Sunday, July 1, 2012

ဖော်အဲဗားရဲ့ ကျေးလက်သင်္ကြန်

ညက ချက်ရွန်းမှာ ဘယ်ကမှန်းမသိတဲ့ သူငယ်ချင်းတွေနဲ့ အပျော်လွန် အစလွန်သွားလို့ နေမြင့်မှ အိပ်ယာကနိုးသည်။ အိပ်ရေးမ၀တာရော စားထားတဲ့ ဆေးအရှိန်ကြောင့်ရော သွားတိုက် ရေချိုးလိုက်သော်လဲ နုန်းခွေနေသည်။ အော် အလုပ်ခွင် ၀င်ရအုံးမှာပါလား။ နံရံပေါ်က နာရီကို ကြည့်လိုက်တော့ ၈ နာရီခွဲ။ တဆက်တည်း ပြက္ခဒိန်ပေါ် မျက်စိက ရောက်သွားသည်။ အလို သင်္ကြန်တောင် နီးနေပါပေါ့လားဟု မဆီမဆိုင် တွေးမိသည်။ သင်္ကြန်နှင့် ဝေးခဲ့ရသည်ပင် ဆယ်စုနှစ်တစ်ခုနား ကပ်လာပါပကော။

တချိန်တုန်းကတော့ ကိုယ်လဲ ပျော်ခဲ့ရသည်ပင်။ သို့သော် ပျော်ခဲ့ရသည် ထိုသင်္ကြန် ... ဤသင်္ကြန် ... အနှီသင်္ကြန်ဟာ ကိုယ့်အတွက်တော့ ဝေးလေကောင်းလေလို့ပင် ပြောရလေမလားမသိ။ တချိန်တုန်းကတော့ ကိုယ်လည်းပဲ ......


ရွာလယ်မှာ အားလုံး တရွရွဖြစ်နေသည်ကို သူ အဝေးကတည်းက လှမ်းမြင်နေရသည်။ မလှမ်းမကမ်းကတည်းက ပိတောက်လက်ဆောင်ဆိုတဲ့ တေးသံက ခြေလှမ်းကို ပို၍သွက်စေသည်။ သင်္ကြန်သီချင်းတွေထဲမှာ မိမိနှင့် ရုပ်ရောအသံပါ တူသည့် ဂရေဟမ်ရဲ့ ပိတောက်လက်ဆောင်သီချင်းကို အကြိုက်ဆုံး ... :P ။

ပိတောက်လက်ဆောင်ကို နားထောင်ရင်း ခပ်သွက်သွက်လျှောက်လာတော့

``ဘိုဆန်း စောစောလာပါဆို နောက်ကျလှချည်လား ... ´´

ဟု အမွှေတော်လေးက လှမ်းပက်သည်။

``ဟုတ်ပ ... လူကြီးဖြစ်ပြီး သူများတွေလုပ်ပြီးမှ လာနှမ်းဖြူးဦးမယ်´´

ဟု နဂိုထဲက ငြိုးနေသော ကောင်းလေးက စူစူဆောင့်ဆောင့်ဖြင့် ၀င်ခွပ်ပြန်သည်။ ညီသုတ(ပြည်)က ရေတိုင်ကီကြီးကို သူ့ဗလကြီးဖြင့် ထမ်းလာပြီး မဏ္ဍပ်အ၀တွင် ချနေသည်။ မင်းသစ်ကလည်း ညီသုတနောက်မှ ထက်ချပ်မကွာ ပါလာရင်း တိုင်ကီထဲ ရေဖြည့်နေရင် လှမ်းပြုံးပြသဖြင့် ဗိုလ်ကြီး အဆင်ပြေရဲ့လားဟု နှုတ်ဆက်လိုက်သည်။

