Sunday, July 8, 2012

မျက်ရည်များဖြင့် ရိုက်နှက်ခြင်း

ကျွန်တော့်မှာ ခပ်ဆိုးဆိုး ညီလေးတစ်ယောက်ရှိပါတယ်။ သူနဲ့ကျွန်တော်က အသက် ကိုးနှစ်ကွာတယ်။ ကျောင်းပညာရေးတပိုင်းတစအရွယ် ၁၈-နှစ်သားမှာ ဒီကောင် အိမ်ထောင်ကျသွားတယ်။ ကောင်မလေးက ၂၄-နှစ်ဆိုတော့ သူ့ထက် ၆-နှစ်လောက် ကြီးပေမယ့် မိဘတွေနဲ့ တခြားစီနေရရှာတဲ့ ခိုကိုးရာမဲ့နေတဲ့ တိုင်းရင်းသူလေးပါ။ ဒီတော့ မိန်းကလေးကလဲ သူကိုယ်တိုင်က အားကိုးရာမဲ့နေတော့ ညီတော်မောင်ကို မထိန်းနိုင်ရှာပါဘူး။ ကျွန်တော့်အဖေနဲ့ အမေကတော့ သူ့ကို သမီးရင်းလို ကာကွယ်ပေးကြပါတယ်။

အိမ်ထောင်သာ ကျသွားတယ်။ ဟိုကောင်က ကလေးစိတ်က မပျောက်တပျောက်။ အပျော်အပါး အသောက်အစားလေး ရှိတော့ ကောင်မလေးလဲ စိတ်ညစ်ရှာမှာပေါ့။ ကျွန်တော်တို့ အကြီးတွေက ဆူလိုက် ရိုက်လိုက်ရင်လဲ အမေက မျက်ရည်တစမ်းစမ်းနဲ့ဆိုတော့ ဟိုကောင့်ကို ထိန်းဖို့က တော်တော်ခက်နေတယ်။ ဒီကောင်ကလည်း အိမ်သားတွေပြောလိုက်ရင်သာ စိတ်ဆိုးတာ စိတ်ကောက်တာ ပြန်အော်တာတွေ လုပ်ပေမယ့် တခြားလူတွေနဲ့ဆို တဟဲဟဲနဲ့ သိပ်သဘောကောင်းတော့ ဆူတဲ့ ရိုက်တဲ့လူတွေပဲ ပတ်ဝန်းကျင်က မကောင်းထင်ချင်တယ်။ ဒီလိုနဲ့ သူတို့မှာ ကလေးတစ်ယောက်ရလို့ ကလေးတောင် ကျောင်းတက်တဲ့အရွယ် ရောက်လာခဲ့တယ်။ သူတို့သားလေးကလဲ ဘယ်လို သန္ဓေမျိုးနဲ့ မွေးဖွားလာသလဲ မပြောတတ်ဘူး။


ကလေးချင်းအတူတူကစားရင်း သူ့ရှေ့မှာ တခြားကလေးတွေ ဆဲတာ ရန်ဖြစ်တာမျိုးဆို သူ လုံးဝမကြားနိုင်ဘူး။ ``မင်းတို့ကလဲ မဆဲကြနဲ့ကွာ´´လို့ ကလေးနဲ့မလိုက်အောင် ပြောတတ်တယ်။ ကျောင်းမှာလဲ စာသိပ်တော်တယ်။ ကျောင်းအုပ်ဆရာမကြီးရဲ့ အသဲစွဲပေါ့။ ကလေးက တော်သလောက် ကလေးအဖေကတော့ ဆိုးမြဲ ဆိုးနေတုန်းပဲ။ တစ်ခါလောက် လေသွားရင် လေးငါးရက် တစ်ပတ် အိမ်ပြန်မအိပ်တော့ဘူး။ အပေါင်းအသင်းလဲ များတော့ ကြုံရာအိပ်၊ ကြုံရာစား ဖြစ်နေတယ်။


သူက ပုံစံမကျတော့ သူ့မိန်းမလေးက ပင်ပန်းတော့တာပေါ့။ ဈေးတောင်းခေါင်းရွက်ပြီး စားဖို့ရှာရ လင့်အရက်ဖိုး ရှာရနဲ့ တော်တော်လေးကို အတိဒုက္ခရောက်တယ်။ အစကတော့ ကျွန်တော်တို့ မိသားစုက ၀ိုင်းထိန်းတယ်။ အဲဒီလို ၀ိုင်းထိန်းလို့ နေဖို့အဆင်သင့်၊ စားဖို့အဆင်သင့်ဆိုတော့ နောင်မကြဉ်မှာစိုးလို့ သူတို့ကို သီးသန့်စမ်းခွဲပေးကြည့်တာပါ။ ဒါပေမယ့် မိန်းကလေးက ဦးဆောင်လုပ်ကိုင်ကျွေးနေတော့ နောင်က မကြဉ်ဘူး။


ဒီလိုနဲ့ တစ်နေ့တော့ သူတို့ကလေးက ကျောင်းသွားချိန် ကျောင်းမသွားဘဲ သူတို့အိမ်လေးရဲ့ လှေကားမှာ ထိုင်ပြီး မှိုင်နေတယ်။ ကျွန်တော်လဲ နွားစာရိတ်ဖို့ သူတို့အိမ်ရှေ့က ဖြတ်သွားတော့ ကလေးကို တွေ့တာနဲ့


``သားလေး ... မင်း ကျောင်းမသွားသေးဘူးလား´´ ဆိုတော့


`` သားလေးဒီနေ့ ကျောင်းမတက်ဘူး လေးလေး´´ တဲ့။


``ဘာဖြစ်လို့လဲကွ။ ကျောင်းပိတ်လို့လား´´ ဆိုတော့


``အမိုး(အမေ) နေမကောင်းလို့ သားလေး ထမင်းမစားရသေးဘူးလေးလေး။ ညကလဲ မစားရဘူး´´ တဲ့


``သားလေး ဖေဖေရော´´


``အပါးက ပြန်မလာတာ လေးရက်ရှိပြီ။ လေးလေးကြီးတို့ ဆူမှာစိုးလို့ အမိုးက မပြောရဘူးတဲ့´´


ကျွန်တော်လဲ ရင်ထဲ နင့်သွားတယ်။ ဒါနဲ့ အိမ်ပေါ်တက်ကြည့်တော့ ခယ်မက ကိုယ်တွေ တအားပူနေတာ တွေ့ရတယ်။


``သားလေး ... လာခဲ့။ ဖွားဖွားကြီး ထမင်းကျက်နေပြီ။ လေးလေးတို့အိမ်မှာ လိုက်စား´´
ဆိုပြီး တူကလေးကို ခေါ်ပြီး အိမ်ပြန်လာခဲ့တယ်။ ဆိုင်ကယ်ထုတ်ပြီး မမကြီးတို့အိမ် အရင်သွားပြီး မမကြီးကို အငယ်ကောင်မိန်းမ တော်တော် နေမကောင်းဖြစ်နေတယ်။ နင်သွားကြည့်ထား။ ငါ ဟိုကောင့်ကို လိုက်ရှာအုံးမယ် ဆိုပြီး ထွက်လာခဲ့လိုက်တယ်။ သူ့သူငယ်ချင်းတွေအိမ် လိုက်စုံစမ်းရင်း တစ်အိမ်မှာ ငနဲက အိပ်ယာကတောင် မထသေးတာတွေ့လို့ ခြေထောက်နဲ့ကန် နှိုးပြီး ``ခုချက်ချင်း လိုက်ခဲ့။ အရေးကြီးတယ်´´ဆိုပြီး ပြောခေါ်လာခဲ့တယ်။


အိမ်ရောက်တော့ မမအလတ်ရဲ့ သားက ရွာထဲကလူတွေနဲ့ ညီလေးမိန်းမကို တိုက်နယ်ဆေးရုံထမ်းခေါ်ဖို့ ပြင်နေတယ်။


``မင်း မိန်းမကို မင်း အရင်ကြည့်လိုက်။ ပြီးမှ မင်းနဲ့ငါ စကားပြောမယ်´´ လို့ ပြောလိုက်တယ်။ ပျာပျာသလဲ သူ သွားကြည့်တော့ သူ့မိန်းမက ကိုယ်တွေ ခြစ်ခြစ်တောက်ပူပြီး ကယောင်ကတမ်း ပြောနေတယ်။


``ငါ အစက မင်းကို စိတ်ရှိလက်ရှိ ရိုက်မလို့ပဲကွ။ အခုတော့ ငါ့မှာ ရိုက်စရာ ခွန်အားတောင် မကျန်တော့ဘူး ညီလေး။ ဒီရွာမှာ မင်းမိန်းမရဲ့ဆွေမျိုး တစ်ယောက်မှ မရှိဘူး။ မင်းမျက်နှာ တစ်ခုတည်းနဲ့ နေနေရတာ။ မင်းကလဲ အိမ်မကပ်တော့ ကိုယ့်မိန်းမနဲ့ ကိုယ့်သားလေး ဘာဖြစ်နေတယ်ဆိုတာတောင် မသိတော့ ခက်နေတယ်။ ´´


``မနေ့ညက မင်း သားလေး ထမင်းမစားရဘူးကွ။ ဒီမနက်လဲ ထမင်းမစားရလို့ ကျောင်းမသွားဘူးတဲ့။ ဒီအတိုင်း ကျောင်းသွားလဲ ကျောင်းမှာ တစ်နေ့လုံး ဆာနေရှာမှာ။´´


``မနက်က မင်း သားလေးကို ဖွားဖွားကြီး အိမ်မှာ သွားစားရအောင် ပြောတော့ မင်း သားက ဘာပြောတယ် ထင်လဲ။ အပါးက ပြောတယ်တဲ့။ ဖွားဖွားကြီးတို့အိမ်မှာ ထမင်းသွားမစားနဲ့။ သွားစားရင် လေးလေးကြီးက ရိုက်လိမ့်မယ်လို့ ပြောတယ်တဲ့။´´


``ငါ့ စေတနာတွေ ရည်ရွယ်ချက်တွေကို မင်းက တလွဲမာနတွေ ထားနေတာ ငါ ၀မ်းနည်းတယ်။ မင်းတို့ကို အခုလို ခွဲထုတ်တာက ကိုယ့်ဘ၀ကိုယ်ဖန်တီးတတ်အောင်၊ ဘ၀တစ်ခုကို ဘယ်လိုလှလှပပ ဖန်တီးရမလဲဆိုတာ မင်းသိအောင် ငါ ခွဲထုတ်တာပဲ။ မင်းတို့ကို စေတနာမရှိလို့မှ မဟုတ်ဘဲကွာ။´´


``မိဘအရိပ်ကို ခိုပြီး မင်း ဒီလို ရေသာခိုနေရင် မိဘတွေ မရှိတဲ့အဆုံး မင်း ဘာတွေ လုပ်ကိုင်စားမလဲ။ ဒါကို ငါ ပူလို့ အမေ့အငြိုငြင်ခံပြီး မင်းတို့ကို ခွဲပေးလိုက်တာပဲ။ အခုတော့ကွာ ငါ့စေတနာက ငါ့ကို လူဆိုးကြီး ဖြစ်နေပြီ´´


``အခု ကြည့်စမ်း။ မင်းမိန်းမမှာ သူတို့သားအမိစားဖို့ သူ့ဘာသာ ရုန်းကန်ရတယ်။ နေမကောင်းလို့ မလုပ်နိုင်တော့ ဆေးဝယ်သောက်စရာတောင် မရှိရှာဘူး။ မင်းကို အားကိုးလို့ မင်းမျက်နှာ တစ်ရွာထင်လို့ ဘ၀ပါ ပုံအပ်ထားတာ မင်းမို့ နေရက်တယ်ကွာ။´´


``မင်းကတော့ အပေါင်းတွေ အသင်းတွေနဲ့ သောက်လို့ စားလို့ ပျော်လို့ ပါးလို့ ပွဲတော်ကြီး တည်နေတဲ့အချိန်မှာ မိန်းမက အိပ်ယာထဲမှာ။ မင်းရဲ့ လူမမယ်သားလေးက ၀မ်းဟောက်ပက်နဲ့ ဆာနေရှာတာ။ ဘယ်လောက်သနားဖို့ကောင်းလဲ´´


ငါလဲ ပြောရင်းနဲ့ ရင်မချိတော့ဘူးကွာ။ မင်းကြိုက်တဲ့အရက်ကို မသောက်နဲ့လို့ မဆိုလိုပါဘူး။ ကိုယ်ကြိုက်တာ ကိုယ်လုပ်ပါ။ ဒါပေမယ့် ဒီလို ရင်နာရတာမျိုးတွေ ငါ မကြည့်ချင်ဘူး ညီလေးရာ။ တစ်ခုခုဖြစ်သွားလို့ တစ်သက်စာ နောင်တရရမယ့် အဖြစ်မျိုးတွေနဲ့ ငါ့ညီလေးကို တစ်သက်လုံး နောင်တရဲ့ နှိပ်စက်ခံလူတစ်ယောက် မဖြစ်စေချင်ဘူးကွာ´´


ကျွန်တော်လဲ ပြောရင်းနဲ့ ရင်ထဲ ဆို့တက်လာပြီး ဘယ်က ဘယ်လို မျက်ရည်ကျလာတယ်မသိဘူး။ အလိုလို မျက်ရည်တွေ ကျလာမိတယ်။ အမေလဲ အနားမှာ နားထောင်ပြီး မျက်ရည်ကျနေမိတယ်။ မမကြီးကတော့ ဆေးရုံလိုက်သွားလို့ ဒါတွေ သူမသိလိုက်ပါဘူး။ ညီလေးကို ကြည့်လိုက်တော့ ခေါင်းကြီး ငုံ့ထားတာပဲ တွေ့တယ်။


အခါတိုင်း သူ့ကို အရက်မသောက်ဖို့ ပြောရင် အမြဲ ဆင်ခြေကန်တတ်တဲ့ကောင်။ ရိုက်လိုက်ရင် ပိုပြီး အရွဲ့တိုက်တတ်တဲ့ကောင် ခုတော့ ခေါင်းငိုက်စိုက်ကျနေတယ်။ မမလေးလဲ သူ့ယောင်းမသတင်းကို ကြားလို့ အိမ်ကို ရောက်လာတယ်။ ကျွန်တော်တို့ မိသားစုတွေ ဖြစ်ပျက်နေပုံကို နားမလည်လို့ ဟိုမေးဒီမေးနဲ့ မေးတော့ အမေက သူ့အကို ဆူထားလို့လို့ ပြောပြတယ်။ မမအလတ်ရဲ့ သားအငယ်က ကျွန်တော်ပြောပြတာတွေကို မမလေးကို ပြောပြတော့ မမလေးလဲ ငိုဖြစ်သွားတယ်။


တစ်ခုတော့ ကောင်းသွားတယ်။ အခါတိုင်း ဒုတ်နဲ့ ရိုက်လို့ နောင်မကြဉ်တဲ့ကောင်က အခု ကျွန်တော်တို့ရိုက်လိုက်တဲ့ မျက်ရည်က သူ့ကို တော်တော် ထိခိုက်သွားပုံ ရတယ်။ အဲဒီနေ့ကတည်းက အလုပ်ကို ကျိုးကျိုးနွံနွံနဲ့ လုပ်ကိုင်လာတယ်။ သူတို့အတွက် ပေးထားတဲ့ မြေတွေက သူတို့ကို လူတစ်လုံး သူတစ်လုံး ဖြစ်သွားလောက်တဲ့အထိ ပေးထားတာလေ။ သူမကြိုးစားခဲ့လို့ ခုလို ဖြစ်နေတာ။ အခု သူ ကြိုးစားလာတော့ တစ်နှစ်အတွင်းမှာ သိသိသာသာ ချောင်လည်လာပါတယ်။


အခုတော့ ကျွန်တော်လဲ နိုင်ငံခြား ထွက်လာတော့ အမေက သူ့သားငယ်ကို အိမ်မှာပဲ ခေါ်ထားပြီး သည်းသည်းလှုပ်နေလေရဲ့။ ညီလေးကတော့ တစ်ခါတစ်ရံလဲ ပြန်သောက်တယ် ကြားပါတယ်။ ဒါပေမယ့် အရင်လိုတော့ မဟုတ်တော့ဘူး။ ပွဲလမ်းသဘင်ရှိမှ သောက်တယ်လို့ သိရတယ်။



(ကျွန်တော့်ညီလေးလို အိမ်ထောင်တာဝန်မကျေသော ညီငယ်များ ရှိသူတွေအတွက်)

Friday, July 6, 2012

အကြောင်းတိုက်ဆိုင်တိုင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။


အကြောင်းတိုက်ဆိုင်တိုင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။

ကျွန်တော်တို့ ငယ်ငယ်က ရွာလယ်တွင် ပေလေးဆယ် ပေရှစ်ဆယ်လောက် တိုက်အိုကြီးတစ်လုံးတွင် တယောက်ထဲ နေနေသော အဖွားကို သူဌေးမကြီးလို့ ကျွန်တော် ထင်ခဲ့သည်။ အဖွားဒေါ်နှင်းအေးတို့က ဘိုးဘွားစဉ်ဆက် ချမ်းသာလာခဲ့သူတွေဖြစ်သည်။ အဖွား၏ အဘိုးတို့ ခေတ်ကဆိုလျှင် ငွေဒင်္ဂါးများကို ဂုံနီအိတ်ကြီးများထဲမှ ထုတ်ယူကာ တိုက်နံရံ ပစ်ပေါက်ပြီး ငွေအ မအ စမ်းသည်ဟုပင် ကြားဖူးသည်။ ကျွန်တော်တို့ သုံးတန်း လေးတန်းအရွယ်လောက်တွင် အဖွားအသက်မှာ ၇၀ လောက် ရှိနေပါပြီ။ သူ့ဆိတ်တွေက လယ်ကွင်းအနှံ့ လျှောက်သွားကာ အပင်လေးများကို စားသဖြင့် ကျွန်တော် လိုက်ရိုက်ဖူးသည်။ အဖွားက သူ့ဆိတ်တွေကို လိုက်ရိုက်သည့် ကျွန်တော့်ကို ငွေတစ်ကျပ်ပေးပြီး-

“ သားလေးရယ် ...။ အဖွားကလေ မနက်ဘက်ဆို သားလေးတို့လို ထမင်းမစားနိုင်တော့ ဆိတ်နို့လေးတွေပဲ သောက်ရတာ။ အဖွားဆိတ်လေးတွေ သေသွားရင် အဖွား ဘာသောက်ရမှာလဲ။ အဖွားဆိတ်လေးတွေကို မရိုက်ပါနဲ့ကွယ်”ဟု ချော့ဖူးသည်။
ထိုအခါမှစ၍ အဖွားဆိတ်တွေ တွေ့တိုင်း ကျွန်တော် အိမ်အရောက် မောင်းပို့ပေးခဲ့သည်။ မုန့်ဖိုး ငါးမူး(ပြားငါးဆယ်)သာ ရသော ကျွန်တော့်အတွက် အဖွားက မကြာခဏ တစ်ကျပ်တစ်ကျပ် ပေးလေ့ရှိပါသည်။ ထိုစဉ်က အဖွားကို သူဌေးမကြီးဟု ကျွန်တော်ထင်ခဲ့သည်။

ကျွန်တော် ၈-တန်းလောက် ရောက်လာသောအခါ အဖွားအကြောင်းကို ပိုသိလာခဲ့သည်။ အဖွားမှာ လုပ်ကိုင်ပြုစုပေးမည့် သားထောက်သမီးခံ မရှိပါ။ တူ တူမများကလဲ အဖွားပစ္စည်းများကိုသာ အမြဲ မျက်စောင်းထိုးနေရုံသာ ရှိပြီး အဖွားဝေယျာဝစ္စကိုလုပ်ပေးချင်စိတ်ကား မရှိကြပေ။ ထို့ကြောင့် အဖွားပိုင်သော လယ်များကို အခဖြင့် ချထားပြီး လယ်ခလေးဖြင့် တစ်နှစ်တာ လည်ပတ်အောင် သုံးစွဲနေရရှာသည်။ ကျွန်တော်တို့ လယ်မြေများမှာ အဖွားလောက် မများပါ။ သို့သော် ကိုယ့်လုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်နိုင်သဖြင့် အဖွားထက်စာလျှင် ပိုပိုလျှံလျှံ သုံးနိုင်စွဲနိုင်ပါသည်။ အဖွားမှာမူ ကိုယ်ပိုင်လယ်မြေများစွာ ရှိပါလျက် ကိုယ်တိုင်မလုပ်နိုင်သဖြင့် အဖွား၏လယ်များဖြင့် သူတပါးတွေသာ ကြီးပွားသွားသော်လဲ အဖွားမှာမူ မငတ်ရုံသာ သုံးရ စားရပါသည်။

ထို့ကြောင့် အခြားအချိန်များတွင် ဖျားရေး နာရေး သာမှု နာမှုကိစ္စများအတွက် ငွေကုန်စရာ ရှိလာလျှင် အတွင်းပစ္စည်းလေးများကို ထုခွဲရောင်းချပြီး ဖြေရှင်းရရှာသည်။ ထို့ကြောင့် ကျွန်တော်တို့ သိတတ်လာသော အရွယ်တွင် အဖွားမှာ အတွင်းပစ္စည်းဟူ၍လည်း မယ်မယ်ရရမကျန်တော့ပါ။ ထိုစဉ်က ကျွန်တော့်အတွေးလေးဖြင့်ပင် “အဖွားသာ သူ့လယ်ကို သူကိုယ်တိုင် လုပ်နိုင်ရင် ဘာမှ အောက်ကျစရာမလိုဘူး” ဟု ၈-တန်း ကျောင်းသား အတွေးလောက် ကလေးဖြင့် တွေးခဲ့မိဖူးပါသည်။

