Sunday, July 1, 2012

လွမ်းခြင်းသက်သေဂျူလိုင်မျက်ရည်

ဇူလိုင်ဆယ့်ကိုး ၊ ဘ၀င်ညှိုးသည်
ကြမ္မာဆိုးနှင့်ကြုံသည့်နေ့ ...။

စနေမိုးလည်း ၊ စောကတည်းက
ရင်ထည်းသောက ၊ ဖြေမရ၍
သဲသဲမည်းမည်း ငိုနေချိန် ...။

အောင်ဆန်းစသား ၊ ခေါင်းဆောင်များတို့
မိုးတအေးအေး ၊ ချွေးတစိုစို
မခိုမနား ၊ အမျိုးသားတွက်
အားသွန်းကြိုးပမ်းလုပ်နေချိန် ...။

စပတ်လမ်းမှ ၊ အကြမ်းမောင်းဝင်
သေမင်းငင်တို့ ၊ မဆင်မခြင်
လူမိုက်ဥာဉ်ဖြင့် ၊ မြင်မြင်သမျှ
သူ့ပြောင်းဝဖြင့် ၊ ကျနထိုးချိန်
ဇီဝိန်ခြွေခွင်း ၊ ရိုက်ချက်ပြင်းသည်
တွင်းထဲတိုင်းပြည်ရောက်လုချိန် ...။
ဆယ့်သုံးချက်တိ ၊ ရင်ကိုထိ၍
တိုင်းပြည်မှန်ကင်း ၊ သွေးအိုင်တွင်းဝယ်
စင်းစင်းလဲကျရှာလေပြီ...။
တောင်တန်းပြည်မ ၊ ညီမျှတူတူ
ကြည်ဖြူငြိမ်းချမ်း ၊ လွတ်လတ်လမ်းကို
ကြိုးပမ်းဖောက်ရင်း ၊ သွေးအိုင်တွင်းဝယ်
စင်းစင်းလဲကာ ၊ နှုတ်ဆက်ရှာပြီ
ဇာနည်သွေးတို့ လျှံထွက်ပြီ ...။
ကိုယ့်မြေကိုယ့်ရေ ၊ ကိုယ်ပိုင်စေဖို့
ကိုယ့်အချုပ်ချာ ၊ ကိုယ်သာကိုင်ဖို့
ကိုယ့်ဥပဒေ ၊ ကိုယ်သာစေဖို့
မနေမနား ၊ စွန့်စားကြံဆောင်
ထမ်းဆောင်ရှာရင်း ၊ သွေးအိုင်တွင်းဝယ်
စင်းစင်းလဲကျရှာလေပြီ ...။
တပါးကျွန်ဖြစ် ၊ ညွန်တွင်းနစ်သည့်
ဒို့ဘိုးဘွားအမွေ ၊ ဒို့တိုင်းပြေကို
သူလေကယ်ရင်း ၊ မိုက်တသင်းကြောင့်
ငယ်သွေးကြွဆဲ ၊ နုပျိုဆဲမှာ
နစ်ရရှာသည်
သွေးအိုင်ညွှန်တွင်း သူသက်ဆင်း ...။
ပြည်ကိုလဲချစ် ၊ ပြည်ကချစ်လို့
နှစ်ခြောက်ဆယ်ကျော် ၊ ကြာခဲ့သော်လည်း
ဇူလိုင်ဆယ့်ကိုး ၊ ထိုနေ့ဆိုးကို
မရိုးတဲ့နှလုံး ၊ မပြုံးဘ၀င်
မရွှင်နှလုံး ၊ ကြိမ်မီးအုံးသို့
ပြည်လုံးလှိုင်လှိုင် ၊ မျက်ရည်ဖြိုင်သည်
ဇူလိုင်ဆယ့်ကိုး သောကမိုး ...။

။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ချစ်သူမြို့တော် ကဗျာပြိုင်ပွဲတွင် ဆုရကဗျာ

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။