မုတ်သုံနှင့် နှိုင်းမရက နောက်ကနေ ခါးလာတို့ပြီး

``ဘိုဆန်း ငါးထောင်ပေး´´ဟု လာတောင်းသည်။

``ဟေ့ကောင်တွေ ဟိုနေ့က တစ်အိမ်ငါးထောင်ခွဲလို့ ငါထည့်လိုက်ပြီးပြီလေ´´

ဆိုတော့

``အဲဒီငါးထောင်က အလှူလုပ်ဖို့ ငါးထောင် ဒါနဲ့မဆိုင်ဘူး။ ဒီငါးထောင်က ရေပက်ဖို့ ငါးထောင်´´
ဟု ထပ်ပြောသည်။

``ဟ ... ငါက ရေမပက်ဘူးလေကွာ။ ရေပက်တာလဲ ငါးထောင်မကုန်ပါဘူးကွ။ ရေတွင်းကရေကို ဒီလိုပဲ ထမ်းထည့်နေတဲ့ဥစ္စာ´´

``ဟာ ဒါက ပက်ဖို့ရေဖိုးမဟုတ်ဘူး။ သောက်ဖို့ရေဖိုးဗျ။ ခင်ဗျားကြီး ဘာမှ နားမလည်ရင် မပြောနဲ့ ပေးဆိုပေး´´

ဟု မုတ်သုံက ဇွတ်တောင်းသဖြင့် သဘောပေါက်သလိုလို ရှိလာပြီး ကြောက်ကြောက်ဖြင့် ထုတ်ပေးလိုက်ပြီး မဏ္ဍပ်ထဲ ၀င်လာခဲ့သည်။ ခွေးခြေပေါ်တက်၍ အုန်းလက်များဖြင့် မဏ္ဍပ်မိုးနေသော အလင်းရောင်နှင့် နီနိုအိုက်တို့ လက်ကတခြား မျက်လုံးကတခြား ဖြစ်နေသဖြင့် ပြုတ်မကျအောင် သတိပေးလိုက်ရသေးသည်။

နန္ဒမောင်နှင့် မင်းမင်းသိုက် ချွေးတလုံးလုံးဖြင့် သာကူကြိုနေသည့် အနားလျှောက်လာပြီး ဘာကူလုပ်ပေးရမလဲဟု မေးနေရင် နောက်မှ အကို့အကို့ဟု ခေါ်သံကြားသဖြင့် လှည့်ကြည့်တော လင်းခေးသူ။

``ဘာလဲဟ လင်းခေးရ´´

``အကို့ အိုးမည်းဆိုတာ ဘာကိုခေါ်တာလဲ´´

ဟု လာမေးသည်။ ပထမတော့ ဒီကောင်မလေး နောက်နေတာလားလို့ ကြည့်လိုက်သေးတယ်။ ပြီးမှ တကယ် မသိလို့ မေးနေတာမှန်း ရိပ်မိပြီး
``အိုးမည်းဆိုတာ အိုးဖင်က မည်းနေတာကို ပြောတာလေ´´ လို့ ရှင်းပြလိုက်တယ်။
``ညီမက သိတော့ သိတယ်အကိုရ။ မွေခမ်းက မေးတော့ အဲလို ရှင်းမပြတတ်လို့ပါ။´´ တဲ့။ နောက်က ပါလာတဲ့ မွေခမ်းကလည်း ၀င်ပြောသည်။

``သီရိမေတို့က နေ့ခင်းကျရင် အိုးမည်းသုတ်မယ်ပြောတော့ သမီးက အိုးမည်း မသိဘူးလေ။ သမီးတို့ အိုးတွေက ဖင်မမည်းဘူးလေ အကိုရ´´တဲ့။

``အေးအေး ... အဲဒီကိစ္စ သိပ်မပြောနဲ့သိလား။ ငါတို့မြန်မာပြည်က အိုးတွေကတော့ အကုန်ဖင်မည်းတယ် ... သိလား။ ထင်းနဲ့ ချက်ရတာလေ´´

ဟု ရှင်းပြပေးလိုက်သည်။ ပန်းဧကရီက မုန့်လုံးရေပေါ်ထဲ ငရုတ်သီးထည့်နေရင်း

``အနော်တို့ဆီက အိုးတွေလဲ ဖင်မမည်းဘူး´´

ဟု လှမ်းကြွားလိုက်သေးတယ်။ သူတို့ဆီမှာလဲ လျှပ်စစ်က လုံလောက်တာကိုး ပြောအားရှိတာပေါ့။