အကြောင်းတိုက်ဆိုင်တိုင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။

ကျွန်တော် ဘွဲ့ရချိန်တွင် အဖွား အသက် ၈၀- ကျော်ပါပြီ။ ရွာဦးကျောင်းကို နှစ်ထပ်တိုက်ကျောင်းကြီးအဖြစ် သိန်းငါးရာခန့် အကုန်အကျခံပြီး ပြန်လည်ဆောက်လုပ်သည့်အခါ အဖွားက သူပိုင်မြေများကို ရောင်းချပြီး ကျောင်းဆောက်ရန်အတွက် ၈၂-သိန်း လှူပါသည်။ ကျန်ငွေအနည်းအကျဉ်းကို တူမဖြစ်သူက အတိုးပေးပေးပါသည်။ အဖွားတွင် နှစ်စဉ်ငွေဝင်နိုင်သော မြေများ မရှိတော့ပါ။ ထိုအတိုးငွေကလေးဖြင့်သာ အဖွားရပ်တည်ရပါတော့သည်။ အတွင်းပစ္စည်းများမှာလည်း ကုန်သလောက်ရှိပါပြီ။ ခြံထဲမှ သစ်ပင်များကို ရောင်းစားရသည့် အခြေအနေသို့ ရောက်လာပါပြီ။ အဖွားလည်း အသက်အရွယ်အရ ကျန်းမာရေးလည်း ခဏခဏချွတ်ယွင်းပါတော့သည်။ အထူးကု ဆရာဝန်ကြီးများဖြင့် ရောဂါကို နိုင်နင်းအောင် ကုစရာငွေလည်း မရှိသဖြင့် ပျောက်ကင်းသွားသည်ဟု မရှိတော့ဘဲ တစ်နေ့ရွှေ တစ်နေ့ငွေအဖြစ်ဖြင့်သာ နေရပါတော့သည်။ ဒီလိုနဲ့ ရွာထဲမှ အများက ကောင်းနိုးရာရာလေးများကို ချက်တိုင်း ချက်တိုင်း ပေးလာကမ်းလာသမျှကို တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ စားသောက်ရင်း အသက် ၉၁ တွင် အဖွား ကွယ်လွန်ခဲ့ပါသည်။ အဖွားမှာ ပစ္စည်းဥစ္စာ အခြေခံရှိခဲ့ပါလျက် မျိုးဆက်သစ်တို့ကို မမွေးခဲ့သဖြင့် ကိုယ်တိုင်လုပ်နိုင်စွမ်း မရှိတော့သည့်အခါ ကိုယ့်အသက်နှင့်ခန္ဓာရပ်တည်ဖို့တောင် မတတ်နိုင်တော့ပါလား။ နောက်ဆုံးတွင် ချွတ်ခြုံကျကာ သူများပေးစာကမ်းစာဖြင့် ရပ်တည်ရတော့တဲ့ ဘ၀ ရောက်သွားပါလားဟု ထိုစဉ်က ကျွန်တော် တွေးမိခဲ့ပါသည်။

အကြောင်းတိုက်ဆိုင်တိုင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။

နောက်ပိုင်းတွင် ကိုယ့်လောက် သယံဇာတ မပေါကြွယ်သော စင်္ကာပူသို့လည်း ကျွန်တော် ရောက်ခဲ့သည်။ ကိုယ်က အနိုင်ရခဲ့သည်၊ ကိုယ့်အောက်တွင် နိမ့်ကျခဲ့ဖူးသည်ဟု ရှေးခေတ်စာပေများတွင် ဖတ်ခဲ့ရသော ထိုင်းနိုင်ငံသို့လည်း ကျွန်တော်ရောက်ခဲ့သည်။ ဂေဟစနစ်ပျက်စီးကာ သဘာဝပတ်ဝန်းကျင် ဖောက်ပြန်နေသော အိန္ဒိယနိုင်ငံသို့လည်း ကျွန်တော်ရောက်ခဲ့သည်။ သဘာဝဓာတ်ငွေ့လုံလောက်အောင်မထွက်သော အိန္ဒိယနိုင်ငံတွင် နေထိုင်ရင်း သူတို့အစိုးရက ကျွန်တော်တို့ နိုင်ငံမှ ၀ယ်ယူဖြန့်ဖြူးပေးသော သဘာဝဓာတ်ငွေ့များဖြင့် ထမင်းချက်ပြုတ်စားသောက်ရင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။

မြစ်ချောင်းအင်းအိုင်များ ပျက်စီးစပြုလာဖြင့် လယ်ကွင်းထဲတွင် အ၀ီစိတွင်းတူးလျက် အစိုးရက အခမဲ့ လယ်ကွင်းထဲအရောက် လျှပ်စစ်သွယ်တန်းပေးကာ ထိုလျှပ်စစ်မီးကို ချိတ်ဆက်လျက် မြေအောက်ရေထုတ်ယူကာ စိုက်ပျိုးထုတ်လုပ်ထားသည့် သီးနှံများကို ချက်ပြုတ်စားသောက်ရင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေတတ်ပါသည်။

ယခုလက်ရှိ ပြည်ပတွင်နေထိုင်ရင်း ဂက်စ်များ၊ ကျွန်းသစ်များ၊ ကျောက်စိမ်းများအပါအ၀င် ဧရာဝတီမြစ်ကြီးကိုပါ ရောင်းစားနေသည့်ဟု ကြားရသည့်အခါတွင်လည်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေဖြစ်ပါသည်။

အကြောင်းတိုက်ဆိုင်တိုင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။

ကျွန်တော်တို့ရွာတွင် တကယ်ရှိခဲ့ဖူးတဲ့ အဖွားဒေါ်နှင်းအေးကို သတိရရင်းးးးးးးးးးးးးးးး


အကြောင်းတိုက်ဆိုင်တိုင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။

ကျွန်တော်တို့ ငယ်ငယ်က ရွာလယ်တွင် ပေလေးဆယ် ပေရှစ်ဆယ်လောက် တိုက်အိုကြီးတစ်လုံးတွင် တယောက်ထဲ နေနေသော အဖွားကို သူဌေးမကြီးလို့ ကျွန်တော် ထင်ခဲ့သည်။ အဖွားဒေါ်နှင်းအေးတို့က ဘိုးဘွားစဉ်ဆက် ချမ်းသာလာခဲ့သူတွေဖြစ်သည်။ အဖွား၏ အဘိုးတို့ ခေတ်ကဆိုလျှင် ငွေဒင်္ဂါးများကို ဂုံနီအိတ်ကြီးများထဲမှ ထုတ်ယူကာ တိုက်နံရံ ပစ်ပေါက်ပြီး ငွေအ မအ စမ်းသည်ဟုပင် ကြားဖူးသည်။ ကျွန်တော်တို့ သုံးတန်း လေးတန်းအရွယ်လောက်တွင် အဖွားအသက်မှာ ၇၀ လောက် ရှိနေပါပြီ။ သူ့ဆိတ်တွေက လယ်ကွင်းအနှံ့ လျှောက်သွားကာ အပင်လေးများကို စားသဖြင့် ကျွန်တော် လိုက်ရိုက်ဖူးသည်။ အဖွားက သူ့ဆိတ်တွေကို လိုက်ရိုက်သည့် ကျွန်တော့်ကို ငွေတစ်ကျပ်ပေးပြီး-

“ သားလေးရယ် ...။ အဖွားကလေ မနက်ဘက်ဆို သားလေးတို့လို ထမင်းမစားနိုင်တော့ ဆိတ်နို့လေးတွေပဲ သောက်ရတာ။ အဖွားဆိတ်လေးတွေ သေသွားရင် အဖွား ဘာသောက်ရမှာလဲ။ အဖွားဆိတ်လေးတွေကို မရိုက်ပါနဲ့ကွယ်”

ဟု ချော့ဖူးသည်။

ထိုအခါမှစ၍ အဖွားဆိတ်တွေ တွေ့တိုင်း ကျွန်တော် အိမ်အရောက် မောင်းပို့ပေးခဲ့သည်။ မုန့်ဖိုး ငါးမူး(ပြားငါးဆယ်)သာ ရသော ကျွန်တော့်အတွက် အဖွားက မကြာခဏ တစ်ကျပ်တစ်ကျပ် ပေးလေ့ရှိပါသည်။ ထိုစဉ်က အဖွားကို သူဌေးမကြီးဟု ကျွန်တော်ထင်ခဲ့သည်။

ကျွန်တော် ၈-တန်းလောက် ရောက်လာသောအခါ အဖွားအကြောင်းကို ပိုသိလာခဲ့သည်။ အဖွားမှာ လုပ်ကိုင်ပြုစုပေးမည့် သားထောက်သမီးခံ မရှိပါ။ တူ တူမများကလဲ အဖွားပစ္စည်းများကိုသာ အမြဲ မျက်စောင်းထိုးနေရုံသာ ရှိပြီး အဖွားဝေယျာဝစ္စကိုလုပ်ပေးချင်စိတ်ကား မရှိကြပေ။ ထို့ကြောင့် အဖွားပိုင်သော လယ်များကို အခဖြင့် ချထားပြီး လယ်ခလေးဖြင့် တစ်နှစ်တာ လည်ပတ်အောင် သုံးစွဲနေရရှာသည်။ ကျွန်တော်တို့ လယ်မြေများမှာ အဖွားလောက် မများပါ။ သို့သော် ကိုယ့်လုပ်ငန်းကို ကိုယ်တိုင်လုပ်ကိုင်နိုင်သဖြင့် အဖွားထက်စာလျှင် ပိုပိုလျှံလျှံ သုံးနိုင်စွဲနိုင်ပါသည်။ အဖွားမှာမူ ကိုယ်ပိုင်လယ်မြေများစွာ ရှိပါလျက် ကိုယ်တိုင်မလုပ်နိုင်သဖြင့် အဖွား၏လယ်များဖြင့် သူတပါးတွေသာ ကြီးပွားသွားသော်လဲ အဖွားမှာမူ မငတ်ရုံသာ သုံးရ စားရပါသည်။

ထို့ကြောင့် အခြားအချိန်များတွင် ဖျားရေး နာရေး သာမှု နာမှုကိစ္စများအတွက် ငွေကုန်စရာ ရှိလာလျှင် အတွင်းပစ္စည်းလေးများကို ထုခွဲရောင်းချပြီး ဖြေရှင်းရရှာသည်။ ထို့ကြောင့် ကျွန်တော်တို့ သိတတ်လာသော အရွယ်တွင် အဖွားမှာ အတွင်းပစ္စည်းဟူ၍လည်း မယ်မယ်ရရမကျန်တော့ပါ။ ထိုစဉ်က ကျွန်တော့်အတွေးလေးဖြင့်ပင် “အဖွားသာ သူ့လယ်ကို သူကိုယ်တိုင် လုပ်နိုင်ရင် ဘာမှ အောက်ကျစရာမလိုဘူး” ဟု ၈-တန်း ကျောင်းသား အတွေးလောက် ကလေးဖြင့် တွေးခဲ့မိဖူးပါသည်။

အကြောင်းတိုက်ဆိုင်တိုင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။

ကျွန်တော် ဘွဲ့ရချိန်တွင် အဖွား အသက် ၈၀- ကျော်ပါပြီ။ ရွာဦးကျောင်းကို နှစ်ထပ်တိုက်ကျောင်းကြီးအဖြစ် သိန်းငါးရာခန့် အကုန်အကျခံပြီး ပြန်လည်ဆောက်လုပ်သည့်အခါ အဖွားက သူပိုင်မြေများကို ရောင်းချပြီး ကျောင်းဆောက်ရန်အတွက် ၈၂-သိန်း လှူပါသည်။ ကျန်ငွေအနည်းအကျဉ်းကို တူမဖြစ်သူကw အတိုးပေးပေးပါသည်။ အဖွားတွင် နှစ်စဉ်ငွေဝင်နိုင်သော မြေများ မရှိတော့ပါ။ ထိုအတိုးငွေကလေးဖြင့်သာ အဖွားရပ်တည်ရပါတော့သည်။ အတွင်းပစ္စည်းများမှာလည်း ကုန်သလောက်ရှိပါပြီ။ ခြံထဲမှ သစ်ပင်များကို ရောင်းစားရသည့် အခြေအနေသို့ ရောက်လာပါပြီ။ အဖွားလည်း အသက်အရွယ်အရ ကျန်းမာရေးလည်း ခဏခဏချွတ်ယွင်းပါတော့သည်။ အထူးကု ဆရာဝန်ကြီးများဖြင့် ရောဂါကို နိုင်နင်းအောင် ကုစရာငွေလည်း မရှိသဖြင့် ပျောက်ကင်းသွားသည်ဟု မရှိတော့ဘဲ တစ်နေ့ရွှေ တစ်နေ့ငွေအဖြစ်ဖြင့်သာ နေရပါတော့သည်။ ဒီလိုနဲ့ ရွာထဲမှ အများက ကောင်းနိုးရာရာလေးများကို ချက်တိုင်း ချက်တိုင်း ပေးလာကမ်းလာသမျှကို တည့်သည်ဖြစ်စေ မတည့်သည်ဖြစ်စေ စားသောက်ရင်း အသက် ၉၁ တွင် အဖွား ကွယ်လွန်ခဲ့ပါသည်။ အဖွားမှာ ပစ္စည်းဥစ္စာ အခြေခံရှိခဲ့ပါလျက် မျိုးဆက်သစ်တို့ကို မမွေးခဲ့သဖြင့် ကိုယ်တိုင်လုပ်နိုင်စွမ်း မရှိတော့သည့်အခါ ကိုယ့်အသက်နှင့်ခန္ဓာရပ်တည်ဖို့တောင် မတတ်နိုင်တော့ပါလား။ နောက်ဆုံးတွင် ချွတ်ခြုံကျကာ သူများပေးစာကမ်းစာဖြင့် ရပ်တည်ရတော့တဲ့ ဘ၀ ရောက်သွားပါလားဟု ထိုစဉ်က ကျွန်တော် တွေးမိခဲ့ပါသည်။

အကြောင်းတိုက်ဆိုင်တိုင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။

နောက်ပိုင်းတွင် ကိုယ့်လောက် သယံဇာတ မပေါကြွယ်သော စင်္ကာပူသို့လည်း ကျွန်တော် ရောက်ခဲ့သည်။ ကိုယ်က အနိုင်ရခဲ့သည်၊ ကိုယ့်အောက်တွင် နိမ့်ကျခဲ့ဖူးသည်ဟု ရှေးခေတ်စာပေများတွင် ဖတ်ခဲ့ရသော ထိုင်းနိုင်ငံသို့လည်း ကျွန်တော်ရောက်ခဲ့သည်။ ဂေဟစနစ်ပျက်စီးကာ သဘာဝပတ်ဝန်းကျင် ဖောက်ပြန်နေသော အိန္ဒိယနိုင်ငံသို့လည်း ကျွန်တော်ရောက်ခဲ့သည်။ သဘာဝဓာတ်ငွေ့လုံလောက်အောင်မထွက်သော အိန္ဒိယနိုင်ငံတွင် နေထိုင်ရင်း သူတို့အစိုးရက ကျွန်တော်တို့ နိုင်ငံမှ ၀ယ်ယူဖြန့်ဖြူးပေးသော သဘာဝဓာတ်ငွေ့များဖြင့် ထမင်းချက်ပြုတ်စားသောက်ရင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။

မြစ်ချောင်းအင်းအိုင်များ ပျက်စီးစပြုလာဖြင့် လယ်ကွင်းထဲတွင် အ၀ီစိတွင်းတူးလျက် အစိုးရက အခမဲ့ လယ်ကွင်းထဲအရောက် လျှပ်စစ်သွယ်တန်းပေးကာ ထိုလျှပ်စစ်မီးကို ချိတ်ဆက်လျက် မြေအောက်ရေထုတ်ယူကာ စိုက်ပျိုးထုတ်လုပ်ထားသည့် သီးနှံများကို ချက်ပြုတ်စားသောက်ရင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေတတ်ပါသည်။

ယခုလက်ရှိ ပြည်ပတွင်နေထိုင်ရင်း ဂက်စ်များ၊ ကျွန်းသစ်များ၊ ကျောက်စိမ်းများအပါအ၀င် ဧရာဝတီမြစ်ကြီးကိုပါ ရောင်းစားနေသည့်ဟု ကြားရသည့်အခါတွင်လည်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေဖြစ်ပါသည်။

အကြောင်းတိုက်ဆိုင်တိုင်း အဖွားဒေါ်နှင်းအေးကို ကျွန်တော် သတိရနေမိတတ်ပါသည်။

ကျွန်တော်တို့ရွာတွင် တကယ်ရှိခဲ့ဖူးတဲ့ အဖွားဒေါ်နှင်းအေးကို

Sunday, July 1, 2012

ဗိုလ်ကြီးမင်းသစ်(ရွှေဘို)အကြောင်း

အခန်း (၁)
.
ဖော်အဲဗားရွာဆိုတာ နယ်ခြားရွာကြီးတစ်ရွာ ဖြစ်သဖြင့် စီးပွားရေး ကောင်းသည်။ လုပ်ခင်းကိုင်ခင်း ပေါများသည်။ ထို့ကြောင့် ဟိုမှ သည်မှ လာရောက်အခြေချကြသဖြင့် ပတ်ဝန်းကျင်ရွာတွေထက် လူနေစည်ကားသည်။ လူများသဖြင့် ပျော်စရာကောင်းသလို စရိုက်လည်းစုံသည်။ သတင်းလည်း စုံသည်။ ပြဿနာလည်း စုံသည်။ ပညာတတ်များနှင့် စီးပွားရေး တောင့်တင်းသူ များပြားသဖြင့် ဓားပြ သူပုန်တို့၏ မျက်စိကျစရာလည်း ဖြစ်သည်။


တစ်နေ့ကလည်း ရွာထဲသို့ ကားတစ်စီးဖြင့် လက်နက်ကိုင်တစ်စု ရောက်ရှိလာပြီး သူကြီးအဆွေတော်လေးနှင့် စနေမောင်မောင်တို့ အိမ်တွင် တည်းခိုနေသည်မှာ ခုထိ မပြန်သေး။ ထိုလက်နက်ကိုင်လူတစ်စု ရောက်ရှိလာခြင်းအပေါ် အမျိုးမျိုး ဝေဖန်လျက် ရှိကြသည်။


ရွာ၏ အတင်းပလင်းစုဝေးရာ သတင်းစင်တာသည် အေးမြသီတာ၊ ပန်းနှင်းဆီ၊ မေကို၊ ညလေညှင်းတို့ ညီအစ်မတတွေ စုဖွင့်ထားသော ``ပန်းမြလေကို´´ လက်ဖက်ရည်ဆိုင်ပင် ဖြစ်သည်။ ရွာသူရွာသားများကလည်း ထိုလက်နက်ကိုင်အဖွဲ့ ရောက်ရှိလာခြင်းအပေါ် တစ်စုံတစ်ရာ သိလိုစိတ်ဖြင့် လက်ဖက်ရည်ဆိုင်သို့ အခါတိုင်းထက် တဖွဲဖွဲ ရောက်ရှိလာကြသည်။ စနည်းနာကြသည်။ သို့သော် သတင်းကွန်ယက်အတွက် အဓိကကျသော ယန္တရားက မပြည့်စုံသေးသဖြင့် အပျိုကြီးများမှာ မထုတ်ပြန်ရဲသေးပေ။
အဓိကကျသော ယန္တရားဟူသည်မှာ တခြားမဟုတ်ပေ။ ယောက်ျားအုပ်စု မိန်းမအုပ်စု မည်သည့်အုပ်စုတွင်းသို့မဆို အလွယ်တကူ ၀င်ထွက်သွားလာနိုင်သည့် ရွက်ဝါခေါ် မာမီကောင်းမင်းလူ ခေါ် ကောင်းလေးပင်ဖြစ်သည်။

ကောင်းလေးက ရွာထဲတွင် လှည့်လည်ကာ ရှောက်သီးဆေးပြား ရောင်းသည်။ မြင်သမျှ ကြားသမျှကို မှတ်သားလာပြီး ပန်းမြလေကို လက်ဖက်ရည်ဆိုင်ရောက်လျှင် အတင်းစုံလင်ကို ပြန်လည်ဖောက်သည်ချသည်။ ထိုအတင်းကို ဆိုင်ရှင်ညီအစ်မများက သေသေချာချာ မှတ်သားထားပြီး ဆိုင်လာသူများကို တဆင့်ပြန်လည်ဝေမျှသည်။ ယခုနှစ်တော့ ကောင်းမင်းလူ စိတ်ကြီးဝင်လာသည်။ ရှောက်သီးဆေးပြားရောင်းရင်း ကရတာ အောက်ကျသည်ဟု သူထင်သည်။ သူ့ရုပ်ရည်နှင့် အခြောက်ထဲတွင် အထက်တန်းစားဖြစ်သည့် မိတ်ကပ်ပြင်မဖြစ်လျှင်တောင် အလယ်အလတ်တန်းစားဖြစ်သည့် နတ်ကတော်တော့ ဖြစ်သင့်သည်ဟု သူထင်သည်။ ထို့ကြောင့် ခိုင်မြဲဆီ အပူကပ်ပြီး နာမည်လှလှလေးတောင်းသည်။ ခိုင်မြဲကလည်း မင်းရုပ် မင်းရည်နဲ့ဆို ``ရွက်ဝါ´´ ဆိုတဲ့ နာမည်လေးနဲ့ လိုက်တယ်ဟု ပြောလိုက်သည်။ ကောင်းမင်းလူလဲ သူ့နာမည်လေးကို တော်တော်ခိုက်သွားတယ်။

မည်းမည်းသဲသဲ ၀တုတ်တုတ် ကောင်းမင်းလူကို ဘာဖြစ်လို့ ``ရွက်ဝါ´´လို့ နာမည်ပေးတာလဲလို့ ခိုင်မြဲ နှမ ပန်းဧကရီက မေးတော့ ``နင်ကလဲ ဝေးတာဟာ။ ရွက်ဝါကို အသံပြောင်းပြန်လုပ်ပြီး ဆိုကြည့်ပါလား´´ ဆိုတော့မှ ပန်းဧကရီ တခွီးခွီးရယ်တော့သည်။

