Sunday, July 1, 2012

မောင်းထောင်ကလဲ မောင်းထောင် တောင်ငူကလဲ တောင်ငူ

“မောင်းထောင်ကလဲ မောင်းထောင်၊ တောင်ငူကလဲ တောင်ငူ”

ဆိုပြီး ပြောရိုးစဉ်လာရှိတာ အားလုံးသိပါတယ်။ ဒီစကားက သမိုင်းအဖြစ်အပျက်ကလေးကနေ “ဆိုရိုးစကား” ဖြစ်လာတာပါ။

ဘိုးတော်ဘုရားလက်ထက် ..... သာသနာပိုင်က “မောင်းထောင်ဆရာတော်”ဗျ။ သာသနာပိုင်ဆရာတော်က နေပြည်တော်အတွင်းမှာ နေတဲ့ သံဃာတွေကို ၀ိနည်းပြန်ခိုင်းတယ်။ အဲဒီမှာ ဘိုးတော်မင်းရဲ့ သားကြီး တောင်ငူမင်းသားကိုးကွယ်တဲ့ ဆရာတော်က သက်တော်ကလဲ ကြီးတော့ အသုံးနဲတဲ့ ၀ိနည်းစာကို မပြန်နိုင်ဖြစ်နေတာပေါ့။ အထစ်ထစ်အငေါ့ငေါ့နဲ့ဆိုတော့ သာသနာပိုင်က အဲဒီဆရာတော်ကို သဲထမ်းခိုင်းပြီး ဒဏ်ပေးသတဲ့။ တောင်ငူမင်းသားက သူ့ဆရာ ဒဏ်ပေးခံရတော့ သိပ်မကျေနပ်ဘူး။ ဒဏ်ထမ်းပြီးတော့လဲ ထပ်ပြန်ခိုင်းပြန်သတဲ့။ အဲဒီအခါမှာလဲ ထစ်ငေါ့နေသေးလို့ ထပ်ပြီး ဒဏ်ထမ်းခိုင်းပြန်ပါတယ်။

ဒီအခါ မင်းသားက ရက်နည်းနည်းပေးပြီး ကျက်ခိုင်းဖို့ သာသနာပိုင်ကို လျှောက်တယ်။ နားမထောင်ဘူး။ စာပဲ ပြန်ခိုင်းနေတယ်။ မင်းသားကလဲ အတင်း ထပ်လျှောက်တာပေါ့။ နောက်တော့ သာသနာပိုင်ဆရာတော်က စိတ်တိုပြီး ကွမ်းအစ်နဲ့ ကောက်ပေါက်လိုက်တယ်။ မင်းသားကလဲ ကွမ်းအစ်ကို ယူပြီး ပြန်ပေါက်တယ်တဲ့။ အဲဒီအခါ သာသနာပိုင်က သူ့ကို ကွမ်းအစ်နဲ့ ပေါက်ရမလားဆိုပြီး နပမ်းထလုံးတာ မင်းသားနဲ့ သာသနာပိုင် ထွေးကုန်ရောတဲ့ဗျာ။ အနားက မင်းချင်းတွေကလဲ မဆွဲရဲတော့ နန်းတော်ပြေးပြီး မဟာဒါန်ဝန်ကို ခေါ်ရတယ်။ မဟာဒါန်ဝန်လာမှပဲ ဖြန်ဖြေလိုက်ရတယ်တဲ့။

အကြောင်းစုံကို ဘိုးတော်ဘုရားက သိတော့

““အင်း ...... မောင်းထောင်ကလဲ မောင်းထောင်ပဲ၊ တောင်ငူကလဲ တောင်ငူပဲ””

လို့ ပြောလိုက်သတဲ့။ ဒါပေမယ့် သာသနာပိုင်ဆရာတော်ကို ပြန်တောင်းပန်ခိုင်းဖို့ မင်းသားကို သူ မပြောချင်ဘူး။ ဖအေနဲ့ သားဆိုတော့ ဟိုက နားမထောင်ရင် ဘုရင်သိက္ခာကျမှာကိုး။ ဒါနဲ့ ရန်ကုန်ဝန်ကြီးဖြစ်တဲ့ ဦးကျော်ရွေးကို လှမ်းခေါ်ရတယ်။ ဦးကျော်ရွေးကို ဘိုးတော်ဘုရားရဲ့ သားသမီးတွေက အကိုကြီးသဖွယ် ချစ်ကြောက်ရိုသေကြတယ်။ ငယ်ကြောက်ပေါ့။ ဘိုးတော်ဘုရားတို့ အိမ်နိမ့်စံတုန်းက ဦးကျော်ရွေး၊ ဦးပေါ်ဦး၊ ဦးမြတ်စံတို့က သားကြီးသမီးကြီးတွေသဖွယ် လုပ်ကိုင်ကျွေးမွေးကြရတာလေ။

ရန်ကုန်ကနေ ဦးကျော်ရွေးလာပြီး တောင်းပန်ခိုင်းတော့ တောင်ငူမင်းသားကလဲ နန်းတော်ကို ဆွမ်းပင့်ကပ်ပြီး တောင်းပန်လိုက်ပါတယ်။

ကိုးကား = မှော်ပီဆရာသိန်း ရဲ့ ပါးစပ်ရာဇ၀င် စာအုပ်မှ-

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။