``ငါတို့ဆီမှာလဲ ကိုယ့်ပြည်ကထွက်တဲ့ ဂက်စ် ကိုယ်တိုင်သုံးခွင့်ရတဲ့နေ့ကျ အိုးတွေ ဖင်မမည်းတော့ပါဘူးဟာ´´ ဟု အရှက်ပြေ ပြောလိုက်ရသည်။

သာကူကျက်တော့ မအေးမြသီတာက ဆရာလေး မသုဓမ္မ(နိုးနိုး)နှင့် ဆရာလေးမခေမာ(လက်သီး)တို့ဆီကို မုန့်ပို့ရင်း ဥပုသ်စောင့်နေတော့မည်ဟု ပြောရင်း ထွက်သွားသည်။
သူနှင့်တွဲဖက် အပျိုကြီးပန်းနှင်းဆီက တောပြန်ပြီး ၀က်သားဒုတ်ထိုးရောင်းနေတော့ ပျင်းရှာလို့ ထင်ပါရဲ့။

သာကူသောက်ကြ မုန့်လုံးရေပေါ်စားကြသည်မှာ ချွေးတလုံးလုံး တရုန်းရုန်းဖြင့် အားလုံးပျော်နေကြသည့် အချိန်မှာ မေကိုတို့ဝိုင်းမှ စီကနဲအသံထွက်လာသည်။

``ဟဲ့ .. ငါလည်း ငါးထောင်ထည့်ထားတာပဲ ... နင်ငါ့ကို ဘာမှ ပြောစရာမလိုဘူး´´

ဟု မေကိုက ကက်ကက်လန် ရန်တွေ့နေသည်။ ရန်လင်းက

`` နင့်ဘာသာ ငါးထောင်ထည့်ထည့် တစ်သောင်းထည့်ထည့် ဒါ အများနဲ့လုပ်တာ။ နင်ဝအောင်သောက်ပေါ့ ... ဘာဖြစ်လို့ ချိုင့်ထဲ ထည့်ရတာတုန်း´´ ဟု ပြန်ချေပသည်။

``ငါ့မှာလဲ အမိနဲ့ အဖနဲ့ဟဲ့။ ငါ့မိဘ ငါတိုက်ချင်တာပေါ့။ နင့်လို မိဘကို ပစ်ထားတာ မဟုတ်ဘူး´´

ဟု ပြန်ချေပသည်။ ရှင်းသန့်မေက

``မမေကို သူ့ကို ဘာမှ ပြောမနေနဲ့။ ပေးချိုင့် ညီမထည့်ပေးလိုက်မယ်´´

ဟုဆိုကာ ချိုင့်ကို ယူသွားသည်။ ၀မ်ဝမ်ကလဲ ရန်လင်းကို

``မောင်လေးရယ် သူ့မိဘတွေက အိမ်မှာလေ။ မဏ္ဍပ်ကိုမှ မလာနိုင်တာ။ မပြောပါနဲ့´´ဆိုကာ ဆွဲခေါ်သွားသည်။

ဒီလိုနဲ့ အားလုံးစားသောက်ပြီးတော့ ပျော်ပျော်ပါးပါး ရေလောင်းကြသည်။ မိမိကိုလဲ ဘယ်သူက ဘယ်လိုလောင်းလိုက်မှန်းမသိ။ တကိုယ်လုံး ရွှဲရွှဲစိုနေပြီ။ မိမိကမူ ဘယ်သူ့ကိုမှ ပြန်မလောင်းဖြစ်သေး။ ကိုယ် အလောင်းချင်ဆုံး တစ်ယောက်ကို လိုက်ရှာနေသည်။ တွေ့ပါပြီ။ အများပျော်နေသည်ကို သူနှင့်မဆိုင်သလို ငေးငေးငိုင်ငိုင်နှင့် ထိုင်ကြည့်နေသူဆီ ခပ်တည်တည်ပဲ လျှောက်သွားခဲ့သည်။