``မှန်လှပါဘုရား။ ဓါးကျိုးလို့ လှံခွေ သံသေတဲ့ မင်းယောက်ျား အာဇာနည်ရဲ့ သားနှစ်ပါး။ သာသနာပြုတဲ့ မင်းညီနောင်၊ သာသနာပြန့်ပွား မင်းနှစ်ပါးပါဘုရား။ ချစ်ရင်လဲပြုံး မုန်းရင်လဲပြုံး အမြဲပြုံးတော်မူတဲ့ ရွှေပြုံးစံဘိုးဘိုးကြီးနဲ့ ဘိုးဘိုးလေးပါဘုရား။ ရွှေမျက်လုံးနဲ့ ပြုံးတဲ့သခင် မြမျက်လုံးနဲ့ ပြုံးတဲ့သခင် စောင့်ရှောက်တော်မူပါ့ဘုရား။ ဘုရားကျွန်တော်မျိုးကြီး လျှောက်ထားပါတယ်။ (တနင်္လာ)သား မိသားစုပါ ဘုရား ”

စသည့်ဆုတောင်းကို ကြိုးစားပမ်းစား ကျက်ပြီး တောင်ပြုံးသို့ ချီတက်သွားသည်။

ထို့ကြောင့် ရွာထဲသို့ သူပုန်အဖွဲ့မှ ဗိုလ်ကြီးအဆင့်ရှိ မင်းသစ်(ရွှေဘို) ရောက်လာသည့်အခါ သတင်းဆက်သွယ်မှု ကွန်ယက်က ပြတ်တောက်နေသည်။ အပျိုကြီးမမများက မာမီရွက်ဝါ အမြန်ပြန်လာဖို့ တောင်ပြုံးပွဲ လူကြုံမှာရသည်။

မာမီရွက်ဝါကလည်း မပြန်ချင်။ ဒီနှစ်မှ ကိုယ်ပိုင်နန်းထိုင်ရတော့ ဧည့်သည်က သိပ်မရှိသေးဘူး။ သူများနန်းတွေလို ထမင်းတောင် မကျွေးနိုင်ဘူး။ ဖျော်ရည်အဆီလေးဖျော်ပြီး တိုက်နိုင်အောင်တောင် မနည်းလုပ်ထားရတာ။ ဒါတွေက ၀ါခေါင်လဆန်း (၁၂)ရက် ပြပွဲ ထပ်ပွဲ ရိုးရာပွဲနေ့ကျမှ ဆက်ကြေးလေးတွေနဲ့ မနည်းပြန်ကျေအောင် လုပ်ရမှာ။ ပြီးတော့ ယုန်ထိုးသည့်နေ့ဆိုလျှင် အဆဲမျိုးစုံဖြင့် ရိုးရာသမားတွေက နန်းတကာ လိုက်၍ ဆဲကြသည်။ ထိုအခါ နန်းပိုင်ရှင် နတ်ကတော်များက ကိုယ်တော်ကြီးများကို ချော့သည့်အနေဖြင့် တစ်ထောင် နှစ်ထောင် အလှူငွေ ထည့်ကြရသည်။ အရင်းမကျေလျှင် နန်းကို ဖြုတ်၍ သူလဲ လိုက်ဆဲရမည်လို့ ကြံထားတော့ မပြန်နိုင်သေးဘူး။

အပျိုကြီးများကလည်း ရွက်ဝါပြန်မလာနိုင်သေးသည်ကို အနည်းငယ် သဘောကျနေသည်။ သတင်းအတိအကျ မရသေးလေ။ သူတို့လက်ဖက်ရည်ဆိုင် လူစည်လေဖြစ်နေတော့ တစ်သက်လုံး ပြန်မလာလဲ အေးတာပဲဟု ပန်းနှင်းဆီက ကြိတ်တွေးနေသည်။

ဗိုလ်ကြီးမင်းသစ်ကလဲ ငြိမ်ချက်သား ကောင်းနေသည်။ ရောက်သည့်နေ့က လပြည့်တို့ မိုးစက်တို့တို့ကို အနည်းငယ် ရစ်ပြီးနောက် စနေမောင်မောင်အိမ်မှာပဲ တည်းခိုပြီး ကြိတ်ကြံနေသည်။ သူတို့ကိုင်ထားသော ဒိုင်းညှောင့်ကြီးကို ကြောက်သဖြင့် ဘယ်သူမှလဲ မသွားရဲကြ။ နောက်ဆုံး ကောင်းမင်းလူ ပြန်ရောက် လာသည်။ ရောက်ရောက်ချင်း အပျိုကြီးအေးမြသီတာက ချက်ချင်းသတင်းရယူရန် ညွှန်ကြားချက် ထုတ်တော့သည်။ ကောင်းမင်းလူလဲ သူ့အထုပ်အပိုးများကို လက်ဖက်ရည်ဆိုင်မှာပဲဖြစ်သလို ထားခဲ့ပြီး စနေမောင်မောင်အိမ်သို့ ကော့လန်နွဲ့ခါရင်း ထွက်သွားတော့သည်။

----------------------------------------------------------
.
အခန်း၂

ကိုစနေမောင်မောင်တို့အိမ်ဘက် ကောင်းမင်းလူထွက်သွားပြီဆိုကတည်းက မအေးမြတို့ လက်ဖက်ရည်ဆိုင်မှာ နေရာမဆန့်အောင်ပင် ကျိတ်ကျိတ်တိုး စည်ကားလာတော့သည်။ လက်ဖက်ရည်ဖျော်ရသည့် ပန်းနှင်းဆီမှာလဲ ချွေးတလုံးလုံး နှပ်တရွှဲရွှဲဖြစ်လာသည်။ အလုပ်ရှုပ်လေလေ စိတ်ရှုပ်လာလေလေ ဖြစ်ပြီး စိတ်ရှုပ်လေလေ နှပ်ထွက်လေလေဖြစ်သော ပန်းနှင်းဆီကြောင့် ဤလက်ဖက်ရည်ဆိုင်ကို လူရှောင်ကြခြင်းလည်း ဖြစ်သည်။ ထိုင်ခုံများ မဆန့်တော့သည့်အခါ မြေပြင်တွင် ဖျာများခင်းပေးလိုက်ရသည်။ သတင်းနားထောင်ဖို့ လာစောင့်တာဖြစ်သဖြင့် လက်ဖက်ရည်မှာမသောက်သူများကို မေကိုနှင့် ညလေညှင်းတို့က မျက်စောင်းတခဲခဲ မာန်တဖီဖီဖြစ်နေကြသည်။ ရှူရှူးနှင်းဆီ အဲလေ ယောင်လို့ ပန်းနှင်းဆီက ခြေတဆောင့်ဆောင့် နှုတ်ခမ်းတထော်ထော် ဖြစ်နေသည်။

တစ်နာရီခန့်အကြာတွင် ကောင်းမင်းလူ လိမ်ဖယ်လိမ်ဖယ်နှင့် ပြန်လာသည်။

``ဘာတဲ့လဲ ... ဘာတဲ့လဲ´´

သူ့ထက်ငါ အလုအယက်မေးနေသည်ကို မဖြေအားသေး။ မအေးမြဆီ တန်းသွားသည်။

``မမအေးမြရေ ... သူကြီးတူမတဲ့အေ့ ...´´ဟု အဆက်အစပ်မရှိ ပြောလိုက်သည်။

``ရွက်ဝါရယ် ညည်းကလဲ အပြည့်အစုံပြောစမ်းပါ။ သူကြီးတူမ ဘာဖြစ်တာလဲ´´

``အခု လာတဲ့ ဗိုလ်ကြီးမင်းသစ်က သူကြီးတူမကို လက်ထပ်ချင်လို့တဲ့´´

ကောင်းမင်းလူစကားကြောင့် အားလုံး ဟာကနဲ ဖြစ်သွားကြသည်။ သူကြီးတူမက ဖော်အဲဗားရွာမှာ အလှဆုံးစာရင်းဝင်တစ်ယောက် ဖြစ်သဖြင့် အခြားမှ လူက လက်ထပ်မည်ဆိုသောအခါ အားလုံး မကျေမနပ်ဖြစ်ကုန်ကြတော့သည်။ ဒေါသမီးရှိန်ကြောင့် ကြွပ်ရွနေကြတော့သည်။ သည်ကြားထဲ ကောင်းမင်းလူ ဆက်ပြောလိုက်သော စကားက မီးစကို အမှိုက်ပုံထဲ ပစ်လိုက်သလို ဖြစ်သွားသည်။

``ဗိုလ်ကြီးမင်းသစ်က မိန်းမရှိတယ်တဲ့တော့။ ကလေးနှစ်ယောက်အဖေတဲ့။ ပြီးတော့ သူက အဲဒီလို ရွာတွေကို လျှောက်သွားရင်း အမျိုးကောင်းသား အမျိုးကောင်းသမီးတွေကို ဖျက်ဆီးနေကျတဲ့ ... သူကြီးကလဲ သူ့လက်ထဲက ဒိုင်းညှောင့်ကြီးကြောက်လို့ ဘာမှ မပြောရဲဘူးတဲ့´´

ရွက်ဝါဆီမှ သတင်းအသေးစိတ်ကို ကြားသည့်အခါ အရင်ဆုံးပေါက်ကွဲသူက ငမူး မုတ်သုံ ...။

ဒါ ငါတို့ရွာသူကို လက်နက်အားကိုးနဲ့ မတရားသက်သက် အနိုင်ယူစော်ကားတာပဲဟု တွေးမိသည်။ ငါတို့ရွာသူ အမျိုးကောင်းသမီးလေးကို ငါ အသက်နဲ့လဲပြီး ကာကွယ်ရမယ်ဟု စိတ်ထဲတွင် တေးမှတ်ထားလိုက်သည်။ မာမီရွက်ဝါ ပြောသည့်အထဲတွင် အမျိုးကောင်းသားတွေကို ဖျက်ဆီးနေသည်ဟုလည်း ပါသည်။ ဒါကို ငမူးမုတ်သုံ မတွေးနိုင်။ အဲဒီလောက်ကြိုမြင်ဖို့လည်း ဥာဏ်မမီ။ သူက အဖြောင့်သမားကိုး။

ထို့ကြောင့် ဘာမပြောညာမပြောနှင့် ဆတ်ခနဲ ထသွားသည်။ အချိန်ကလည်း နေ၀င်ရီတရောဖြစ်နေသဖြင့် မိုးစက်အရက်ဆိုင်သို့ သွားနေကျဖြစ်သည့် မုတ်သုံ အရက်ဆိုင်သွားမည် ဟုသာ အများက ထင်ကြသည်။ ဗိုလ်ကြီးမင်းသစ်ကို သွားစိန်ခေါ်မည်ဟု မည်သူမျှ သူ့ကို အထင်မကြီး။ ထို့ကြောင့် အားလုံးက မသိလိုက် မသိဘာသာပင် နေလိုက်ကြသည်။

ပထမဆုံး မိုးစက်အရက်ဆိုင်သို့ သွားသည်။ စံချိန်မီစပ်အရက် တပိုင်းမှာပြီး မော့ချလိုက်သည်။ ပြီး ကောင်တာမှ မိုးစက်မိန်းမကို မှတ်ထားလိုက်ဟုပြောကာ ထရံတွင် မှီထောင်ထားသော ဓားကို ဆွဲကာ သူကြီးတို့အိမ်ဘက်သို့ ထွက်သွားသည်။ သူကြီးခြံဝင်းထဲရှိ ဗိုလ်ကြီးမင်းသစ် တည်းခိုနေသည့် အိမ်ရှေ့ရောက်လျှင်

“ဟေ့ရောင် မင်းသစ် ... မင်း သူကြီးတူမကို စော်ကားဖို့မကြံစည်နဲ့ကွ..။ မင်းမှာ မိန်းမရှိတာ ရွက်ဝါပြောလို့ တရွာလုံးသိပြီးကြပြီ။ မင်းမို့လို့ နှမချင်းမစာနာ ဒီလိုလုပ်ရက်တယ်။ ဆင်းခဲ့စမ်းဟေ့ရောင်။ သတ္တိရှိရင် မင်း အခုဆင်းခဲ့ ...။ မင်းနဲ့ငါ တစ်ယောက်ချင်းချမယ်။”

ခဏအကြာတွင် ဗိုလ်ကြီးမင်းသစ်ရဲ့ တပည့်များ သေနတ်ကိုယ်စီကိုင်လျက် အိမ်ပေါ်မှ ဆင်းလာကြပြီး ဓားကို ထားခဲ့၍ အိမ်ပေါ်က အခန်းထဲကို ၀င်လာခဲ့ဖို့ ဗိုလ်ကြီးမင်းသစ်က မှာလိုက်ကြောင်း ပြောသည်။ မုတ်သုံ မင်းသစ်ကို အနည်းငယ် လေးစားသွားမိသည်။ လက်နက်ရှိနေပါလျက် တပည့်တပန်းတွေ ရှိနေပါလျက် တစ်ယောက်ချင်းချမည်ဟု စိန်ခေါ်သည်ကို တလေးတစားလက်ခံပါပေသည်ဟု အထင်ကြီးမိသွားသည်။ သို့သော် သူကြီးတူမအတွက် စာရင်းရှင်းရပေဦးမည်။

ထို့ကြောင့် ဓားကို ပစ်ချကာ တ၀ုန်းဝုန်း တဒိုင်းဒိုင်းဖြင့် အိမ်ပေါ်ပြေးတက်သွားကာ အခန်းထဲသို့ ၀င်လိုက်သည်။ အခန်းထဲ ရောက်သည်နှင့် မွှေးမြသော စံပယ်ရနံ့က ရင်ကို အေးမြ သွားစေသည်။ ပြတင်းတံခါးများကို ပိတ်ထားသဖြင့် အလင်းရောင် ခပ်သဲ့သဲ့သာ ရှိနေသည်။ အခန်းထောင့်စားပွဲခုံတွင် မင်းသစ်တစ်ယောက် ၀ိုင်တစ်ခွက် သောက်နေသည်။ မုတ်သုံကို တွေ့သည်နှင့်

``လာလေ ... သားလေး ... ထိုင်´´ ဟု ချိုသာစွာ ခေါ်သည်။

``ငါ့ကို အမေတစ်ခု သားတစ်ခုမှန်းသိလို့ စော်ကားရန်စတာပဲ။ ဒင်းကို သေတောင် အဖေမတော်ဘူး...
 ထွီ´´

ဟု စိတ်ထဲတွင် ကြံကာ မင်းသစ်ဆီ လျှောက်သွားလိုက်သည်။ မင်းသစ်က သူ့ဆီ တဖြည်းဖြည်း လှမ်းလာသော မုတ်သုံကို တစိမ့်စိမ့်ကြည့်ရင်း နှုတ်ခမ်းကို လျှာနှင့်သပ်နေသည်။ ပြီး မခို့တရို့လေး ပြုံးပြလိုက်ပြီး

``ငါ သူကြီးတူမကို လက်မထပ်တော့ပါဘူးကွယ်´´ဟု ချိုသာစွာ ပြောလိုက်သည်။

``ဗျာ ... ဟို ... ဟိုဟာဗျာ ...´´

မုတ်သုံ အားတုံ့အားနာစွာဖြင့် ဘာပြောရမှန်းမသိ၊ အထစ်ထစ် အငေါ့ငေါ့ဖြစ်သွားသည်။ ထွက်နေသည့် ဒေါသများလည်း ဘယ်ဆီရောက်ကုန်မှန်း မသိ။ သောက်ထားသည့် အရက်များလည်း ကြက်ပျောက် ငှက်ပျောက် ဖြစ်ကုန်တော့သည်။ သို့သော် မင်းသစ် ဆက်ပြောသည့်စကားက

`` ဒါပေမယ့် သားလေး အနေနဲ့ ကိုယ့်စကားတော့ ကိုယ်တာဝန်ယူရမယ်နော် ...´´

``ဗျာ ... ဘာစကားလဲ ... ဘာတာဝန်ယူရမှာလဲဟင်´´

မုတ်သုံ အထိတ်ထိတ် အလန့်လန့်ဖြစ်သွားသည်။ မင်းသစ်က

``ဟယ် ... ကြည့်စမ်း ... လူဆိုးလေး ... မသိချင်ယောင် ဆောင်နေတယ် ... ဟွန့် ...။ သူပဲ စောစောက အိမ်ရှေ့မှာ လာအောင်နေပြီးတော့...´´

မုတ်သုံ ရင်ခုန်လာသည်။ ချွေးစီးများလည်း ပြန်လာသည်။

``ဘာ .... ဘာ စကားပါလဲ ခင်ဗျာ´´

ဗိုလ်ကြီးမင်းသစ် တံခါးမဆီသို့ ရုတ်တရက် ထွက်သွားသည်။ တံခါးကို သော့ခတ်ကာ ပြတင်းပေါက်ဆီ လှည့်လာသည်။ ပြတင်းပေါက်ကို ဆွဲဖွင့်ကာ သော့တံကို လွှင့်ပစ်လိုက်သည်။ ပြတင်းပေါက်မှ ၀င်လာသော အလင်းရောင်ကြောင့် ဗိုလ်ကြီးမျက်နှာတွင် မိတ်ကပ်အဖွေးသား နှုတ်ခမ်းနီအရဲသားကို မုတ်သုံ သတိထားမိသည်။ ရင်ခုန်သံတွေ မြန်လာသည်။

``ဟွန့် ... သူပဲ စောစောက သတ္တိရှိရင် တစ်ယောက်ချင်း ချမယ်ဆို ...။ လာလေ တစ်ယောက်ချင်း ချရအောင် .... နော် ..... နော်လို့ ...။´´

ဗိုလ်ကြီးမင်းသစ်မှာ မာမီတစ်ယောက်ဖြစ်ပါသည်။ ရွာတစ်ရွာရောက်တိုင်း ပျိုမျစ်နုနယ်သော ယောက်ျားပျိုလေးများကို တွေ့တိုင်း ရင်ခုန်တိမ်းမူးစွာ ကြည့်တတ်သည်။ သို့သော် သူပုန်အဖွဲ့တွင် ဆက်ဆံရေးကောင်းခြင်း၊ စည်းရုံးရေးကောင်းခြင်း၊ စီမံမှုတော်ခြင်းတို့ကြောင့် သူ့ကို ဗိုလ်ကြီးအဆင့်တွင် ထားပေးသည်ဖြစ်ရာ သူ့ရာထူးအရ သူခြောက်နေမှန်းလူမသိစေချင်သဖြင့် သူ့သိက္ခာကို ထိန်းသည့်အနေဖြင့် အချောအလှ မိန်းမပျိုများကို သိမ်းပိုက်ပြလေ့ရှိသည်။ ညရောက်လျှင်
``ညီအစ်မချင်းတွေပဲဟယ် ဒို့တွေ ကစားရအောင်နော်´´
ဟုဆိုကာ တူတူပုန်းတမ်း ကစားခြင်း၊ မျက်နှာကို အဝတ်စီးပြီး ဘုတ်တလုပ်တောက်တဲ့ ကစားခြင်း၊ နဖူးတောက်တမ်း ဗြောင်နောင်နောင်ဗေပေ့ဂျိကစားခြင်းတို့ဖြင့်သာ တညလုံး အချိန်ကုန်စေသည်။

အချောအလှ မိန်းမပျိုများမှာ နံမည်သာပျက်ပြီး ဘာ ... ဘာ .... ဘာမှမဖြစ်လိုက်ရသဖြင့် မနက်အိမ်ပြန်ရောက်သည်နှင့် ငိုကျွေးခြင်း၊ ကိုယ့်ကိုယ်ကို သတ်သေခြင်းများ ပြုလုပ်ကြပါတော့သည်။ ဒါကို မသိသူများက ဗိုလ်ကြီးမင်းသစ် စော်ကားသည်ဟု အထင်မှားနေကြခြင်းသာ ဖြစ်ပါတော့သည်။
.
.
(အကိုရင်းသဖွယ် ခင်မင်ခဲ့ရသော ကိုထူးအောင်ကို နောက်ပြောင်လိုသည့်အတွက် ရေးထားသည့် ပို့စ်ဖြစ်ပါသည်။ ခု ကိုမင်းသစ်ကို ခင်မင်စွာဖြင့် နောက်လိုက်ပါသည်။ စိတ်မရှိပါရန် တောင်းပန်ပါသည်။ ငကောင်း၊ ငမုတ်နှင့် သယ်ရင်းအပျိုကြီးများကို လုံးဝမတောင်းပန်ပါ)

ကြိုးလော—ဘွဲ့လော?

