Sunday, July 1, 2012

ပန်းပေးတယ်

မြန်မာစကားမှာ ``ပန်းပေးတယ်´´ဆိုတာ ဓလေ့သုံးစကားအဖြစ်နဲ့ မြန်မာပြည်တနံတလျား အသုံးတွင်ကျယ်ပါတယ်။ ပန်းပေးတာဆိုတာ ဘာလဲလို့ မေးရင် အရှုံးပေးတယ်လို့ အားလုံး သိကြပြီးသားဖြစ်ပါတယ်။ ပန်းပေးတာကို ဘာဖြစ်လို့ အရှုံးပေးတာလဲလို့ သုံးကြသလဲ ဆိုရင်တော့ သိတဲ့လူလဲ ရှိသလို မသိတဲ့လူတွေလဲ ရှိကြပါတယ်။

ဒီစကားဟာ ရှေးအခါက မြန်မာ့ကျေးလက်တွေရဲ့ ကာလသား ကာလသမီးတွေဆီကနေ ဖြစ်တည်လာတဲ့ စကားပဲဖြစ်ပါတယ်။ ရှေးအခါက မြန်မာ့ကျေးလက်တွေမှာ မိန်းမပျိုကလေးတွေဟာ နေ့ခင်းဘက် အခြားလုပ်စရာအလုပ်တွေ လုပ်ကိုင်ပြီးရင် ညဘက် လသာသာနဲ့ အိမ်ရှေ့မှာ ဗိုင်းငင်ကြပါတယ်။ အဲဒီအတွက် အိမ်ရှေ့မှာ ကနားဖျဉ်းလို အဆောင်ပိုလေး ထုတ်ထားလေ့ ရှိပါတယ်။ အဲဒီကနားဖျဉ်းမှာ ဆေးရိုး ဆေးဖက် ကွမ်းအစ်တို့ကို အပြည့်အစုံ ထားထားလေ့ ရှိပါတယ်။ ပြီးတော့ သနပ်ခါးတုံးနဲ့ ကျောက်ပြင်ကိုလဲ ထားထားပါတယ်။ ဘာအတွက်လဲဆိုတော့ ညအခါ မိန်းကလေးတွေ ဗိုင်းငင်ရာကို ကာလသားတွေက လာရောက်လူပျိုလှည့်လေ့ရှိကြလို့ပါပဲ။

အမှန်ကတော့ မိန်းကလေးကလဲ ဗိုင်းငင်တာအကြောင်းပြပြီး ချစ်သူမျှော်တာပဲဖြစ်ပါတယ်။ လူပျိုလေးတွေကလဲ အလည်လာရင်း ချစ်သူကို လာရောက်တွေ့ဆုံကြ၊ ချစ်သူမဖြစ်ကြသေးရင်လဲ ပိုးပန်းကြတာပါ။ အပျိုလူပျို ချစ်ရေးကြိုက်ရေးမှာ လူကြီးမိဘတွေ ရှေ့မှာတင် ယဉ်ကျေးစွာ ရွေးချယ်ကြတဲ့သဘောပါ။ မိဘကွယ်ရာမှာ ချိန်းချင်ရာ ချိန်းတွေ့တာထက် ဒီလို မိဘရှေ့မှာ တွေ့ကြတာက အန္တရာယ်ကင်းတဲ့ ဓလေ့လေးပါပဲ။

အဲဒီလို လာလည်ကြတဲ့အခါ ယောက်ျားလေးတွေက ပန်းပွင့်လေးတွေကို ခူးလာပြီး ခါးပိုက်ထဲ ထည့်ယူလာကြပါတယ်။ ရောက်တဲ့အခါ ဆေးရိုးဆေးရွက်တွေနဲ့ ဆေးလိပ်လိပ်ပြီး မိန်းကလေးက ဧည့်ခံပါတယ်။ ပြီးတော့ စကားထာတွေ ၀ှက်ကြပါတယ်။ ခေါင်းခုကို ``သွားတော့ခွေခွေ၊ နေတော့စင်းစင်း´´၊ အပ်ကို ``နတ်သမီးအိမ်တိုင် ပိုးမဖောက်နိုင်´´၊ ကျောက်ပြင်ကို ``ရေလယ်ခေါင် သောင်ထွန်း နတ်သမီးနေတဲ့ကျွန်း´´ အစရှိတဲ့ အလွယ်ဆုံး စကားလိမ်လေးတွေကစလို့ ဥာဏ်ရည်ဥာဏ်သွေး စမ်းသပ်ကြပါတယ်။ အသက်မေးလို့ ဖြေတဲ့အခါမှာတောင် ၁၆-နှစ်ရှိပါပြီလို့ ရိုးရိုးတန်းတန်းမဖြေဘဲ

