါရှိနေပေရာ သာသနာတော်ကိုကြည်ညိုသော ပညာရှင်ဆရာတော်များအနေဖြင့် ခွဲခြားဝေဖန်ပြကြပါမူ ကောင်းလေစွ...။

ဓမ္မေ ဟောန္တု သဂါရ၀ါ။
သာသနေ ဟောန္တု သဂါရ၀ါ။
၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ၊ ဓမ္မရတနာမဂ္ဂဇင်း
-----------------------------------------------------------------------------
ဆောင်းပါးရှင်ဆရာတော် မစိုးရိမ်စာသင်သားရဲ့ ဆိုက်ကနေ ကူးလာပါတယ်
http://www.masoeyeinsarthinthar.com/2010/08/blog-post_03.html

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။