ရေးသူ – ဒေဝဣန္ဒာ မောင်မောင်ကြီး
သီချင်းအမျိုးအစား – ဝတ်ရုံတော်ဘွဲ့နှင့်ကြိုး
အဆို – တင်တင်မြ
အတီး – အလင်္ကာကျော်စွာစောင်းဦးဘသန်း

တခါက မဟာဂီတလောကမှာ ကြိုးလော ဘွဲ့လော ပြဿနာကလေးတစ်ခု ပေါ်ပေါက်ခဲ့တယ်။ မင်းတုန်းမင်းနဲ့သီပေါမင်းလက်ထက် နန်းတွင်းစောင်းဆရာကြီး ဒေဝဣန္ဒာမောင်မောင်ကြီး ရေးစပ်ခဲ့တဲ့ မှန်ညောင်သဉ္ဇာ၊ ရှုတိုင်းသာစွ၊ အတိုင်းမသိ သီချင်း၃ပုဒ် ကို ကြိုးသီချင်းလား ဘွဲ့သီချင်းလားလို့အငြင်းပွား ကြတယ်။ အဲ့ဒါနဲ့ အလင်္ကာကျော်စွာစောင်းဦးဘသန်းကိုချဉ်းကပ် မေးတဲ့အခါ ဆရာကြီးက ‘ကြိုးယူဘွဲ့ယူ အတူတူ ဘယ်မူနားဝင်သာသနည်း‘ လို့ မဟာဂီတသမိုင်းဝင်စကားကိုပြောပြီး ကြိုးပုံစံ ဘွဲ့ပုံစံ နှစ်မျိုးတီးခတ်ပြပြီး သံသယအတွေးများကို ဖြေရှင်းပေးခဲ့ပါတယ်။


အခုဒီသီချင်း ၃ ပုဒ်ကိုတင်ပေးလိုက်ပါတယ်။အဆိုတော်ကြီးတင်တင်မြ ဆိုထားပြီး စောင်းဦးဘသန်းကိုယ်တိုင်တီးထားပါတယ်။ တီးလုံးကြီးသက်သက် လေ့လာနားထောင်လိုသူတွေအတွက်လဲဆရာကြီးရဲ့ စောင်းတီးလုံးကို ထည့်သွင်းပေးထားပါတယ်။
မှန်ညောင်သဉ္ဇာနဲ့ အတိုင်းမသိစာသားတွေကိုတော့ နိုင်ငံတော်မူမှကူးယူဖော်ပြထားပြီး ရှုတိုင်းသာစွစာသားကိုတော့ နိုင်ငံတော်မူမှာမပါလို့ ရွှေနန်းသုံးမဟာဂီတမှ ကူးယူထားပါတယ်။ အဆိုစာသားနဲ့ အနည်းငယ်ကွာခြားနိုင်ပါတယ်။
.
မှန်ညောင်သဉ္ဖာ ဘွဲ့နှင့်ကြိုး
(နိုင်ငံတော်မူမှ)
(မှန်ညောင်သဉ္ဇာ၊ ညီလာပတ်ဝန်းမြိုင်၊ ခညောင်းသဘင် ဥကင်မြင့် ရဝေဆိုင်)၂။ (ကြိုင်ကြိုင်ငယ်သင်းလှိုင်၊ မွှေးပျံ့ထုံ၊ ပန်းခုံတော်ရင်းဆီက၊ နှင်းနှင့်မြတ်လေးဇီဇဝါ၊ ညွှတ်ကာဖူးရလေး၊ ညွှတ်ကာချပ်လွှာ၊ ဝတ်ညှာသင်းပျံ့၊ ပန်းမင်းသက မြတ်စူကာ၊ စုံစွာထူးလှလေး။
.
ရှုတိုင်းသာစွ ( နန္ဒာကန်)ဘွဲ့နှင့်ကြိုး
(ရွှေနန်းသုံးမဟာဂီတမှ)
ရှုတိုင်းသာစွ နန္ဒာရေယဉ်၊ ဟင်္သာစံရွှင် မြူးကြကူးသန်း။ တပင်ပြောင်းကြ တပင်ပမြန်း။ ပျော်ခန်းသာစွ တခန်းတခန်း၊ ရေနန်းငယ်မြနဒီ တိုးလို့ဖြိုးဝေစည်။ ဆန်းဆန်းဆန်းဆန်း ထွေထွေလီလီ၊ ပန်းမျိုးပန်းမျိုး စုံစီစုံစီ၊ ပင်ညီညာ ယှက်လို့သာ၊ ခက်ဖြာညွန့်ဝေလန်းပါလို့၊ နတ်ပန်းတမျှရွှေအာသာ၊ စုံစွာဖူးကြလေး။ နန်းဦးဘွေချာ၊ သာယာဆန်းလှ၊ နတ်နန်းတမျှဝတိန်ပမာ၊ သာယာနန်းဘုံမှာ။ ။
.
အတိုင်းမသိ ဘွဲ့
(နိုင်ငံတော်မူမှ)
(အတိုင်းမသိ၊ ဘုန်းတော်ကြီးပါဘိသကို။ သီတင်းငယ်လေ၊ ကြေညာလှိုင်ကြူ၊ တောင်ကျွန်းလုံးထွတ်မှန်ကူ)၂။ (ပြိုင်သူလေ၊ ဆိုင်သူလေ၊ ရန်မြူကင်းဝေး၊ ဘယ်ဘယ်မင်းမှယှဉ်လာဝံ့သေး)၂။ (အခေါင်ငယ် စိုးပါတယ်၊ အခေါင်ငယ် မိုးပါတယ်၊ စိုးကာပိုင်ကာ ချုပ်ချည့်လေး၊ ကျွန်းတောင်ညာလုံး အုပ်ချည့်လေ)၂။ ရွှေနန်း ရွှေနန်း သူငယ်မှာ၊ ငယ်မူငယ်ရာ သားငယ်နှင့်၊ သနားချစ်ခင်စရာလေတည့်မှ သနားချစ်ခင်စရာ။
.
.
သီချင်း download လုပ်ရန်
.
မှန်ညောင်သဉ္ဇာ
ရှုတိုင်းသာစွ
အတိုင်းမသိ
မှန်ညောင်သဉ္ဇာ၊ ရှုတိုင်းသာစွ၊ အတိုင်းမသိ ဘွဲ့နှင့်ကြိုး စောင်းတီးကွက်

ဂေဟစနစ်

သဘာဝပတ်ဝန်းကျင်ကို တည်မှီရှင်သန်နေရတဲ့ လူသားတိုင်း Ecosystem လို့ ခေါ်တဲ့ ဂေဟစနစ်ကိုလဲ သိထားသင့်ပါတယ်။ အပင်နှင့် သတ္တ၀ါတို့ အချင်းချင်း တည်မှီဆက်စပ်ပြီး အပြန်အလှန် အကျိုးပြုနေတာကို ဂေဟစနစ်လို့ ခေါ်ပါတယ်။ ဒါကြောင့် သစ်ပင်ရယ်၊ သားငှက်တိရစ္ဆာန်လေးတွေရယ်၊ လူတွေရယ် တဖက်ဖက်က ဖောက်ပြန်သွားရင် အဲဒီနေရာက ဂေဟစနစ်ဟာလဲ ပျက်စီးသွားပါတယ်။

သစ်ပင် သစ်တောတွေဟာ မြေဆီလွှာထိန်းသိမ်းမှုအနေနဲ့ လူသားတွေကို အကျိုးပြုပေးသလို ရာသီဥတုကိုလည်း ပြုပြင်ပေးပါတယ်။ ဘယ်လိုပြုပြင်ပေးလဲဆိုတော့ သူတို့ဟာ သက်ရှိတွေကို အန္တရာယ်ပေးနိုင်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့(CO2)ကို သူတို့ရဲ့ အစာအတွက် စုပ်ယူစားသောက်ပြီး သက်ရှိတွေလိုအပ်တဲ့ အောက်ဆီဂျင်ကို ပြန်လည်စွန့်ထုတ်ပေးပါတယ်။ ခြောက်သွေ့တဲ့ရာသီတွေမှာ ရေငွေ့ကို သိုမှီးပေးပါတယ်။ သန့်စင်တဲ့ ရေရအောင် စစ်ထုတ်ပေးပါတယ်။ ဒါဟာ သက်ရှိသတ္တ၀ါတွေကြောင့် ဖြစ်ပေါ်လာတဲ့ ညစ်ညမ်းမှု Pollution တွေဟာ သစ်ပင်တွေကြောင့် မပျက်မစီးနိုင်ခြင်း အကျိုးရလဒ်ပါပဲ။

အကယ်၍သာ သစ်ပင်သစ်တောတွေကို ခုတ်ထွင်လိုက်လို့ အစိမ်းရောင်ကွက်လပ်တွေ လျော့နည်းလာပြီဆိုရင် လူသားတွေရဲ့ စက်ရုံစတာတွေက ထုတ်လွှတ်တဲ့ ဖန်လုံအိမ်ဓာတ်ငွေ့Green House Gas အာနိသင်ကြောင့် ပူနွေးမှုကို ပထမဆုံးခံစားရမယ်။ ဒုတိယအနေနဲ့ လူသားတွေစွန့်ထုတ်တဲ့ ကာဗွန်ဒိုင်အောက်ဆိုက်ကို စုပ်ယူမယ့်အရာတွေ လျော့နည်းသွားမယ်။ ဒီအခါမှာ လေထုညစ်ညမ်းမှု Air Pollution တစ်ခုကို စတင် တွေ့ရပါမယ်။ လေထုညစ်ညမ်းတဲ့အတွက် အဲဒီအရပ်မှာ မိုးရွာသွန်းရင်တောင် ကာဗွန်ဒိုင်အောက်ဆိုက်ဓာတ်ငွေ့ပါဝင်တဲ့ မိုးရေကျဆင်းလာမှု ပိုမို များပြားလာမယ်။ အဲဒီလို အပေါ်ယံ ရေထုညစ်ညမ်းမှုဟာ ဆယ်စုနှစ်တစ်ခု အတွင်းမြေအောက်ရေညစ်ညမ်းမှုကိုပါ ဖြစ်စေနိုင်ပါတယ်။ အာဆင်းနစ်ဓာတ်ပါဝင်တဲ့ ရေဟာ သောက်သုံးသူကို အန္တရာယ်ဖြစ်စေပါတယ်။

နောက်ထပ်အကျိုးဆက်အနေနဲ့ ဇီဝသတ္တ၀ါအချို့ ဆုံးရှုံးပါမယ်။ ခိုနားရာနှင့် အောက်ဆီဂျင်မလုံလောက်တဲ့အတွက် သတ္တ၀ါမျိုးစိတ်အချို့ ပေါက်ဖွားမှု နေထိုင်မှု လျော့နည်းသွားပါတယ်။ အဲဒီအခါ သတ္တ၀ါတွေရဲ့ အကူအညီနဲ့ လုပ်ဆောင်ရတဲ့ လူသားတွေရဲ့ စိုက်ပျိုးရေးလုပ်ငန်းတွေမှာ မြေဆီသြဇာလျော့နည်းခြင်း၊ ၀တ်မှုံပေါင်းကူးခြင်းတွေပျက်စီးနိုင်ပါတယ်။ သစ်ပင်သစ်တောတွေဟာ မိုးရွာသွန်းမှုကို ဖြစ်ပေါ်စေသလို မိုးရွာသွန်းမှုကြောင့် ရေတိုက်စားမှုဖြစ်ပေါ်တဲ့အခါ မြေဆီလွှာကို သစ်တောတွေက ထိန်းသိမ်းတားဆီးပေးပါတယ်။ စိုက်ပျိုးရေးအတွက် မဖြစ်မနေလိုအပ်တဲ့အတွက် မြေဆီလွှာထိန်းသိမ်းရေးဟာ လူသားတို့အတွက် အရေးပါလှပါတယ်။

မြန်မာနိုင်ငံတွင် သစ်တောမြေဧကပေါင်း ၈၄.၉၅ သန်းကျော်၊ ဒီရေတော ဧကပေါင်း တစ်သန်းကျော် ရှိသည်ဟု သိရပါသည်။ အိန္ဒိယနိုင်ငံတွင် သစ်တောပြုန်းတီးမှုကြောင့် ကန္တာရရာသီဥတုကို စတင် ခံစားနေရပါပြီ။ နေရဉ္ဇရာမြစ်သည် မိုးရောနွေပါ သဲပြင်ချည်းသာ ဖြစ်နေတော့သည်။ နာမည်ကြီး ဂင်္ဂါမြစ်၊ အစိရ၀တီမြစ်တို့သည် မြန်မာနိုင်ငံရှိ ချောင်းငယ်မျှလောက်ပင် ရေစီးဆင်းမှု မရှိတော့ပေ။ ထို့ကြောင့် မြစ်တွင်းရေထုညစ်ညမ်းလာသည်။ ရေထုညစ်ညမ်းမှုကြောင့် ရေနေသတ္တ၀ါများ ရှင်သန်ပေါက်ဖွားမှုလည်း မရှိသလောက် ဖြစ်သွားပါပြီ။ သောက်သုံးမှုအတွက်ရော စိုက်ပျိုးမှုအတွက်ပါ မြေအောက်ရေကို စတင်ထုတ်ယူနေကြရပါပြီ။ ထိုမြေအောက်ရေသည် သန်းတစ်ထောင်ကျော်သော အိန္ဒိယသားတို့ကို နှစ်ပေါင်းမည်မျှ ပေးနိုင်မည်နည်း။ အိန္ဒိယ၏ ဂေဟစနစ်ပျက်စီးမှုက တွေးကြည့်လျှင် ရင်လေးစရာ ကောင်းလှသည်။

မြန်မာနိုင်ငံတွင်ကား သစ်တောများ ရှိနေခြင်းကြောင့် အိမ်နီးချင်းအိန္ဒိယနိုင်ငံထက် မိုးရွာသွန်းမှု များပြားပါသည်။ ထို့ကြောင့် စိုက်ပျိုးရေးအတွက် မြေအောက်ရေထုတ်ယူသုံးစွဲမှု မရှိသလောက် ဖြစ်နေဆဲပင်ရှိသေးသည်။ ဒီရေတောများရှိနေခြင်းကြောင့် ပင်လယ်ဆားငန်ရေ ၀င်ရောက်မှုကို တားမြစ်နိုင်သည်။ ထို့ကြောင့် ပင်လယ်ဝမြစ်ဝကျွန်းပေါ်ဒေသ နုန်းတင်မြေနုများပေါ်တွင် စိုက်ပျိုးရေးကို အဓိကထား လုပ်နိုင်နေသည်။ ဧရာဝတီ၏ရေစီးကြောင်း မှန်နေသေးခြင်းကြောင့် ငါးများလည်း ပုံမှန် ရွှေ့ပြောင်းသားပေါက်နိုင်ကာ ငါးဖမ်းလုပ်ငန်းများလည်း လုပ်နိုင်သေးသည်။

သံလွင်မြစ်တွင် ငါးမျိုးစိတ်ပေါင်း ၁၄၃ မျိုးရှိပြီး ယင်းတို့အနက် ၄၇ မျိုးမှာ ရှားပါးမျိုးစိတ်များဖြစ်ကြောင်း သိရပါသည်။ ဧရာဝတီမြစ်၊ မေခ၊ အင်မိုင်ခမြစ်တို့သည် ကမ္ဘာကြီး၏ ဇီဝသတ္တမျိုးကွဲ အစုံလင်ဆုံး နေရာ ၂-ခုကြား (အိန္ဒိယ-မြန်မာဒေသနှင့် တရုတ်နိုင်ငံ အလယ်-တောင်ပိုင်းဒေသ) တွင် တည်ရှိနေပြီး၊ ကမ္ဘာကြီး၏ ဂေဟဗေဒစနစ်အရ အရေးပါ သည့်နေရာတွင် ရှိနေပါသည်။ ဤဒေသများတွင် အနည်းဆုံး အပင်မျိုးစိတ်ပေါင်း ၁,၅၀၀ ကျော်တည်ရှိနေပြီး၊ ရှားပါးမျိုးနွယ်အများစု၏ ၇၀% သည် ဤဒေသကို အခြေခံ၍ ပေါက်ဖွားလာသော မျိုးစိတ်များ ဖြစ်ကြပါသည်။ အထူးရှားပါးနေပြီဖြစ်သော ဧရာဝတီ ရေချိုလင်းပိုင်ငါးကြီးများ (Orcaella brevirostris) သည်လည်း ကမ္ဘာပေါ်တွင် ရှားပါးနေပြီဖြစ်သည့် ရေချိုလင်းပိုင်ငါးကြီး ၄ မျိုးအနက် တမျိုးဖြစ်ပါသည်။

အကယ်၍သာ ဧရာဝတီ၏ပုံမှန်ရေစီးကြောင်းကို တုံ့နှေးသွားစေလျှင် ဧရာဝတီ၏ ဂေဟဗေဒစနစ် ပျက်စီးမှုအဖြစ် ပင်လယ်တွင်းမှ ဆားငန်ရေများ ၀င်ရောက်မှု အင်အားလည်း တိုးလာနိုင်ခြင်း၊ ဒီရေတောများ ပျက်စီးလာနိုင်ခြင်း၊ ဒီရေတောများပျက်စီးခြင်းကြောင့် မြစ်ဝကျွန်းပေါ်စိုက်ပျိုးရေးလုပ်ငန်းကို ထိခိုက်လာနိုင်ခြင်း၊ မြစ်တွင်းငါးများ သားပေါက်ရာ လမ်းကြောင်းပျောက်သဖြင့် ငါးမျိုးစိတ်အချို့ ပျောက်ကွယ်သွားနိုင်ခြင်း၊ ကမ္ဘာ့ရှားပါးဖြစ်သည့် ဧရာဝတီလင်းပိုင်များ ပျောက်ကွယ်သွားနိုင်ခြင်းတို့ကို တွေးတောရင်း ဂေဟဗေဒစနစ်အရေးပါပုံကို သူငယ်ချင်းများအား တင်ဆက်လိုက်ပါသည်။

<>-----------------------------------------------------------------------------------<>
Living in the Environment - ကို မှီငြမ်းလျက် စိတ်ကူးချဲ့ထွင်လိုက်ပါသည်။ (ဆန်းစုနိုင်)

သီတင်းကျွတ်လပြည့် အဘိဓမ္မအခါတော်နေ

 123grr.gif 
သီတင်းကျွတ်လသည် မြန်မာလ ၁၂ လတွင် သတ္တမမြောက် လဖြစ်ပြီး ရဟန်းသံဃာတော်တို့ မိုးရာသီခိုအောင်းရာ ၀ါတွင်းကာလ၏ နောက်ဆုံးလဖြစ်ပါသည်။ ရာသီခွင်မှာ တူရာသီ ဖြစ်ပြီး အဿဝတီ နက္ခတ်နှင့် လမင်းတို့ စန်းယှဉ်ကာ မွန်းတည့်ကြသည်။ ဤရာသီ၏ ပန်းမှာ ကြာဖြူပန်း (Nymphaea Lotus) ဖြစ်ပါသည်။

သီတင်းကျွတ်လကို ရှေးမြန်မာကျောက်စာများ၌ `သံတူလ´ ဟု ရေးထိုးကြသည်။ ချိန်ခွင်ပုံ ကြယ်တာရာ နက္ခတ်တို့  စုဝေးသော မိုးကာလဟုလည်းကောင်း၊ တောင်သူလယ်သမားတို့ စိုက်ပျိုးထားသော စပါးပင်များ သန်စွမ်းစွ ထောင်မတ်သော လဟုလည်းကောင်း ဖွင့်ဆိုကြပါသည်။ မြန်မာတို့၏ ၁၂ လ ရာသီပွဲတော်များတွင် သီတင်းကျွတ်လတွင် မီးထွန်းပွဲ ခေါ် ဆီမီးမြင်းမိုရ်ပွဲကို ကျင်းပကြပါသည်။

ဆီမီးမြင်းမိုရ်ပွဲကို ဘုရားရှင် သက်တော်ထင်ရှား ရှိစဉ်ကတည်းက ကျင်းပခဲ့သည်ဟု ဆိုလျှင် ဆိုနိုင်ပါသည်။ မြတ်စွာဘုရားရှင်သည် သာဝတ္ထိပြည် ကဏ္ဍမ္ဗသရက်ဖြူပင်အနီး၌ ရေမီးအစုံအစုံ တန်ခိုးပြာဋိဟာကို ပြတော်မူပြီးနောက် သတ္တမမြောက်ဝါတွင်း သီတင်းသုံးရန်အတွက် တာဝတိံသာ နတ်ပြည်သို့ နှစ်လှမ်း သုံးဖ၀ါးဖြင့် ကြွတော်မူပါသည်။ နှစ်လှမ်းသုံးဖ၀ါးဖြစ်ပုံမှာ လူ့ပြည်တွင် ဖ၀ါးတစ်ဖက်ကို နင်းလျက် ယုဂန္ဓိုရ်တောင်ထိပ်သို့ နောက်ဖ၀ါးတစ်ဖက်ကို လှမ်းချလိုက်ပါသည်။ ယုဂန္ဓိုရ်တောင်ထိပ်တွင် ထိုဖ၀ါးကို ချနင်းလျက် နောက်ခြေတော်တစ်ဖက်ဖြင့် တာဝတိံသာ နတ်ပြည်သို့ လှမ်းကြွချနင်းလိုက်ပါသည်။ ဤသို့လျှင် ဖ၀ါးချတော်မူရာ သုံးနေရာနှင့် ခြေတော်နှစ်လှမ်း လှမ်းသည်ကို နှစ်လှမ်းသုံးဖ၀ါး ကြွတော်မူသည်ဟု ဆိုပါသည်။

တာဝတိံသာနတ်ပြည် ပင်လယ်ကသစ်ပင်ရင်း၌ ခင်းထားအပ်သော ပဏ္ဍုကမ္ဗလာ မြကျောက်ဖျာထက် ၀ယ် နေမင်းကဲ့သို့ တင့်တယ်စွာ စံနေတော်မူလျက် မယ်တော်ဖြစ်ခဲ့ဖူးသော သန္တုဿိတနတ်သား အမှုးထား၍ စကြ၀ဠာတိုက် တစ်သောင်းမှ တရားနာလာရောက်ကြကုန်သော နတ်ဗြဟ္မာအပေါင်းတို့အား အဘိဓမ္မ တရားတော်မြတ်ကို ဟောကြားတော်မူပါသည်။ ဤသည်ကို ရည်၍ -

``မယ်တော်မိနတ်၊ ကျေးဇူးဆပ်၊ ဟောလတ်ဘိဓမ္မာ´´
 ဟု ရှေးဆရာမြတ်တို့ ပြောဆို ရေးသားကြပါသည်။ ၀ါတွင်းသုံးလတိုင် ဟောကြားတော်မူပြီးနောက် သီတင်းကျွတ် လပြည့်နေ့  ရောက်သောအခါ ဘုရားရှင်သည် နတ်ဗြဟ္မာအပေါင်းခြံရံလျက် သိကြားမင်းဖန်ဆင်း ပူဇော်သော ရွှေစောင်းတန်း၊ ပတ္တမြားစောင်းတန်း၊ ငွေစောင်းတန်းသုံးသွယ်တွင် သိကြားလက်ယာ ဗြဟ္မာလက်ဝဲ ထားလျက် အလယ် ပတ္တမြားစောင်းတန်းဖြင့် သင်္ကဿနဂိုရ်ပြည်သို့  ပြန်လည်ဆင်းသက်တော်မူသည်ဟု ဗုဒ္ဓဘာသာအဋ္ဌကထာစာပေများတွင် ဆိုကြပါသည်။