``အတောင်တစ်ရာ ရှိတဲ့မြွေ တွင်းဝမှာခွေ တစ်နေ့လက်နှစ်သစ် ကျွန်မသက္ကရာဇ်´´ရယ်လို့ စကားလိမ်လေးနဲ့ ဖြေလေ့ ရှိကြပါတယ်။ ယောက်ျားလေးတွေက လွယ်တာကို ရွေးပြီး ၀ှက်တတ်ကြပေမယ့် မိန်းကလေးတွေက ခက်တာတွေကို ၀ှက်ကြပါတယ်။ အဲဒီလို မိန်းကလေးက မေးလို့ မဖြေနိုင်ဘူးဆိုရင် မသိပါဘူး မဖြေနိုင်ပါဘူးလို့ မပြောကြပါဘူး။ သိက္ခာကျလို့ပါ။ အဲဒီလို မဖြေနိုင်ရင် ခါးပိုက်ထဲမှာ ထည့်လာတဲ့ ပန်းပွင့်ကလေးကို ထုတ်ပေးကြပါတယ်။ ဒါဟာ အရှုံးပေးတဲ့သဘောပါ။ မိန်းကလေးက အဲဒီပန်းပွင့်ကလေးကိုယူပြီး အဖြေမှန်ကို ပြောပြရပါတယ်။ အချို့ ယောက်ျားလေးတွေကတော့ ဖြေနိုင်ပါလျက် သက်သက် ပန်းပေးချင်လို့ မဖြေကြတာလဲ ရှိပါသတဲ့။ အဲဒီကနေ စပြီး အရှုံးပေးတာကို ပန်းပေးတယ်လို့ ဓလေ့သုံးစကားအနေနဲ့ တွင်ကျယ်စွာ သုံးစွဲလာခဲ့ကြတာဖြစ်ပါတယ်။

ဒီလိုနဲ့ မိန်းကလေးဟာလဲ သူ့ချစ်ရမယ့်သူကို သူ့စိတ်ကြိုက် ဥာဏ်ရည်စမ်းသပ်ခြင်း၊ သူ့အပေါ် အလိုလိုက်အကြိုက်ဆောင်ပေးနိုင်မှု၊ အနွံတာ ခံနိုင်မှုတို့ကို စမ်းသပ်ခြင်းတို့လုပ်ပြီး စိစစ်ရွေးချယ်ပါတယ်။ စိတ်တိုင်းကျလို့ ချစ်သူအဖြစ် လက်ခံပြီဆိုရင် အသင့်တင်ထားတဲ့ ကျောက်ပြင်ပေါ်မှာ သနပ်ခါးသွေးပေးပါတယ်။ အဲဒါဆိုရင် ယောက်ျားလေးကလဲ သူ့ကို မိန်းကလေးက လက်ခံပြီဆိုတဲ့အသိနဲ့ မိန်းကလေး သွေးပေးတဲ့ သနပ်ခါးကို ၀မ်းသာအားရ လိမ်းပါတော့တယ်။

ကျွန်တော်ငယ်ငယ်က အဖွားနဲ့ နေရပါတယ်။ ကလေးသဘာဝ မသိတဲ့ နားမလည်တဲ့ စကားလုံးတွေကို မေးရင်းစမ်းရင်း အဖွားကလဲ သူ့အဖေ ကျောင်းဆရာကြီး စုဆောင်းထားတဲ့ စာအုပ်တွေ ဖတ်ရင်း တတ်သမျှ မှတ်သမျှ ပြန်ရှင်းပြတတ်ပါတယ်။ အဲဒီကနေ မှတ်မိတာလေးတွေကို ပြန်လည်တင်ပြခြင်းသာ ဖြစ်ပါတယ်။ အရွယ်ရောက်လို့ အဖွားရဲ့ စာအုပ်ဗီရိုကို ဖွင့်မွှေတဲ့အခါ စစ်ကိုင်းဦးဘိုးသင်းရေးတဲ့ စာအုပ်တစ်အုပ်မှာ အဲဒီအကြောင်းတွေကို တွေ့ပါတယ်။

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။