ဖလားကိုင်အသွား သူ့အနားရောက်မှ ကိုယ့်ကို သူ အထိတ်တလန့် မော့ကြည့်ပြီး ``ကိုနော် ... ဘာလုပ်မလို့တုန်း´´ ဟု ဆိုကာ မတ်တပ်ရပ်လိုက်သည်။

သူငါ့ကို ကိုလို့ ခေါ်ပါလားဟု ထိတ်ခနဲဝမ်းသာစိတ်နဲ့``မင်းကို ရေလောင်းမလို့ပါ´´လို့ တုန်ရီစွာ ပြောရင်း တုန်လှုပ်နေသည့် သူ့မျက်ဝန်းကို ကြည့်မိတော့ ရုတ်တရက်မခွာနိုင်။

စောစောက သာကူသောက်ရင်း မကြာမကြာ ဆုံခဲ့သည့် ဒီမျက်ဝန်း။ လဲ့လို့ ရွှန်းလို့ ကြည်လို့ပါလား။ သံလိုက်နဲ့ဆွဲထားသလားမသိ။ အသိအာရုံတို့ေ၀၀ါး၊ ဘေးနားကအသံတွေ တိတ်ဆိတ်၊ သူ့မျက်ဝန်းတဖိတ်ဖိတ်အောက်မှာ ကိုယ်တိုင်လဲ ဒူးပင်တုန်နေလေပြီ။ သူမျက်လွှာချပြီး ရှပ်အင်္ကျီအောက်နားနှစ်စကို ချေမွနေသည်ကိုလည်း အဓိပ္ပာယ်မဲ့စွာ ငေးကြည့်နေမိသည်။

``လောင်းမှာဖြင့် လောင်းလေ။ သူများတွေ ရိပ်မိကုန်လိမ့်မယ်´´

ဆိုတော့မှ ဖလားကို မြတ်နိုးစွာမပြီး တစိမ့်စိမ့်လောင်းပေးနေလိုက်မိသည်မှာ ရေကုန်သည်အထိပင် မရပ်မိခဲ့။ ရင်ခုန်လှိုက်မောခြင်း၊ နူးညံ့နွေးထွေးခြင်း၊ ကြည်နူးအေးမြခြင်းတွေကြောင့် ခြေအစုံပင် မြေပေါ်မှာ ကပ်နေသေးရဲ့လား မဝေခွဲနိုင်။ ဒီလိုနဲ့ သူနဲ့ကျွန်တော် ကျွန်တော်နဲ့သူသည်ကား နှုတ်က တစ်စွန်းတစ်စပင် ခွန်းဟလို့ မပြောဖြစ်ခဲ့ကြပါပဲ နှလုံးသားထဲမှ လျှံထွက်လာသည့် မေတ္တာရေအလျဉ်နှစ်သွယ် ပေါင်းစည်းမိလေပြီ။ မော့ကြည့်ပြုံးပြနေသည့် မျက်ဝန်းရီရီလေးတွေကို တမ်းမက်စွာ ကြည့်ရင်းးးးးးးးးးးးးးးးးးးး

.....................................................................


`` နမာသ့်စတေး ´´

ဘေးနားက အသံကြားလို့ လှည့်ကြည့်တော့မှာ သက်ပြင်းမောကို စီးပြီး အတိတ်ခရီးမှ ပြန်လာနိုင်ဖြစ်ခဲ့သည်။

............
...............
..........
(လွမ်းမောဖွယ် ကျွန်တော်တို့ရဲ့ ကျေးလက်သင်္ကြန်လေးကို တမ်းတရင်း စိတ်ကူးပုံဖော်ခြင်းဖြစ်ပါသည်။ သူငယ်ချင်းများကို ချစ်ခင်လေးစားစွာဖြင့် (ဆန်းစုနိုင်) 11.04.2012 10:43 AM

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။