ထိုနေ့ညတွင် ဘုရားရှင်နှင့် သုံးလတိုင် ခွဲနေကြရသော ဒကာဒကာမတို့မှာ ဘုရားရှင် တာဝတိံသာ နတ်ပြည်မှ ပြန်လည်ကြွရောက်တော်မူလာခြင်းကို မီးရှူး မီးတိုင်များ၊ မီးပန်းများ၊ ဆီမီးများဖြင့် ပူဇော်ကြိုဆိုကြပါ သည်။ ဤဖြစ်စဉ်ကို အကြောင်းပြုလျက် သီတင်းကျွတ် မီးထွန်းပွဲတော် စတင်ဖြစ်ပေါ်လာခြင်း ဖြစ်ပါသည်။

အဘိဓမ္မတရား ဟောကြားတော်မူခြင်းနှင့် စပ်၍ မှတ်သားရပြန်သည်မှာ -
ဝါဆိုလပြည့်ကျော် (၁) ရက်နေ့မှ သီတင်းကျွတ်လပြည့်နေ့ အထိ ရက်ပေါင်း (၉၀)၊ ၀ါတွင်း (၃) လ - အတွင်း

၁။ ဓမ္မသင်္ဂဏီကျမ်း ကို (၁၂) ရက်
၂။ ၀ိဘင်းကျမ်းကို (၁၂) ရက်
၃။ ဓာတုကထာကျမ်းကို (၆) ရက်
၎။ ပုဂ္ဂလပညတ်ကျမ်းကို (၇) ရက်
၅။ ကထာဝတ္ထုကျမ်းကို (၈) ရက်
၆။ ယမိုက်ကျမ်းကို (၂၀) ရက်
၇။ ပဋ္ဌာန်းကျမ်းကို (၂၅) ရက် ဟောတော်မူခဲ့ကြောင်း သိရှိရပါသည်။

ထိုအဘိဓမ္မာတရား ဒေသနာတော်ကို အတိဝိတ္ထာရ၊ အတိသင်္ခေပ၊ နာတိဝိတ္ထာရ နာတိသင်္ခေပဟူ၍ နည်း (၃) နည်း ဖြင့် ဟောကြားခဲ့ပါသည်။

(၁) အတိဝိတ္ထာရ ဒေသနာ (အကျယ်နည်း)
ဤနည်းဖြင့် တာဝတိံသာနတ်ပြည်တွင် နတ်ဗြဟ္မာတို့အား ဟောကြားတော်မူပါသည်။ မယ်တော်ကို ကျေးဇူးဆပ်လိုခြင်း၊ အဘိဓမ္မာတရားကို အစအဆုံး တစ်ထိုင်တည်း ဟောကြားလိုခြင်း၊ အစ အဆုံး တစ်ထိုင်တည်းဟောမှသာ တရားနာသူတို့ အကျိုးထူးရနိုင်ခြင်း၊ အဘိဓမ္မာဒေသနာတော်၏ ကျယ်ဝန်းနက်နဲမှုကို သိစေလိုခြင်း၊ လူတို့သက်တမ်းနှင့် သုံးလလောက်ဟောမှ ကုန်နိုင်မည့် တရားဖြစ်သည့်အတွက် လူတို့၏ ဣရိယာပုထ်ဖြင့် ဟောသူရော နာသူပါ မနေနိုင်ခြင်းတို့ကြောင့် ဤအဘိဓမ္မာအကျယ်နည်းကို တာဝတိံ သာနတ်ပြည်၌ ဟောရခြင်းဖြစ်ပါသည်။

(၂) အတိသင်္ခေပဒေသနာ (အကျဉ်းနည်း)
ဤနည်းဖြင့် ပညာအရာတွင် ဘုရားရှင်မှလွဲ၍ အသာလွန်ဆုံး ဧတဒဂ်ဘွဲ့ထူး ရတော်မူသည့် အရှင်သာရိပုတ္တရာကို ဟောတော်မူပါသည်။ မြတ်စွာဘုရားသည် လူသားဖြစ်တော်မူသည့်အတွက် ဆွမ်းခံခြင်း ဆွမ်းစားခြင်း ရေချိုးသန့်စင်ခြင်း စသည် ပြုလုပ်ရပါသည်။ ဤကိစ္စများ ဆောင်ရွက်ရန်အတွက် နိမ္မိတ ရုပ်ပွားတော်ကို အဓိဋ္ဌာန်ဖြင့် ဖန်ဆင်းပြီး တာဝတိံသာတွင် အဘိဓမ္မတရားကို ဆက်လက်ဟောကြားစေလျက် ဘုရားရှင်ကမူ လူ့ပြည်သို့ ကြွတော်မူကာ မြောက်ကျွန်းတွင် ဆွမ်းခံဘုဉ်းပေး၍ ဟိမ၀န္တာစန္ဒကူးတော ၌ နေ့အခါ နေတော်မူပါသည်။ အရှင်သာရိပုတ္တရာက မြတ်စွာဘုရားအား ထိုနေရာတွင် လာရောက် တွေ့ဆုံ ဖူးမြော်လျက် ၀တ်ကြီးဝတ်ငယ် ပြုသည့်အခါ မြတ်စွာဘုရားက ရှင်သာရိပုတ္တရာအား အဘိဓမ္မာ တရားကို အကျဉ်းချုပ်နည်းဖြင့် ဟောတော်မူပါသည်။

(၃) နာတိ ၀ိတ္ထာရ နာတိသင်္ခေပ ဒေသနာ (မကျဉ်းမကျယ်နည်း)
မြတ်စွာဘုရား ဟောခဲ့သည့် အကျဉ်းနည်းကို တပည့် ရဟန်းငါးရာတို့အား မကျဉ်းမကျယ်နည်းဖြင့် ပြန်လည် ဟောတော်မူပါသည်။ နောက်တနေ့တွင် အရှင်သာရိပုတ္တရာက တပည့်ရဟန်း ငါးရာကို ဟောကြားသော အဘိဓမ္မာ ဒေသနာတော်အား မြတ်စွာဘုရားထံမှောက်၌ ပြန်လည်လျှောက်ထား အစစ်ဆေးခံရာ မြတ်စွာဘုရားက လက်ခံအတည်ပြုတော်မူခဲ့ပါသည်။

ဤသို့ဖြင့် အဘိဓမ္မာ ဒေသနာတော်ကြီးသည် ဘုရားဖြစ်ပြီးနောက် ခုနစ်ဝါမြောက်ဖြစ်သော မဟာသက္ကရာဇ် ၁၀၉ ခု ၀ါဆိုလပြည့်ကျော် (၁)ရက် မှ သီတင်းကျွတ်လပြည့်နေ့အထိ (၃)လအတွင်း နည်း(၃)နည်းဖြင့် လူ့ပြည်၊ နတ်ပြည် တပြိုင်တည်း ပေါ်ထွန်းခဲ့ပါသည်။

အခြားသော သုတ္တန် ၀ိနည်း တရားတော်များထက် သာလွန် ထူးမြတ်သည့် တရားဖြစ်သောကြောင့် အဘိဓမ္မတရားဟု ခေါ်သည်။ သာမန်ဥာဏ်ရှိသူများအတွက် အဘိဓမ္မာတရားသည် သမုဒ္ဒရာရေကို ခြင်ကောင်၏ နှုတ်သီးဖြင့် ထောက်သကဲ့သို့ မမီနိုင်အောင် နက်နဲလှသည်။ ဘုရားဖြစ်ခါစက ရတနာဃရ ရွှေအိမ်တော်ဝယ် အခြားသော တရားတော်များကို ဆင်ခြင်သည့်အခါ ထူးခြားမှုတစုံတရာ မဖြစ်ခဲ့ပေ။ အကောင်ကြီးသည့် ငါးကြီးများ ရေတိမ်တွင် ကူးခတ်ရသည့်အခါ မလွတ်မလပ်ဖြင့် ကျဉ်းကြပ်နေရာမှ သမုဒ္ဒရာ ရေနက်ရာသို့ ရောက်သည့်အခါ စိတ်တိုင်းကျ လွတ်လပ်စွာ ကူးလူးပျော်မြူးရသကဲ့သို့ အဘိဓမ္မာတရားကို ဆင်ခြင်သည့်အခါ နက်ရှိုင်းလှသည့် သဗ္ဗညုတ ဥာဏ်တော်ဖြင့် နက်နဲလှသည့် တရားကို စိတ်တိုင်းကျ ဆင်ခြင်လိုက်ရသည့်အတွက် စိတ်တော်မှာ ကြည်လင် ရွှင်လန်းတော်မူခဲ့ရသည်။ စိတ်တော်ကြည်သဖြင့် ကိုယ်ရေအဆင်းလဲ ကြည်လင်လာသည်။ ကိုယ်ရေအဆင်း ကြည်လင်လာရာမှ ကိုယ်တော်၏ နေရာစုံမှ ရောင်ခြည်တော်များ ကွန့်မြူးလာတော်မူခဲ့ရပါသည်။

ဤကဲ့သို့ ထူးမြတ်သည့် တရားတော်ကြီးကို တာဝတိံသာနတ်ပြည်တွင် ဟောတော်မူပြီးသည့်အဆုံး၌ လူ့ပြည်သို့ ပြန်လည်ကြွဆင်းတော်မူသည့်နေ့ကို အကြောင်းပြု၍ အဘိဓမ္မအခါတော်နေ့အဖြစ် သတ်မှတ်ခြင်းဖြစ်ပြီး ဘုရားရှင်နှင့် အထူးမြတ်ဆုံး တရားကို ပူဇော်သည့်အနေဖြင့် ဆီမီးမြင်းမိုရ်ပွဲများ ကျင်းပပူဇော်ခဲ့ကြခြင်း ဖြစ်ပါသည်။

(ဖတ်ဖူး မှတ်ဖူးခဲ့သော ဘာသာရေးစာပေများကို ကိုးကားလျက် ပူဇော်ပါသည်။ )

ဆန်းစုနိုင်

ဗိုလ်ချုပ်အောင်ဆန်း၏ လွမ်းမောဖွယ်မှတ်တမ်းများ



2အောင်ဆန်းဇာနည်
ဖေဖေါ်ဝါရီ ဆယ်သုံးဟာ
ဗိုလ်ချုပ်မွေးနေ့ပါ၊
တစ်ထောင့်ကိုးရာ တစ်ဆယ်ငါး
ရှေ့နေ ဦးဖာသား၊
ဇာတိ နတ်မောက် မကွေးခရိုင်
သိကြများခုတိုင်၊
ကြံ့ကြံ့ခိုင်တဲ့ ဇာနည်ဘွား
မိခင်ဒေါ်စုသား၊
တစ်ထောင့်ကိုးရာ လေးဆယ့်ခွန်
ပြောင်းကြွ တမလွန်၊
မျက်ရည်ဖြိုင်လို့ ဘ၀င်ညှိုး
ဇူလိုင် တစ်ဆယ့်ကိုး၊
ပြည်ထောင်လွတ်ရေး ကြိုးပမ်းအောင်
ပြည်ချစ်ဒို့ခေါင်းဆောင်၊
ဆိုရှယ်လစ်ဘောင်လမ်းစဉ်များ
ဗိုလ်ချုပ်ချမှတ်သွား၊
ပြည်ထောင်စုရဲ့ ကျေးဇူးရှင်
ဗိုလ်ချုပ်တို့ဖခင်၊
ကောင်းစေချင်တဲ့ မှာစကား
ငါတို့ မမေ့အား။



မွေးဖွားရာအချိန်နှင့် ဇာတိ
မြန်မာနိုင်ငံကိုချစ်တဲ့ မျိုးချစ်သူရဲကောင်း၊ တော်လှန်ရေးတွေမှာ အဆက်မပြတ် ပါဝင်ခဲ့တဲ့ 1 နိုင်ငံရေးကောင်း သမားတစ်ဦး ဖြစ်တယ် ဗိုလ်ချုပ် အောင်ဆန်းကို ၁၉၁၅ ခုနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့က  အလယ်ပိုင်း၊ မကွေးခရိုင်၊ နတ်မောက်မြို့မှာ မွေးဖွားခဲ့ပါတယ်။ သူရဲ့ဖခင်ကတော့ ရှေ့နေဦးဖာ ဖြစ်ပြီး မွေးမိခင်ကတော့ ဒေါ်ခင်စု ဖြစ်ပါတယ်။ 3သူမွေးဖွားတဲ့ အချိန်မှာ ပထမ ကမ္ဘာစစ်ကြီးရဲ့ ဒုတိယနှစ် ထဲကို ရောက်နေ ပြီးတော့ ဂျာမနီက ရေငုပ် သင်္ဘောများနဲ့ ဗြိတိသျှ ရေတပ်ကို အကြီးအကျယ် ဒုက္ခပေးနေတဲ့ အချိန် လည်းဖြစ်ပါတယ်။ အဲ့ဒီနှစ် ဖေဖေါ်ဝါရီ ၁၃ ရက်နေ့၊ မြန်မာခုနှစ်အရ ၁၂၇၆ ခုနှစ် တပေါင်းလဆန်း တစ်ရက် စနေနေ့ မနက်ပိုင်းမှာ ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားလာခဲ့ပါတယ်။ နက္ခတ်ဗေဒင်ဆရာကြီး ကီရို ဟောပြောချက်အရ ဖေဖေါ်ဝါရီ ၁၃ ရက်နေ့မွေးဖွားသူတို့က တိုင်းပြည်တစ်ပြည်ရဲ့ အစိုးရထီးနန်းကို ဖြိုဖျက်နိုင်စွမ်းသူများကို မွေးဖွားတဲ့ဇာတာလို့ ဟောခဲ့ပါသေးတယ်။
အမည်နာမနှင့် မွေးချင်းမောင်နှမ
ဇာတာအရ မှည့်ထားတဲ့ နာမည်ကတော့ မောင်ထိန်လင်းဖြစ်ပါတယ်။ ဒါပေမယ့် သူ့ကို ဘယ်သူကမှ ထိန်လင်းလို့ ခေါ်လေ့ခေါ်ထမရှိဘဲ သူ့အကို ကိုအောင်သန်းရဲ့ နာမည်နဲ့ လိုက်အောင် မှည့်ထားတဲ့ မောင်အောင်ဆန်း လို့သာ ခေါ်ကြတော့တယ်။ နောက်ပိုင်း ဒို့ဗမာ အစည်းအရုံးကို ၀င်ရောက်တဲ့အခါ သခင်အောင်ဆန်း ဖြစ်လာခဲ့တယ်။ သခင် အောင်ဆန်းရဲ့ ဂျပန်အမည်ကတော့ အိုမိုဒါမွန်ဂျီ ဖြစ်ပါတယ်။ အဲ့ဒီနောက် ထိုင်းနိုင်ငံ ဗန်ကောက် ရဲဘော် သုံးကျိပ်ဝင်များ ဗိုလ်အမည်ခံရာကနေ ဗိုလ်တေဇဖြစ်လာခဲ့တယ်။ နောက်ဆုံးကတော့ တိုင်းပြည်နဲ့ လူမျိုးအတွက် နိုင်ငံရေးဆောင်ရွက်တဲ့ နေရာမှာတော့ ဗိုလ်ချုပ်အောင်ဆန်းအမည်နဲ့ ထင်ရှားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းမှာ သူအပါအ၀င် မွေးချင်းမောင်နှမ ၈ ယောက်ရှိပါတယ်။ သူတို့တွေကတော့
1) မခင်ညွှန့် (လယ်ဝန်ကတော်) ကွယ်လွန်
2) မ၀က် (အိပ်ထောင်မပြု) ကွယ်လွန်
3) မောင်ဘ၀င်း ဘီအေ-ဘီအက်စ်စီ (ဗိုလ်ချုပ်နဲ့ အတူလုပ်ကြံခံရ)
4) မရွှေမှန် (ငယ်စဉ်ကကွယ်လွန်)
5) မောင်နေအောင် (အမိန်တော်အရရှေ့နေ ကွယ်လွန်)
6) ခုနှစ်လသား အမွှာနှစ်ယောက် (ပုခက်တွင်း ကွယ်လွန်)
7) ဦးအောင်သန်း (ဘီအေ) (မကွေးအရှေ့မြောက်ပိုင်း လွှတ်တော်အမတ်) ကွယ်လွန်
8) ဗိုလ်ချုပ်အောင်ဆန်း တို့ဖြစ်ပါတယ်။


4
ငယ်ဘ၀အကျဉ်းချုပ်
5ဗိုလ်ချုပ်မွေးဖွားတုန်းက သိပ်မထူးဆန်းပေမယ့် ထိုင်နိုင်ထနိုင်တဲ့ ကလေးဘ၀ကစပြီး ထူးခြားခဲ့တယ်လို့ သိရပါတယ်။ တော်တော်လည်း ဂွကျသူဖြစ်ခဲ့ပါတယ်။ ဗိုလ်ချုပ် ငယ်ငယ်တုန်းက တော်တော်နဲ့ စကား မပြောတာကြောင့် လူကြီးမိဘများက ဆွံ့အ နေသလားဆိုပြီး စိုးရိမ် ကြောင့်ကြခဲ့ရပါတယ်။ ဗိုလ်ချုပ်က ငယ်ငယ် တုန်းက ချူချာတဲ့အပြင် အစားလည်းကြူးပြီး အမဲသား ငါးကို  အလွန်ကြိုက်ပါတယ်။ ငယ်ငယ်တုန်းက မိခင်နဲ့ ဈေးဝယ်လိုက်သွားရင်း အမဲသားစိမ်းမြင်တာနဲ့ အတင်းလုစားမယ်လုပ်တယ်လို့ သူရဲ့မိခင်က ပြောခဲ့ပါတယ်။ ဒါ့အပြင် ယဉ်ကျေးတဲ့သူတွေကို အမြင်မကြည်ဖြစ်ပြီး အဲ့လိုလူတွေကြားထဲမှာ သိပ်လည်းနေသားမကျခဲ့ပါဘူး။ ဗိုလ်ချုပ်နေချင်တဲ့ပုံစံက လူရိုင်းပြီး ကြမ်းတမ်းခက်ထန်ပေမယ့် တည်ကြည်ပြီး လွတ်လပ်သန်စွမ်းတဲ့ ပုံစံမျိုးဖြစ်ပါတယ်။ 1-3ဗိုလ်ချုပ်ငယ်ငယ်တုန်းက အတီးအမှုတ်၊ အကအခုန် အတော် ၀ါသနာပါခဲ့တယ်။ အထူးသဖြင့် ဆိုင်းတီး တာကို အတော်ဝါသနာ ပါတယ်လို့ ပြောကြပါတယ်။ စားပွဲဖြစ်ဖြစ်၊ ခေါက်စရာတွေ့ရင် လက်ကွဲတဲ့အထိ အမြဲတမ်း ခေါက်နေလေ့ ရှိပါတယ်။ များသော အားဖြင့် ဣနြေ္ဒကြီးပြီး ချောင်တချောင် မှာကပ်ပြီး မှိုင်ကာ စဉ်းစားနေလေ့ရှိပြီး ကစားခုန်စား သိပ်လုပ်လေ့လုပ်ထ မရှိပေမယ့် ကစားတဲ့အခါ ကြမ်းတမ်းပြီး ကြမ်းတမ်းတဲ့ ကစားနည်းကိုမှ နှစ်သက်တတ်ပါတယ်။ မျက်နှာလို မျက်နှာရနဲ့ အထက်လူကြီးတွေကို တိုင်တောခြင်းကို ငယ်ငယ်ကတည်းက အထူးစက်ဆုပ် ရွံ့မုန်းခဲ့သူဖြစ်တယ်။

ကျောင်းသားဘဝ

ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိဘနှစ်ပါးလုံးမှာ ဥာဏ်ရည်ထက်မြတ်သောသူတွေ ဖြစ်ကြပါတယ်။ ဗိုလ်ချုပ်ရဲ့ဖခင်က ရှေ့နေစာမေးပွဲမှာ ဗမာပြည်တပြည်လုံး တတိယစွဲခဲ့ပါတယ်။ အကိုများ၊ ၀မ်းကွဲညီအစ်ကိုများ နဲ့ ဦးလေးတွေကလည်း သူတို့ရဲ့ ကျောင်းစာမေးပွဲမှာ ထိပ်တန်းကျကျ အောင်မြင်ခဲ့ကြသူချည်းပါပဲ။ ဗိုလ်ချုပ်ရဲ့မိဘ များကလည်း ပညာရေးကို အထူးလိုလားကြတဲ့အတွက် ဗိုလ်ချုပ်ရဲ့ အစ်ကိုတွေကိုငါးနှစ်သား အရွယ်ကစပြီး ကျောင်းထားခဲ့ကြသည်။ ဗိုလ်ချုပ်ကတော့ 6အငယ်ဆုံးဖြစ်ပြီး အလိုလိုက် ထားတာကြောင့် အသက် ၈နှစ်ရောက်မှ ကျောင်းစနေ ဖြစ်ခဲ့ပါတယ်။။ ဒါတောင် အစ်ကိုက ရှင်ပြုတာအားကျပြီး ရှင်ပြုချင်လို့ ကျောင်းနေခဲ့တယ်လို့ ဆိုပါတယ်။။ ကျောင်းတက်တော့လည်း အတန်းကျောင်း တက်ခဲ့ရတာကြောင့် စာသင်နှစ် ၄ နှစ်တည်းနဲ့ ၁၀တန်း အောင်မြင် ခဲ့ပါတယ်။။ အင်္ဂလိပ်-မြန်မာ သတ္တမတန်းစာမေးပွဲမှာ ဗမာတစ်နိုင်ငံလုံး န၀မစွဲခဲ့ပြီး အထက်တန်း စကေားလားရှစ် ရခဲ့ပါတယ်။ ဗုဒ္ဓဘာသာ ကျောင်းနဲ့ အမျိုးသားကျောင်းများမှာလည်း ပထမစွဲခဲ့ပြီး ဦးရွှေခိုဆုကို ရရှိခဲ့ပါတယ်။
အထက်တန်းပညာရေးကို နတ်မောက်နဲ့ ရေနံချောင်းတို့မှာ သင်ယူပြီးနောက် ရန်ကုန် တက္ကသိုလ်မှာ ၆ နှစ်ခွဲလောက်နေခဲ့ပြီး အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်းနဲ့ နိုင်ငံရေးသိပ္ပံတို့ကိုလည်း သင်ယူခဲ့ပါသေးတယ်။။ နိုင်ငံရေးစိတ်သန်မှုကြောင့် ကျောင်းစာများကို မလေ့လာနိုင်တဲ့အတွက် (ဘီ-အေ) အတန်းအထိ အောင်ယုံသာအောင်ခဲ့ပြီး (ဘီ-အေ) အထက်တန်းနှစ်တွင် ကျောင်းသားသပိတ် ခေါင်းဆောင်တစ်ဦး ဖြစ်တဲ့အတွက် အလုပ်ရှုပ်သဖြင့် (ဘီ-အေ) စာမေးပွဲကို တစ်နှစ်မဖြေဘဲ နေခဲ့ရပါသေးတယ်။ အဲ့ဒီနောက် (ဘီ-အယ်လ်) အတန်းကိုတက်တဲ့ အချိန်မှာတော့ အတန်းလည်းမှန်မှန်မတက်၊ စာအုပ်လည်းမရှိ၊ မှတ်စုလည်းမထား၊ စာလည်းမကြည့်၊ သူစိတ်သန်ရာ နိုင်ငံရေးကိုသာ လိုက်စားခဲ့တာကြောင့် (ဘီ-အယ်လ်) ပထမနှစ်စာမေးပွဲကို ကျရှုံးခဲ့ပါတယ်။ အဲ့ဒါက ဗိုလ်ချုပ်ဘ၀တွင် ပထမဆုံးနှင့် နောက်ဆုံးကျရှုံးခြင်းလည်း ဖြစ်ပါတယ်။ ဒါပေမယ့် ဥပဒေရာဇ၀င် ပထမမေးခွန်းမှာတော့ ဗိုလ်ချုပ်က ပထမရခဲ့ပါတယ်။ ဒုတိယ (ဘီ-အယ်လ်) နှစ်မှာတော့ နှစ်စေ့အောင် ကျောင်းမနေတော့ပါ။ အကြောင်းအရင်းကတော့ ဥရောပတိုက်မှာ မြူးနစ်စာချုပ် မချုပ်ဆိုမီ စစ်ဖြစ်မလို ဖြစ်နေတဲ့ခြေအနေနဲ့ ဗမာပြည်မှာလည်း အထိကရုန်း အခြေအနေတွေကြောင့် တိုင်းပြည်အတွက် ထိထိရောက်ရောက် လုပ်ကိုင်နိုင်ဖို့အတွက် နှစ်ဝက်မှာကျောင်းထွက်ပြီး သခင်ဘ၀သို့ ကူးပြောင်းခဲ့ပါတော့တယ်။

78

နိုင်ငံအတွက်လှုပ်ရှားခဲ့မှုများ

9
11
ဗိုလ်ချုပ်ဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ကျောင်းသားသမဂ္ဂတွင် အမှုဆောင်အဖွဲ့ဝင်အဖြစ် ရွေးချယ်ခြင်းခံခဲ့ရပြီး အဲ့ဒီအဖွဲ့ကထုတ်ဝေတဲ့ အိုးဝေမဂ္ဂဇင်းမှာ အယ်ဒီတာ အဖြစ် ပါဝင်ခဲ့ပါတယ်။ ၁၉၃၆ခုနှစ် ဖေဖေါ်ဝါရီလမှာ တက္ကသိုလ်အုပ်ချုပ်ရေး အရာရှိကြီး တစ်ဦးကို ရည်ညွှန်းထားတဲ့ ဆောင်းပါးဖြစ်တဲ့ ငရဲခွေးကြီး လွတ်နေသည် ဆိုတဲ့ ဆောင်းပါးကို အမည်မဖော်ပြခဲ့တဲ့အတွက် ကိုနု (သခင်နု)နှင့် အတူတကွ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းကို ခံခဲ့ရပါတယ်။ အဲ့ဒီနောက် သမိုင်းမှာ ကျောင်းသားသပိတ်ဆိုပြီး ဖြစ်လာခဲ့ပြီး နောက်ပိုင်းမှာတော့ ကျောင်းကထုတ်တဲ့ အမိန့်ကို ပြန်လည်ရုတ်သိမ်း ခဲ့ရတယ်။ ၁၉၃၈ ခုနှစ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂနဲ့ ကျောင်းသားသပိတ် မန္တလေးကို ကူးစက်ပြီး နောက်ပိုင်းဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ နှစ်ရပ်လုံးမှာ ဥက္ကဌအဖြစ် ရွေးချယ်ခြင်း ခံခဲ့ရပါသေးတယ်။ အဲ့ဒီနှစ်မှာပဲ အစိုးရက သူ့ကို ရန်ကုန်တက္ကသိုလ် အက်ဥပဒေပြင်ဆင်ရေး ကော်မတီမှာ ကျောင်းသားကိုယ်စားလှယ်အဖြစ် ရွေးချယ်ခဲ့ပါတယ်။ ၁၉၃၈ ခုနှစ် အောက်တိုဘာတွင် ဗိုလ်ချုပ်အောင်ဆန်းသည် ကျောင်းသားနိုင်ငံရေးမှ အမျိုးသားရေးသို့ ကူးပြောင်းခဲ့ပြီး ဗြိတိသျှဆန့်ကျင်ရေးသမားနှင့် ယုံကြည်မှုပြင်းထန်တဲ့ နယ်ချဲ့ဆန့်ကျင်ရေးသမားတစ်ယောက် ဖြစ်လာခဲ့ပါတော့တယ်။ ဒို့ဗမာအစည်းအရုံး ၀င်တစ်ဦး ဖြစ်လာသောအခါတွင် သခင်တစ်ဦးပါဖြစ်လာခဲ့ပါတယ်။ အသင်းကြီးကို ၁၉၃၀ ခုနှစ် မေတွင် ဖွဲ့စည်း တည်ထောင်ခဲ့ပြီး ဗိုလ်ချုပ်အောင်ဆန်းသည် အသင်းကြီး၏ အထွေထွေ အတွင်းရေးမှုးအဖြစ် ၁၉၄၀ ခုနှစ် ဩဂုတ်လအထိ ဆောင်ရွက်ခဲ့ပါတယ်။ အဲဒီတာဝန်ကို ထမ်းဆောင်နေစဉ် ၁၃၀၀ ပြည့် အရေးတော်ပုံလို့ လူသိများသည့် နိုင်ငံတဝန်း သပိတ်ပွဲများကို လှုံ့ဆော် ဦးဆောင်ခဲ့ပါတယ်။

ဗမာ့ထွက်ရပ်ဂိုဏ်းကြီးကို ထူထောင်ရာမှာလည်း ပါဝင်ခဲ့ပြီး အဲဒီအဖွဲ့ကြီးက ဒို့ဗမာအစည်းအရုံး၊ မြန်မာနိုင်ငံ ကျောင်းသားသမဂ္ဂ၊
10 နိုင်ငံရေး နိုးကြားသော ရဟန်းများ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီတို့ကို မဟာမိတ် ပြုထားခြင်းဖြစ်ပြီး ဗိုလ်ချုပ်က အဲဒီမဟာမိတ်အဖွဲ့ရဲ့ အတွင်းရေးမှုး ဖြစ်လာခဲ့ပါတယ်။ မကြာခင်မှာပဲ ဗိုလ်ချုပ်က ပြည်သူ့တော်လှန်ရေးပါတီကို ထူထောင်ရာမှာ ပါဝင်ခဲ့ပါသေးတယ်။ ဒုတိယကမ္ဘာစစ် ပြီးနောက်ပိုင်းမှာ အဲဒီအဖွဲ့ကို ဆိုရှယ်လစ်ပါတီဟု ပြန်လည်အမည်ပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသည် ၁၉၄၀ ခုနှစ် မတ်လမှာတော့ အိန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အိန္ဒိယ အမျိုးသားလွှတ်တော် စည်းဝေးပွဲသို့ တက်ရောက်ခဲ့ပေမယ့် အစိုးရက ဗြိတိသျှတို့ကို သခင်တို့က တော်လှန်ပုန်ကန်ရန် ကြိုးပမ်းအားထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်းဝရမ်း ထုတ်ပြန်ခဲ့တဲ့အတွက် မြန်မာနိုင်ငံတွင်း လှည့်လည်ပုန်းရှောင်နေခဲ့ရပြီး နောက်ဆုံးမှာတော့ နိုင်ငံရပ်ခြားကို ပြေးခဲ့ရပါတယ်။ စစချင်းမှာ ဗိုလ်ချုပ်ကတရုတ်ပြည်သို့သွားပြီး ကွန်မြူနစ်တရုတ်များထံ အကူအညီတောင်းရန် ရည်ရွယ်သော်လည်း ဂျပန်စစ်တပ်မှ ပြည်သိမ်းတပ်များက သူ့ကိုအမွိုင်မြို့တွင် ကြားဖြတ်တားဆီးပြီး ဂျပန်ပြည်သို့သာသွားရန် တိုက်တွန်းခဲ့ပါတယ်။

12၁၉၄၅ ခုနှစ် ဖေဖေါ်ဝါရီမှာတော့ ဗိုလ်ချုပ်အောင်ဆန်း ဂျပန်ကနေ မြန်မာနိုင်ငံကို ပြန်လာခဲ့ပြီး ဖူမီမာရိုကိုနိုး အစိုးရဆီက လက်နက်နဲ့ ငွေကြေးထောက်ပံမယ်ဆိုတဲ့ ကတိရလာခဲ့ပါတယ်။ အဲ့ဒီနောက် စစ်သင်တန်းတက်ဖို့ ရဲဘော်သုံးကျိတ် အဖွဲ့ဝင်တွေနဲ့ ဂျပန်ပြည်ကို ခဏပြည်လည် ထွက်ခွာသွားခဲ့ပါတယ်။ ၁၉၄၂ ခုနှစ် မတ်လမှာ မြန်မာနိုင်ငံရဲ့မြို့တော် ရန်ကုန်ဟာ ဂျပန်တို့ လက်အောက်သို့ ကျရောက် သွားခဲ့ပါတယ်။ ၁၉၄၃ ခုနှစ် ဩဂုတ် ၁ ရက်နေ့မှာ ဂျပန်တို့က မြန်မာနိုင်ငံအား အတုအယောင် ရွှေရည်စိမ်လွတ်လပ်ရေးကို ကြေညာပေးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းကို စစ်ဝန်ကြီးအဖြစ် ခန့်အပ်ပြီး ဗိုလ်ချုပ်ရဲ့တပ်မတော်ကိုလည်း ဗမာ့အမျိုးသားတပ်မတော် (ဘီအင်အေ)ဟု ပြောင်းလဲခေါ်ဝေါ်ခဲ့ပေမယ့် ဂျပန်တို့နဲ့ပူးပေါင်းမှုကတော့ ကြာကြာတော့မခံလိုက်ပါဘူး။ ဗိုလ်ချုပ်အောင်ဆန်းဟာ ဂျပန်များပြောတယ့် လွတ်လပ်ရေးဆိုတာကို သံသယဝင်လာတဲ့အပြင် ဗမာလူမျိုးများအပေါ် ဆက်ဆံသည့် ဆက်ဆံရေး ကိုလည်း မနှစ်မြို့ခဲ့ပါဘူး။ ဂျပန်တပ်များ မဝင်ရောက်မီကပင် ဖက်ဆစ်တို့၏ အန္တရာယ်ကို ကြိုတင် သတိပေးခဲ့တဲ့ ကွန်မြူနစ်ခေါင်းဆောင်များဖြစ်တဲ့ သခင်သန်းထွန်း၊ သခင်စိုးတို့၏ အကူအညီနဲ့ ဗိုလ်ချုပ်အောင်ဆန်းသည် ဂျပန်များအား တိုက်ထုတ်ရန် အိန္ဒိယပြည်ရှိ ဗြိတိသျှအာဏာပိုင်များနှင့် တိတ်တဆိတ် ဆက်သွယ်ခဲ့ပြီး လျှို့ဝှက်အစီအစဉ်များကို ရေးဆွဲခဲ့ကာ ၁၉၄၅ ခုနှစ် မတ်လ ၂၇ ရက်တွင် ဘီအင်အေတပ်ကို ဦးဆောင်ပြီး ဂျပန်ကျူးကျော်သူများကို မဟာမိတ်တို့နဲ့ ပူးပေါင်းပြီး တိုက်ထုတ်ခဲ့ပါတော့တယ်။ ဒါကြောင့် မတ်လ ၂၇ ရက်နေ့ကို တော်လှန်ရေးနေ့ဟု သတ်မှတ်ခဲ့ပြီး နောက်ပိုင်းတွင် စစ်အစိုးရမှ တပ်မတော်နေ့လို့ ပြောင်းလဲခေါ်ဝေါ်ခဲ့ပါတယ်။


ဗိုလ်ချုပ်အောင်ဆန်ုးရဲ့မိသားစု
ဗိုလ်ချုပ်ဟာ ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်နေစဉ် ၁၉၄၂ ခုနှစ် မှာ ဒေါ်ခင်ကြည်နှင့်14 လက်ထပ်ခဲ့ပြီး အောင်ဆန်းဦး၊ အောင်ဆန်းလင်း၊ အောင်ဆန်းစုကြည်စတဲ့ သား(၂)ယောက်၊ သမီး(၁)ယောက် ရခဲ့ပါတယ်။ အဲ့ဒီအချိန်မှာပဲ ဒေါ်ခင်ကြည်ရဲ့ ညီမကတော့ ကွန်မြူနစ် ခေါင်းဆောင် သခင်သန်းထွန်းနဲ့ လက်ထပ်ခဲ့ပါတယ်။ ဗိုလ်ချုပ်ရဲ့သားအကြီးဆုံး ဦးအောင်ဆန်းဦးက အမေရိကန်နိုင်ငံတွင် အလုပ်လုပ်လျက်ရှိပြီး ဒုတိယမြောက်သား အောင်ဆန်းလင်းကတော့  ၈ နှစ်သား အရွယ်မှာ ခြံထဲကရေကန်မှာ ရေနစ်သေဆုံးခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းရဲ့ အငယ်ဆုံး သမီး ဒေါ်အောင်ဆန်းစုကြည် ကတော့ အခုအခါ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဦးဆောင်လျှက်ရှိပါတယ်။
13


ဗိုလ်ချုပ်အောင်ဆန်းနှင့် စာပေ
15ဗိုလ်ချုပ်က ဘာသာရေးဆိုင်ရာ စာပေများကို ရေးသားခဲ့ရုံသာမက ဘာသာရေးနဲ့သက်ဆိုင်တဲ့ အလုပ်တွေကိုလည်း လုပ်ခဲ့ပါသေးတယ်။ ၁၉၃၅ခုနှစ် ဂန္ဓလောက မဂ္ဂဇင်း ဧပြီလထုတ်မှာ ဗိုလ်ချုပ်အောင်ဆန်းဟာ မြန်မာပြည်သူပြည်သား အများစု သက်ဝင်ယုံကြည်တဲ့ ဗုဒ္ဓဘာသာနဲ့ ပတ်သက်ပြီး Burma and Buddhism ဆိုတဲ့ခေါင်းစဉ်နဲ့ ဆောင်းပါးတပုဒ် ရေးသားခဲ့ပါတယ်။ အသက် (၂၀)အရွယ်မှာ ‘ဗုဒ္ဓဘာသာ၏ အနှစ်သာရမှာ ဝေဖန်ဆန်းစစ်၍ လက်တွေ့ ကျင့်သုံးနည်း' ဆိုတဲ့ဆောင်းပါးကို အင်္ဂလိပ်ဘာသာနဲ့ ရေးသားခဲ့ပါသေးတယ်။ စာပေနဲ့ပတ်သက်ပြီး အညာသားလေး ဆိုတဲ့ ကလောင်နာမည်နဲ့ သူရိယ မဂ္ဂဇင်းမှာ စာရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းဟာ တိုင်းပြည်ရဲ့အရေး ကောင်းကျိုးကို လိုလားတာကြာင့် နိုင်ငံရေးခေါင်းဆောင်၊ စစ်ရေးခေါင်းဆောင် လုပ်နေရပေမယ့် တကယ်တမ်းက စာရေးဆရာတစ်ယောက် ဖြစ်ချင်တာလို့ သိရပါတယ်။ ၁၉၄၇ခုနှစ် မေလ (၃၀)ရက်နေ့က ကိုယ့်မင်းကိုယ့်ချင်း လမ်းရှိ ဖဆပလဌာနချုပ်မှာ ပြုလုပ်ခဲ့တဲ့ သတင်းစာ ဆရာများ အစည်းအဝေးမှာ ဗိုလ်ချုပ်က ‘လွတ်လပ်ရေးရတဲ့ အချိန်အထိတော့ ကျုပ် နိုင်ငံရေး လုပ်ရအုံးမှာဘဲ၊ လွတ်လပ်ရေးရပြီးလို့ ပါတီတိုက်ပွဲတွေ ဖြစ်တဲ့အချိန်မှာ ကျုပ်က မပါချင်ဘူး။ ဘေးဖယ်နေမယ်။ သူများတွေလုပ်တာ ထိုင်ကြည့်ပြီး စာအုပ်ရေးမယ်’ ဆိုပြီး သူဖြစ်ချင်တာကို ပွင့်ပွင့်လင်းလင်းပြောခဲ့သေးတယ်။

ဗိုလ်ချုပ်မကွယ်လွန်ခင်အထိ နိုင်ငံရေး၊ ပညာရေး၊ စစ်ရေး၊ လောကီရေးရာများနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ
16တော်တော်များများကို ရေးသားခဲ့ပါတယ်။ ဗိုလ်ချုပ်ရေးသားခဲ့တဲ့ စာတွေကလည်း ဖတ်ရင် တိကျရှင်းလင်းပြီး ပေါ်ပေါ်လွင်လွင် ဖြစ်အောင် ရေးသားထားတာ တွေ့ရပါတယ်။ ဗိုလ်ချုပ်က ‘တကမ္ဘာ လုံးဟာ ယခုအခါ ခေတ်ပြောင်းနေတဲ့ အချိန်အခါကြီး ဖြစ်တယ်။ ကျွန်တော်တို့လည်း ကမ္ဘာကြီးနဲ့အတူ ခေတ်နောက်မကျအောင် လိုက်ကြစို့။ ကမ္ဘာ့ဇာတ်ခုံ ကြီးမှာ ကမ္ဘာ့တေးသံ လိုက်၍ ကနိုင်တဲ့ ဗမာပြည်ကြီး ဖြစ်အောင် ဖန်တီးပြုပြင်ကြစို့။ ဗမာပြည်ကြီးကို လွတ်လပ်ပြီး တိုးတက်ထွန်းကားတဲ့ တိုင်းပြည်ဖြစ်အောင် ကြံဆောင် ကြိုးစားကြစို့။ ကျွန်တော်တို့ အားလုံး စစ်သားရော၊ နိုင်ငံရေးသမားရော၊ စာရေးဆရာရော၊ သတင်းစာ ဆရာရော၊ ဗမာတမျိုးသားလုံး ယခုပြောတဲ့အတိုင်း ခေတ်ပြောင်း အလုပ်ကို တူပြိုင်ပြိုင် လုပ်ကိုင်ကြပါစို့’ လို့ ပြောကြားခဲ့ပါတယ်။  ဗိုလ်ချုပ်အောင်ဆန်းဟာ အနိုင်မခံဆိုတဲ့ ကဗျာကိုလည်း ၁၉၃၆ ခုနှစ် အိုးဝေမဂ္ဂဇင်းရဲ့ အတွဲ ၆ အမှတ် ၁ တွင် ရေးသား ခဲ့ပါ သေးတယ်။
17 အနိုင်မခံ
ငါ့အား ဖုံးလွှမ်းထားသော လကွယ်သန်းခေါင်
ဤအမှောင်အတွင်းမှနေ၍ အနိုင်မခံ အရှုံးမပေးတတ်သော
ငါ၏စိတ်ဓါတ်ကို ဖန်တီးပေးသည် နတ်သိကြားတို့အား ငါ ကျေးဇူးတင်၏။
လောကဓံတရားတို့၏ ရက်စက်ကြမ်းကြုတ်သော လက်ခုပ်တွင်းသို့
ကျရောက်နေရငြားသော်လည်း ငါကား မတုန်လှုပ် မငိုကြွေး
ကံတရား၏ ရိုက်ပုတ်ခြင်း ဒါဏ်ချက်တို့ကြောင့်
ငါ၏ ဦးခေါင်းသည် သွေးသံတို့ဖြင့် ရဲရဲနီ၏ ညွတ်ကား မညွတ်
ဤလောဘဒေါသတို့ ကြီးစိုးရာဌာန၏ အခြားမဲ့၌ကား
သေခြင်းတရားသည် ငံ့လင့်လျက်ရှိ၏။
သို့သော် ငါ့အားမတုန်လှုပ်သည်ကိုတွေ့ရအံ့။
နောင်ကိုလည်း ဘယ်တော့မှ မကြောက်သည်ကို တွေ့ရအံ့။
သုဂတိသို့ သွားရာတံခါးဝသည် မည်မျှ ကျဉ်းမြောင်းသည်ဖြစ်စေ
ယမမင်း၏ ခွေးရေပုရပိုက်၌ ငါ့အပြစ်တို့ကို မည်မျှပင် များစွာ
မှတ်သားထားသည်ဖြစ်စေ ငါကားဂရုမပြု
ငါသာလျှင် ငါ့ကံ၏ အရှင်သခင်ဖြစ်၍
ငါသာလျှင် ငါ့စိတ်၏ အကြီးအကဲဖြစ်သတည်း။

(ဗိုလ်ချုပ်အောင်ဆန်း)

မှ ကူးယူ တင်ဆက်သည်။
အောက်မှပုံများကို ရတနာပုံဂေဇက်မှ ရယူပါသည်။
-






-----------------------------------

ဖေ့စ်ဘွတ်ခ်က အပြန် (၁၃-၂-၂၀၁၂ - ဗိုလ်ချုပ်အောင်ဆန်းမွေးနေ့)

ရင်ခွင်သစ် ဖေ့စ်ဘွတ်ခ်စာမျက်နှာမှ “ဗိုလ်ချုပ်မွေးနေ့ အမှတ်တရ ပန်းချီကားများ)

ဗုဒ္ဓမြတ်စွာအား ရိုင်းပြစွာ နောက်​ပြောင်​ခဲ့​သည့် NBC ရုပ်သံအစီအစဉ်


အမေရိကန် ရုပ်သံလိုင်းကြီး တစ်ခုဖြစ်သည့် NBC ရုပ်သံတွင် ယမန်နေ့က ထုတ်လွှင့်ပြသခဲ့သည့် အပတ်စဉ် ဟာသအစီအစဉ် ဖြစ် သည့် Saturday Night Live (SNL) တွင် ဗုဒ္ဓမြတ်စွာအား နောက်ပြောင်စော်ကားသည့် Rude Buddha (ဒေါသကြီးသည့် ဗုဒ္ဓ) ဟု အမည်ရသည့် တစ်ခန်းရပ် အစီအစဉ်တစ်ခုအား ယမန်နေ့က ထုတ်လွှင့်သွားခဲ့သည်။

ယင်းအစီအစဉ်တွင် SML သရုပ်ဆောင် Andy Samnberg က သင်္ကန်းရုံကာ ဗုဒ္ဓအဖြစ် သရုပ်ဆောင်သွားခဲ့ပြီး ဗုဒ္ဓမြတ်စွာအား ရိုင်း ပြသော၊ ညစ်ညမ်းသော အသုံးအနှုန်းများ၊ အပြုအမူများဖြင့် နောက်ပြောင်ပြီး ပုံတူဖော်သွားခဲ့သည်။

ဦးစွာပထမအနေဖြင့် လွန်ခဲ့သောနှစ်ပေါင်း ၂၀၀၀ ကျော်က ဗုဒ္ဓပွင့်ခဲ့ကြောင်း၊ ညောင်ပင်အောက်၌ နေထိုင်ရင်း အလုံးစုံသိမြင်သော ဉာဏ်အားရရှိခဲ့ကြောင်း၊ လူအများ၏ ရှေ့ဆောင်လမ်းပြသူ၊ လွတ်မြောက်ရာအား ညွှန်ကြားပြသသူ ဖြစ်လာခဲ့ကြောင်း၊ သို့သော် လည်း ဗုဒ္ဓအနေဖြင့် လူအများမသိသော၊ အနီးကပ်တပည့်များသာသိသော အချက်များရှိသေးကြောင်း၊ ယခုပြသမည့် ဗီဒီယိုသည့် ဒေါသကြီးသောဗုဒ္ဓ၏ အကြောင်းအရာများဖြစ်ကြောင်း စာတမ်းထိုးသွားခဲ့သည်။
ထို့နောက်တွင် သင်္ကန်းရုံကာ ဗုဒ္ဓအသွင်ဖန်တီးထားသည့် Andy Samberg က ယင်းအား လူအများက လာရောက်တွေ့ဆုံပြီး မေးခွန်းများ မေးမြန်းခဲ့သည်များကို တင်ဆက်ပြသသွားခဲ့သည်။

ပထမဦးစွာ လာရောက်ခဲ့သည့် ပုဂ္ဂိုလ်က "ဗုဒ္ဓခင်ဗျား။ ကျွန်တော်ရဲ့စိတ်တွေက အမြဲတမ်း ဂဏာမငြိမ်ဖြစ်နေပါတယ်။ တရားရရှိရေးနဲ့ စိတ်အေးချမ်းရေးကို မည်သို့ဆောင်ရွက်ရပါမလဲ။" ဟု မေးမြန်းခဲ့ရာ ဗုဒ္ဓသရုပ်ဆောင်နေသည့် Andy Samberg က တည်ငြိမ်စွာဖြင့် ပင် "သင်ကြိုက်သော်လည်း ပန်းပွင့်မှာ ကြွေမည်ဖြစ်သလို၊ မြေစာပင်မှာလည်း သင်မကြိုက်သော်လည်း ပေါက်မည်သာဖြစ်မည်။" ဟု ဖြေကြားခဲ့သည်။

အဆိုပါပုဂ္ဂိုလ်က ဆက်လက်ပြီး "ဒါဆိုရင် အရာအရာတိုင်းကို အရှိအတိုင်း လက်ခံရမည်လား။" ဟု ထပ်လောင်းမေးမြန်းရာ Samberg က "မိုင်ထောင်ချီ ရှည်လျားသည့် ခရီးအားလည်း ပထမဆုံးခြေလှမ်းဖြင့်ပင့် စတင်ရမည်ဖြစ်သည်။" ဟု ပြန်လည်ဖြေ ကြားခဲ့သည်။

ပုဂ္ဂိုလ်က ကျေးဇူးတင်ကြောင်း ပြောကြားကာ ထွက်ခွာသွားပြီးနောက် ဗုဒ္ဓသရုပ်ဆောင်နေသည့် Samberg က ယင်း၏ အနီးတွင် ထိုင်နေသည့် တပည့် ၂ ဦး ဘက်သို့လှည့်ကာ "ဒီလူရဲ့ ပထမဆုံးခြေလှမ်းက တောင်စောင်းကပဲ ဖြစ်ရမယ်။ ဟားဟားဟား။ အရှိကို အရှိအတိုင်း လက်ခံရမယ်ဟုတ်လား။ အရှိအတိုင်းကတော့ ဒီလူဘယ်တော့မှ မိန်းမနဲ့မှ အိပ်ရမှာမဟုတ်ဘူး။ ဟားဟားဟား။" ဟု နောက်ပြောင်ပြောဆိုခဲ့သည်။

ထို့နောက် အမျိုးသမီးတစ်ဦး ရောက်ရှိလာခဲ့ပြီး "ကျွန်မရဲ့ ယောက်ခမနဲ့ အဆင်မပြေရပါ။ စိတ်ဒုက္ခ ရောက်ရပါတယ်။ ဒီဘဝကြီးမှာ မနေချင်တော့ပါ။" ဟု ဆိုခဲ့ရာ Samberg က "တရားရဖို့ နည်းလမ်းတစ်ခုထဲသာ ရှိတာမဟုတ်ပါဘူး။ ရေခွက်တစ်ခုကို ရေတစ်ပေါက်ခြင်း ဖြည့်ရင်းနဲ့ပဲ ပြည့်သွားရတာပါ။" ဟု ပြောကြားသွားခဲ့သည်။

ထိုအမျိုးသမီး ထွက်သွားပြီးနောက် တပည့်များဘက်သို့လှည့်ကာ "ခွက်လို့ပြောလို့၊ ဒီမိန်းကကိုယ်ပေါ်က မုတ်ခွက်တွေကို တွေ့လိုက် လား။ မိုက်လိုက်တာ။ လိင်စိတ်တောင် ကြွလာပြီနော်။ ဟားဟားဟား။ ဗုဒ္ဓလည်း ဒါမျိုးကြိုက်တတ်ပါတယ်။ ဟားဟားဟား။" ဟု ရိုင်းပြစွာ ဆိုသွားခဲ့သည်။

အဆိုးရွားဆုံးမှာ နောက်ဆုံးရောက်ရှိလာသည့် အမျိုးသမီး (Lindsay Lohan) နှင့် ပြောကြားခဲ့သည့် စကားများပင်ဖြစ်သည်။ အဆိုပါ အမျိုးသမီးက ယင်းအနေဖြင့် တရားကျင့်ကြံနေရာ အောင်မြင်မှု မရှိကြောင်း၊ နိဗ္ဗာန်သို့ရောက်ရှိရေး တရားပေးပါဟု တောင်းဆိုခဲ့ရာ Samberg က တပည့်ထံသို့ မသိမသာလှည့်ပြီး ရယ်ခဲ့ပြီးနောက် မျက်နှာအမူအရာ မပျက်စေပဲ အမျိုးသမီးအား "ရှိတာပေါ့ သမီး ငယ်။ သမာဓိနည်းလမ်း (Zen) ကို ပြပေးနိုင်ပါတယ်။ ဒီည ၁၁ နာရီလောက်ကို ပြန်လာခဲ့လေ။ အတူတူ တရားအားထုတ်တာပေါ့။" ဟု ဆိုခဲ့သည်။

ထို့နောက် Lindsay Lohan က "ဒါဆို အရှင်ဘုရားထံမှာပဲ တရားရရှိမှာပေါ့နော်။" ဟု မေးခဲ့ရာ Samberg က ရယ်မောလျက် "ငါရောက်မှာတော့ သေချာတာပေါ့။ ဟားဟားဟား။ သမီးအနေနဲ့ကတော့ အချိန်ပို လုပ်ရမယ်ထင်တယ်။" ဟု ဆိုခဲ့ရာ Lohan က ကျေးဇူးတင်စကားပြောပြီး ထွက်ခွာသွားခဲ့သည်။
Lohan ထွက်သွားပြီးနောက် ဗုဒ္ဓအသွင်ဖမ်း Samberg က တပည့်များထံလှည့်ကာ "သမာဓိနည်း (zen) ဟုတ်လား။ ဟုတ်တာကတော့ ဒီကောင်မလေးကို အိမ်ခေါ်သွားမယ်။ ပြီးရင် အဝတ်တွေချွတ်မယ်။ ကောင်မလေး ဂျူးလူမျိုး မဟုတ်လောက်ဘူးထင်ပါတယ်။ သူ့ကို ဝက်သားလို မြိန်မြိန်စားချင်လို့ပါ။ ဟားဟားဟား။ ငါ့ရဲ့ (သစ်ပင်) သာ ကောင်မလေးရဲ့ (ချုံပုတ်) ထဲ လဲကျမယ်ဆိုရင် အိမ်နီး ချင်းတွေတောင် ကြားရမှာကွ။ ဟားဟားဟား။" ဟု ရိုင်းပြသည့် အသုံးအနှုန်းများဖြင့် ပြောကြားသွားခဲ့သည်ကို တွေ့ရှိခဲ့ရသည်။



SNL အစီအစဉ်သည် အမေရိကန်နိုင်ငံတွင် နာမည်ကျော်သော ဟာသအစီအစဉ် တစ်ခုဖြစ်ပြီး အများသူငါအား ပွင့်လင်းစွာ လှောင်ပြောင်သည့် (Spoofs) အသုံးအနှုန်းများ အစဉ်အမြဲ အသုံးပြုလေ့ရှိသည်။ ယင်းတို့အနေဖြင့် ယခင်က ယေရှုအားလည်း ယခုကဲ့သို့ပင် နောက်ပြောင်ခဲ့ဖူးသည်။

ဒီမိုကရေစီပြည့်ဝသည့် နိုင်ငံတစ်ခုတွင် လူတိုင်းလူတိုင်း လွတ်လပ်ပွင့်လင်းစွာ ပြောဆိုဆွေးနွေးခွင့် ရှိသည်မှာ မှန်သော်လည်း ယခု ကဲ့သို့ ဘာသာတရားတစ်ခုအား ပျက်ရယ်ပြုခြင်း၊ ဗုဒ္ဓမြတ်စွာအား အတုယောင်ပြုပြီး၊ ညစ်ညမ်းသော အသုံးအနှုန်းများဖြင့် နောက် ပြောင်ပြောဆိုခဲ့ခြင်းတို့မှာ လုံးဝဥဿုံ မလုပ်သင့်မလုပ်ထိုက်သည့် အရာများဖြစ်ခြင်းကြောင့် NBC ရုပ်သံလိုင်းနှင့် SNL အစီအစဉ် အား ပြင်းထန်စွာ ရှုတ်ချလိုက်ပါသည်။

မှတ်ချက် - SNL အစီအစဉ်မှ တာဝန်ရှိသူများအား ဆက်သွယ်ရန် ကြိုးပမ်းခဲ့ခြင်းမှာ အောင်မြင်မှု မရရှိခဲ့သလို အီးမေးလ်ပေးပို့ ထားခြင်းအားလည်း ပြန်လည်ဖြေကြားခြင်း မရှိသေးပေ။ ကမ္ဘာတစ်ဝန်းမှ ဗုဒ္ဓဘာသာဝင်များထံသို့ ဤသတင်းအား မျှဝေပါရန် တိုက်တွန်း အပ်ပါသည်။ ဤသတင်းအပေါ် စာဖတ်သူတို့၏ တုန့်ပြန်ပြောဆိုမှုများအားလည်း NBC ရုပ်သံဌာနသို့ ပေးပို့သွားမည် ဖြစ်ပါသည်။
.
မေးလ်ထဲသို့ ရောက်လာသဖြင့် ဆက်လက် မျှဝေပါသည်။

ပန်းမြိုင်လယ် မဟာဂီတအဖွင့် (အပိုင်း - ၂)

ဘုံရွှေနန်းငယ်သည်ဝယ် ... ကွာနယ်ဆွေးရန် ... ကြံမှိုင်တွေးပြန် ...
ပူဝှန်ပန်းဖွယ်သည်မယ် ... ညှိုးတယ်ဝဋ်ဖန် ... ဆိုယောင်မှားကံ ... ဝေး
... သူ့ရပ်နယ်မြေ ... စကြာစုံရွှေမြန်း ... ရှိန်ဖြာကိန္ဒာပြည်တိုင်းခန်း ...
ကြို့ညိုသည်ဘုံစံကွန်းနန်း ... ဖြန့်မြန်းညီနောင်လေ ...
စွန်တောင်ကိုင်ရွှေလေး ... ရိပ်ဝင်ငယ်လေခိုကြောင်းရေး ...
ပျော်ယောင်သာစက်မှေး ... တွေးဖွယ်ကိုပင် သုကျိပ်မျှော်ရှုဆင်ခြင်။

လူညီနောင် ချစ်ချစ်ခင်ခင်ရှိနေပုံကို မြင်ရသည့် သုကျိတ်မျောက်ခမျာ
သူ့အဖြစ်ကို ပြန်တွေးပြီး မျက်ရည်ပေါက်ကြီးများ ကျရရှာလေသည်။ မျောက်မင်းသုကျိတ်မှာ
အကောင်ကြီးလွန်းသောကြောင့် မျက်ရည်ပေါက်ကြီးမှာ
လူ့လက်သီးလောက် ရှိသည်ဟု ဆိုသည်။ ထိုမျက်ရည်ပေါက်ကြီးမှာ
ရာမမင်း၏ ရင်ဘတ်ပေါ်ကျရာ တံတောင်နှင့် ထောင်းခံရသလောက်
နာကျင်သွားသဖြင့် ရာမမင်း အိပ်ရာက နိုးလာလေသည်။ ညီတော်က သူ့ကျောကို တံတောင်နှင့် ထောင်းသည်အထင်ဖြင့်မေးမြန်းရာ လက္ခဏကလည်း သူမထောင်းကြောင်း၊ အကိုတော်
နိုးမည်စိုးသဖြင့် သူ့ကျောတွင်ကိုက်နေသည့် မှက်ကြီးကိုပင် မရိုက်ဘဲထားကြောင်း သက်သေပြလေ၏။ ရာမမင်းက စစ်ဆေးကြည့်ရာ ကြို့ပင်ပေါ်မှ မျောက်ကြီးကို မြင်လေသည်။ မျောက်ကြီးကို လက်ညှိုးဖြင့် ထိုးလျက် အောက်သို့ ဆင်းလာဖို့ စေခိုင်းလေရာ မျောက်ကြီးလည်း သူ့အသက်ကို လွှတ်ပေးဖို့ တောင်းပန်ရင်း ရှိခိုးလျက် ဆင်းလာလေသည်။ ထိုအဖြစ်အပျက်ကို အောက်ပါအတိုင်း ပြင်စည်မင်းသားကြီး စပ်ဆိုထားပါသည်။ ဤအပိုဒ်ကို မျောက်မျက်ရည်ကျခန်းဟု ခေါ်သည်။

ညီနောင်မူယာ သူသာမြင် ... သည်တွင် ရွှေဘ၀င်လွန်လှိုက်လှဲ ...
ပူလောင်ကြေကွဲ ... ငိုယောင်ဆည်လဲ သည်သဲ ပြေဘဲအောင်သာ ...
သွယ်ကာငွေနှင်း ... မျက်ရည်ဖြာဆင်း ... ရင်တွင်းဝယ်သာ ...
ရာမင်းငယ်မှာ ... စက်ခါပျော်ဆဲနိုး။
မျှော်တော်မြင်သော် ... ညွှန်တော် ရွှေလက်ညှိုး ... ၀ပ်လျှိုးမျောက်မွန် ...
ကြောက်ဝှန်ကြက်သီးမိုး ... ရှိခိုး မြင်သော် ညွှန်တော်ရွှေလက်ညှိုး ၀ပ်လျှိုး
မျောက်မွန် ကြောက်ဝှန်ကြက်သီးမိုး

မျောက်ကြီးက ရာမမင်းအား ရှိခိုးလျက် လျှောက်ထားသည်မှာ
``အသက်ကို သနားသဖြင့် ချမ်းသာပေးတော်မူပါဘုရား။ အရှင်မင်းမြတ်တို့ ညီအကို ချစ်ခင်နေပုံကို မြင်ပြီး ကျွန်တော်မျိုးတို့အဖြစ်ကို တွေးမိကာ ၀မ်းနည်းလို့ မျက်ရည်ကျရခြင်း
ဖြစ်ပါတယ် ဘုရား။ ကိန္ဒာပြည်ကြီးတွင် ကျွန်တော်မျိုးမှာ ဗာလီလို့ခေါ်တဲ့ ညီတော်မျောက်တစ်ကောင် ရှိပါတယ်ဘုရား။ သူဟာ ကျွန်တော်မျိုးကို အမြဲ နိုင်စားလှပါတယ်။ သူက ကောင်းတဲ့အကိုင်းမှာပဲ နေပါတယ်။ ကြီးတဲ့အသီးဆိုလဲ သူချည်းစားချင်ပါတယ်။ နောက်ဆုံးတော့ ကျွန်တော်မျိုးမိန်းမ သုဘဒ္ဒါဆိုတဲ့ မျောက်မလေးကို သူ သိမ်းယူသွားပါတယ်ဘုရား။ အရှင်တို့ ညီနောင် ချစ်ခင်နေပုံကိုကြည့်ပြီး ကျွန်တော်မျိုးအဖြစ်ကို ၀မ်းနည်းလွန်းလို့ ငိုရခြင်း ဖြစ်ပါတယ်ဘုရား´´ ဟု လျှောက်ထားလေသည်။ ဤအဖြစ် အပျက်ကို အောက်ပါအတိုင်း စပ်ဆိုထားပါသည်။

စုံဆယ်ဖြာ ... ပန်ထွာဦးတင် ... ဖူးမြင်သက်လွတ်ကြောင်း ...
ထံတော်ပေါင်း ... သောင်းမြေပိုင် ... ရာမင်းဦးကိုင် ... ဘုန်းညွန့်လှိုင် ...
ပြည်ကိန္ဒာ ... နန်းမြိုင်ဆီမှာ ... ဗာလီသူမင်းမူ ... ပူဗျာဘယ်မငြိမ်း ...
သိမ်းယူငယ်သာ ... ဖော်ကွာမယ် သုဘဒ္ဒါ။

ထိုအခါ ရာမမင်းက သူ့ချစ်ဇနီး သီတာကို တွေ့မိသလားဟု မျောက်ကြီးထံ စုံစမ်းရာ မျောက်ကြီးက
``တွေ့မိပါတယ်ဘုရား။ တွေ့မိပုံက ခြူသံတွေ တလွင်လွင်နဲ့ ကြားလို့ မော့ကြည့်လိုက်တော့ ကျွန်တော့်ကြို့ပင်နားကနေ ဘီလူးကြီးတစ်ကောင် ပန်းရထားတစ်စီး မောင်းလာတာ တွေ့လိုက်ပါတယ်။ ပန်းရထားပေါ်မှာပါလာတဲ့ လုံမလေးဟာ အင်မတန် လှလွန်းပါတယ်။ ရထားမောင်းတဲ့ ဘီလူးကြီးက ပြုံးနေပေမယ့် ကလေးမလေးက မဲ့နေတဲ့အတွက် သူကြိုက်လို့ လိုက်လာတာ မဟုတ်လောက်ဘူးဆိုပြီး ရထားကို ကျွန်တော် ဆွဲထားလိုက်ပါတယ်´´

``ဘီလူးနဲ့ ကျွန်တော်ရန်ဖြစ်တော့ လုံမလေးက မောင်ကြီးမျောက်ရယ် ... ကျွန်မအတွက်နဲ့ အသက်အသေမခံပါနဲ့။ ကျွန်မယောက်ျားကို တွေ့ရင်သာ ဟောဒီတဘက်လေးကို ပေးလိုက်ပါ။ ကျွန်မတော့ ဘီလူးနောက်ကို ပါရပြီဆိုတဲ့အကြောင်း လျှောက်ထားပေးပါလို့ ပြောသွားရှာပါတယ်။´´

သည်မှာ ... တောင်သာခိုမှီရာ ... သီလာမြိုင်ချာ ကြို့ညိုနန်း ...
စံမြန်းခုဝယ် ... နေနှယ်ရွှေဘုန်းလက်ရုံး ပြိုင်နှုန်းတေဇာ ...
စကြာထန်ပြင်း ... ဆက်လှာကျွန်ရင်း ... သက်နှင်းပန်ထွာ ...
ကြောင်းလျာငင် ကုန်စင်ရှိဦးထား ... ရွှေနား ဆင်ပါ ...
တင်ကာပန်လျှောက်ကြား။

နတ်အသွင်လှပတဲ့ တောင်ညာစံဒေ၀ီကို တောင်စွယ်တွေရဲကအထက်က တိမ်ယံကြားထဲကနေ ရထားပျံ (လေယာဉ်ပျံ)နဲ့ သိန်းဃိုရှင် တင်ဆောင်ယူသွားလေပြီ။ သီတာ့ရဲ့အသံလေးတွေ အမူအယာလေးတွေကို မြင်ယောင် ကြားယောင်ရင်း တမ်းတလို့ ငိုပုံကို အောက်ပါအတိုင်း စပ်ဆိုထားပါသည်။ မြန်မာမှုတွင် ကောင်းကင်တွင် သွားလာသော ယာဉ်ကို လေယာဉ်ပျံဟု သုံးနှုန်းထားသည်ကို ဤသီချင်းတွင် အစောဆုံးသုံးနှုန်းထားသည်ဟု သတိထားမိသည်။ လေယာဉ်ပျံဆိုသော စကားကို ပြင်စည်မင်းသားကြီး တီထွင်ခဲ့လေသလားဟု ယူဆစရာ ရှိပါသည်။ ဤယူဆချက်မှာ မိမိတစ်ဦးတည်း၏ ယူဆချက်သာ ဖြစ်ပါသည်။ ဘာသာဗေဒပညာရှင်များအလို မည်သို့ ရှိမည်မသိပေ။

ညာနန်းနတ်ကယ်သွင် ... လေယာဉ်ပျံ တိမ်ယံတောင်စွယ် ...
မိုးလယ်ဝေယန်ဖျား ... မြသား စုံမြိုင်ညို ... သိန်းဃိုရှင် ...
တင်ယူဆောင်လှာ ... မျှော်ကာမြင်မိငြား ... တ ဆို ငိုသားငယ် ... ခုပင်
ကြားမြင်ခါဖန်ဖန် ... သြော်ရွှေဖူးစာငယ်နှယ် ... ကြုံတယ်ဘယ်
ရှေးဝဋ်တုံ့လှယ် ... ခုသည်ဝယ် ... ဆည်ဖွယ်ကြံရွယ် ပူနယ်ပိုအင် ...
သက်ခင်ကြွေလုသည်း။
မြင်တော်လာဘဲငယ်နှင့်သာ ... ကွဲကြေပူဗျာပုံ ... မှော်ရုံဂူနန်း စံတော်ရာ
... မျှော်ခါမြင်သေး ဆိုယောင်သားငယ် ဘယ်မှာ ... ဆည်နိုင်အောင်ကို ...
လွမ်းဝှန်ထပ်ပိုး ဆွေးညွတ်ပြို။
မြရေညိုပင်လယ်သီဟိုဠ် ... လေနန်းဝေယံ ဗိမာန်တောင်စွယ်ခို ...
အာကာ ဘုံလယ်ဝေမို ငွေနှင်းသွယ်ဟို ... ကြည်ကွဲရန်သာကို။ အို ဘုန်း
... မြင်တော်မူလှည့်အုံး ... ကြော့ယဉ်ဆုံးငယ် ရွှေကေရှင် ...
သော်တာလနန်း ငွေတိမ်စင် ... ကြေးမုံပြင် သွင်မြသား ...
တ ယောင် ဘုန်းမောင်ရွှေကိုယ်သား ... ဟေ၀န်ဖျား ... မြိုင်သီလာ ...
တောင်ယံတောစွယ် ... သာမောဖွယ်စေ ... ယဉ်ရေသွယ်သွယ်ဖြာ ...
ကန်သာသီတာ စီကာသန်း ... ရွှေကိုယ်သည်ဝယ်ပူနယ် ...
ပန်းအောင်မယ်မောင် ... ဗျာဝှန်ပိုမို ... ဆိုငိုမှိုင်ယောင် ... သည်းခေါင်
ကြွေလုငြား။

မအားလပ်တဲ့အတွက် သုတ်သီးသုတ်ပျာပဲ တွေးနိုင် ရေးနိုင်ပါတယ်။ အမှားပါလျှင် ပညာရှင်များ ပြင်ဆင်ပေးနိုင်ပါတယ်။

ပထမပိုင်းတုန်းက သီချင်းလိုချင်တဲ့ သူငယ်ချင်းအချို့ကို တွေ့ပါတယ်။ အခု တင်ထားတာက ကုတ်တွေနဲ့မို့ ဒေါင်းလို့ ရမရ မသိပါဘူး။ သီချင်းလိုချင်ပါက ကျွန်တော့်ကို မေးလ်လိပ်စာ ပေးထားရင် ပို့ပေးပါ့မယ်။ အားပေးမှုများကို လေးစားစွာဖြင့် (ဆန်းစုနိုင်)

တေဘုမ္မာ အဓိပ္ပာယ် ရှင်းတမ်း (အပိုင်း-၁)

သီချင်းအမျိုးအစား - ယိုးဒယား

ရေးသားသူ - ကျိုက်လတ် ဦးပြုံးချို


အဓိပ္ပာယ်ဖွင့်ဆိုသူ - ဆန်းစုနိုင်


တေဘုမ္မာ အနိစ္စ ဒုက္ခ အနတ္တ တရားမရလို့ များလှသံသရာ ကာမောဃာ ဘဝေါဃာ ဒိဋ္ဌောဃာ အ၀ိဇ္ဇောဃာ မကင်းတာ အရင်းခံ သူတဏှာ။


ဒိဋ္ဌိဥာဏ် ၀င်စား ထင်မှား မြင်ငြားကြတာ လူပဲ နတ်ပဲ မှတ်စွဲလို့သာ မှားချက်အလွန်နာ ငါ့သား ငါ့မယား လင်သားဥစ္စာ ငါ့ကိုယ် ငါ့ဟာ အစဉ်မကွာ သက္ကာယကြောင့် မာနတွေ ထောင်ကြတာ။ ၀ိပဿနာ ၀င်စား ထင်လျား မြင်ငြားကြပါ ဘာမျှ ရှာမရ အသာရကမှန်စွာ အနတ္တလက္ခဏာ ဖြစ်ရင်းတည်ရင်း ပျက်ရင်းချုပ်ခါ ရုပ္ပတိ သညာ ဖောက်ပြန်မဆိတ်စွာ အနိစ္စလက္ခဏာ ရုပ်တရား နာမ်တရားနှစ်ဖြာ အိုနာသေမည် အတည်မကျပါ သင်္ခါရဟာ ဘင်ကာလမကြာ ငါးဖြာဂတိမှာ လေးဘုံအပါယ်ငရဲရွာ အ၀ိဇ္ဇာအကြောင်းကြောင့် သင်္ခါရာ ၀ိညာဏ် နာမ်တရား ရုပ်တရားနှစ်ဖြာ ခြောက်ခုအာရုံ ကာမဂုဏ်ဆန္ဒ ပဋိစ္စသမုပ္ပန် ရှုပ်ပြန် အတွင်းအပ တဏှာ။ ရှက်စရာတွေးတော့ သမုဒယပါ မဂ္ဂဆေးနဲ့ ကုရမှာ လက္ခဏာရေးဖြင့် ရှုကြပါ။
.
**********
ကာမတဏှာ၊ ဘ၀တဏှာဟုခေါ်သော လောဘနှင့် ဒိဋ္ဌိ၊ အ၀ိဇ္ဇာတို့သည် သတ္တ၀ါတို့ကို သံသရာတွင် တလည်လည်မျောနေစေသဖြင့် သမုဒ္ဒရာနှင့် တူ၏။ ထို့ကြောင့် ယင်းတို့ကို သြဃဟု ခေါ်ပါသည်။ ထိုသြဃလေးဖြာ သံသရာသမုဒ္ဒရာတွင် တလည်လည်မျောနေရခြင်း၏ အဓိကတရားခံမှာ တပ်မက်မှု တဏှာကြောင့်ပင် ဖြစ်သည်။

ဆံပင် မွေးညင်း လက်သည်း ခြေသည်း အရေ အကျော အရိုး အသွေး အသားတို့ဖြင့် ဖွဲ့စပ်တည်ဆောက်ထားသည့် ခန္ဓာအိမ်ကြီးကို ခွဲခြမ်းစိတ်ဖြာကြည့်လိုက်လျှင် လက်သည်းကလည်း ငါ မဟုတ်၊ သူမဟုတ်။ ခြေသည်းကလည်း ငါမဟုတ်၊ သူမဟုတ်။ ဆံပင် မွေးညင်း အရေ အကြော စသည်များကလည်း ငါမဟုတ်၊ သူမဟုတ်ကြောင်း ထင်ရှားလှပါသည်။ ထိုသို့ ငါမဟုတ် သူမဟုတ်သည်ကို ငါဟုတ်သည် သူဟုတ်သည်ဟု စွဲယူမှတ်မှားနေခြင်းကို သက္ကာယဒိဋ္ဌိဟု ခေါ်သည်။ ထိုသက္ကာယအစွဲကြောင့် ဒါလူပဲ၊ ဒါနတ်ပဲ၊ ဒါ ငါ့သမီး ဒါ ငါ့မယား စသည်ဖြင့် စွဲလန်းမိခြင်းမှာ အင်မတန်မှကို ဆိုးရွားလှပါသည်။ ထိုသက္ကာယဒိဋ္ဌိ အမြင်မှား မှုကြောင့် မာန်မာနများလဲ ထောင်လွှားကြပါသည်။

တကယ့် ၀ိပဿနာဥာဏ်ဖြင့် ကြည့်လျှင် အနှစ်သာရဟူ၍ ဘာတစ်ခုမှ မတွေ့နိုင်ကြောင်း ထင်ရှားလှပါသည်။ ကိုယ်ဖြစ်စေချင်သလိုမဖြစ်ရသဖြင့် အစိုးတရမရှိသည့် မိမိ၏ အနတ္တခန္ဓာကြီးမှာ ဖြစ်ရင်း တည်ရင်း ပျက်ရင်းဖြင့် နောက်ဆုံးတွင် ချုပ်ပျောက်ပျက်စီးသွားရပါသည်။ ဤရုပ်ခန္ဓာကြီးကို အဆပေါင်းများစွာ ချဲ့ထွင်နိုင်သည့် အနုကြည့်မှန်ဘီလူးဖြင့် ကြည့်လျှင် Electron Proton Neutron စသည့် ရုပ်မှုန် ရုပ်မွှားတို့ ကန်ရေပြင်ပေါ် မိုးပေါက်ကျသကဲ့သို့ တဖွဲဖွဲဖြစ်ပျက်နေမှုမှာ ထင်ရှားလှပါသည်။ ဘုရားရှင်က ယင်းကို အနိစ္စဟု ခေါ်သည်။ ထိုသို့ ဖြစ်လိုက် ပျက်လိုက်ဖြင့် မမြဲခြင်းကို ဖောက်ပြန်သည်ဟု ဆိုသည်။ ဖောက်ပြန်ခြင်းကို ပါဠိဘာသာဖြင့် ရုပ္ပတိဟု သုံးနှုန်း၏။ ရုပ္ပတီတိ ရူပံ (ရုပ္ပတိ = ဖောက်ပြန်တတ်၏။ ဣတိ = ဤသို့ ဖောက်ပြန်ခြင်းကြောင့်။ ရူပံ = ရုပ်)ဟု ဖွင့်ဆို၏။

ထိုသို့ ဖောက်ပြန်တတ်သောကြောင့် အသားတစ် အသားစိုင် စသည်များကို ရုပ်ဟု ခေါ်ခြင်းဖြစ်ပါသည်။ အမြဲမပြတ် ဖောက်ပြန်နေမှု ရုပ္ပတိသညာ အနိစ္စလက္ခဏာများနှင့် ဆက်ဆံနေသော ဤရုပ်နာမ်ခန္ဓာကြီးမှာ တချိန်တွင် ဧကန်မုချ အိုရ နာရ သေရဦးမည် မလွဲပါပေ။
ဖောက်ပြန်တတ်မှုကို မမြင်မသိခြင်းကြောင့် သူစွဲ ငါစွဲ စွဲနေကြခြင်းဖြစ်သည်။ ထိုအစွဲအလန်းဖြင့်သာ သေသွားကြလျှင် နတ်၊ လူ၊ ငရဲ၊ ပြိတ္တာ၊ တိရစ္ဆာန် ဟူသော ဂတိငါးမျိုးတွင် ငရဲ ပြိတ္တာ တိရစ္ဆာန်ဟူသော အပါယ်ဂတိသို့သာ ရောက်ပါလိမ့်မည်။

မသိမှု အ၀ိဇ္ဇာကြောင့် တောင့်တမှုဖြင့် ပြုလုပ်ခြင်း ကံသင်္ခါရများ ဖြစ်လာရသည်။ ထို ကံသင်္ခါရကြောင့် ဘ၀ဟု ခေါ်သော ၀ိညာဏ် နာမ်ရုပ်တရားများ ဆက်လက်ဖြစ်ပေါ်လာခြင်း ဖြစ်သည်။ ဖြစ်လာရသည့် ထိုဘ၀တွင်လည်း အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အထိအတွေ့၊ တွေးစရာကြံစရာဟူသော အာရုံခြောက်ပါးကို တွေ့မြင်ကြပါလိမ့်မည်။

ယင်းတို့တွင် အမြင်၊ အကြား၊ အနံ့၊ အရသာ၊ အတွေ့အထိဟူသော အာရုံများသည် သတ္တ၀ါတို့ကို သာယာဖွယ်ဖြစ်အောင် ဆွဲဆောင်တတ်ကြပါသည်။ ယင်းသို့ ဆွဲဆောင်တတ်သောကြောင့် ထိုအာရုံများကို ကာမဟု ခေါ်သည်။ ထိုဆွဲဆောင်မှုကြောင့် ထိုအာရုံများထဲမှ ရုန်းမထွက်ချင်အောင် နှောင်ဖွဲ့မိတတ်ပြန်သည်။ ထိုသို့ နှောင်ဖွဲ့မိခြင်းကို ဂုဏဟု ခေါ်သည်။ ထိုစွမ်းရည်နှစ်မျိုးပေါင်းလျက် နှစ်သက်စရာ အာရုံမှန်သမျှကို ကာမဂုဏ်ဟု ခေါ်ကြခြင်းဖြစ်သည်။ ထိုကာမဂုဏ်များအပေါ် လိုလားမှု တဏှာဆန္ဒကို ဖြတ်နိုင်မှသာလျှင် ပဋိစ္စသမုပ္ပါဒ် သံသရာစက်ရဟတ်က ပြတ်နိုင်လိမ့်မည်ဖြစ်သည်။ တကယ်တမ်းတွေးကြည့်လျှင် ဖြစ်မှုပျက်မှု ဒုက္ခသစ္စာကို မမြင်ကြသဖြင့် တွယ်တာမှု သမုဒယ ဖြစ်လာရသည်။ ထို တဏှာသမုဒယကြောင့် ကံသင်္ခါရများ ထပ်လုပ်မိကြပြန်သည်။ ထိုအခါ ဒုက္ခသစ္စာကို ရလာပြန်ပါသည်။ ဒုက္ခကို တကယ်တမ်းမြင်လာလျှင် တွယ်တာမှုများ လျော့ပါးသွားမည်။ တွယ်တာမှုကင်းစွာဖြင့် ပြုလုပ်သော ၀ီရိယကို သမ္မာဝါယာမဟု ခေါ်သည်။ ထိုသမ္မာဝါယာမသည်သာ သံသရာဒုက္ခဆိုးများကို ပျောက်ကင်းအောင် ကုစားပေးနိုင်သည့် မဂ္ဂသစ္စာ ဆေးတော်မြတ်ပင်ဖြစ်ကြောင်း အနိစ္စ ဒုက္ခ အနတ္တဟုဆိုသော လက္ခဏာရေးသုံးပါးဖြင့် ရှုဆင်ခြင်ရမည်ဖြစ်ကြောင်း သတိပေးသည့် တေးစာပိုဒ် ဖြစ်ပါသည်။

.(အမှားအယွင်းရှိလျှင် ပညာရှင်များ ထောက်ပြပြင်ဆင်ပေးစေလိုပါသည်။ ကျွန်တော် ဥာဏ်မီသမျှ ကိုယ်တိုင်ရေးဖြစ်ပါသည်။ အဆင်ပြေသလို ကူးယူမျှဝေနိုင်ပါသည်။ သို့သော် Credit ကိုတော့ ပေးစေလိုပါသည်။ လေးစားစွာဖြင့် (ဆန်းစုနိုင်)
**********

ဝေါဟာရရှင်းလင်းချက်
တေဘုမ္မာ = အပါယ်လေးဘုံ လူ့ဘုံနှင့် နတ်ပြည်ခြောက်ထပ်ပါဝင်သည့် ကာမဘုံ၊ ရူပဘုံ၊ အရူပဘုံဟု ခေါ်သော ဘုံသုံးပါး။

အနိစ္စ = မမြဲခြင်း

ဒုက္ခ = ဆင်းရဲခြင်း

အနတ္တ = အစိုးမရခြင်း

တဏှာ = တပ်မက်ခြင်း

ဒိဋ္ဌိ = အမြင်အယူ

သက္ကာယ = စွဲလန်းခြင်းဒိဋ္ဌိတစ်မျိုး

အသာရက = အနှစ်သာရမရှိသောအရာ (အ = မရှိ၊ မဟုတ်။ သာရ = အနှစ်သာရ။ က = အရာ)

ရုပ္ပတိ = ဖောက်ပြန်တတ်၏။

ကာမဂုဏ် = သာယာစဖွယ် နှောင်ဖွဲ့တတ်သော အဆင်းမျိုးစုံ အသံမျိုးစုံ အနံ့မျိုးစုံ အရသာမျိုးစုံ အတွေ့အထိမျိုးစုံ

ပဋိစ္စသမုပ္ပန် = ပဋိစ္စသမုပ္ပါဒ = အဖန်ဖန်ဖြစ်ခြင်း။ ဘ၀ခန္ဓာများ အကြိမ်ကြိမ် အဖန်ဖန် ဖြစ်ခြင်း။
. .
ကိုးကား
ဆရာကြီးဒဂုန်ဦးထွန်းမြင့်၏ ပါဠိသက်ဝေါဟာရ အဘိဓာန်
လယ်တီဆရာတော်ဘုရားကြီး၏ ပဋိစ္စသမုပ္ပါဒ်ဒီပနီ

လူရဟန္တာများ (၀ိမုတ္တိရဲ့ အဓိပ္ပာယ်အကျယ် သိလိုသူအတွက်)

`လူဝတ်ဘ၀ဖြင့် ပရိနိဗ္ဗာန်ပြုခြင်း´ ခေါင်းစီးဖြင့် စာရေးမိလေရာ လူဝတ်ဘ၀ဖြင့် ရဟန္တာဖြစ်သူများကလည်း ၀င်လာကြသည်။ ယင်းပုဂ္ဂိုလ်တို့အကြောင်းကို ကျော်ပြီးဖြစ်အောင် လူဝတ်ဘ၀ဖြင့် ပရိနိဗ္ဗာန်ပြုခြင်းဟုပင် ခေါင်းစီးတင်ခြင်း ဖြစ်ပါသည်။ လူဝတ်ဘ၀ဖြင့် ရဟန္တာဖြစ်ပြီး ရဟန်းပြုကာ သာသနာပြုတော်မူပြီးမှ ပရိနိဗ္ဗာန်ပြုသူများကို မဆိုလိုကြောင်း ထင်ရှားစေပြီး ဖြစ်ပါသည်။
သို့သော်လည်း လူဝတ်ဘ၀ဖြင့် ရဟန္တာဖြစ်သူများကိုပါ လေ့လာရသောကြောင့် တွေ့လာရသည့် အချက်အလက်အချို့ကို ရေးချင်လာပါသည်။


`ရဟန်းတို့ တရားခြောက်မျိုးနှင့် ပြည့်စုံသော တပုဿသူကြွယ်သည် မြတ်စွာဘုရား၌ ဆုံးဖြတ်ခြင်းသို့ ရောက်၏။ အမြိုက်နိဗ္ဗာန်ကို မြင်၍ မျက်မှောက်ပြုနေ၏။ ထိုတရားခြောက်မျိုးကား ဘုရား၌ ယုံကြည်မှု၊ တရား၌ ယုံကြည်မှု၊ သံဃာ၌ ယုံကြည်မှု၊ မြတ်သောသီလ ရှိမှု၊ မြတ်သော ဉာဏ်အမြင် ရှိမှုနှင့် မြတ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) တို့ ဖြစ်၏။ (အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ သာမည၀ဂ်၊ တပုဿသုတ်။)


ထို့အတူ ဘာလိက၊ အနာထပိဏ်၊ စိတ္တ၊ အာဠ၀က၊ မဟာနာမ်၊ နကုလပိတာ၊ မေဏ္ဍက စသော အခြား ဥပါသကာ တစ်ဆယ့်ခြောက်ယောက်တို့သည်လည်း အရဟတ္တဖိုလ်၌တည်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုကြကြောင်း ဟောတော်မူ၏။ (အင်္ဂုတ္တရနိကာယ်၊ ဆက္ကနိပါတ်၊ သာမည၀ဂ်၊ ဘလ္လိကာဒိသုတ်။)

ဗုဒ္ဓလက်ထက်က သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ် ယောက်ျား-မိန်းမတို့နှင့် ဗုဒ္ဓကိုယ်တိုင် အသိအမှတ်ပြုသော လူရဟန္တာပုဂ္ဂိုလ် ၁၇-ဦးသည်လည်း မိမိတို့၏ လူမှုကိစ္စ တာဝန်လုပ်ငန်းများကို ဆက်လက် လုပ်ကိုင်နေကြမည်ဖြစ်၏။

အထက်ကဖော်ပြခဲ့သော ရုရှားပညာရှင် ဒေါက်တာဆာခရော့(ဖ) ကဲ့သို့ အရိယာဂုဏ်အင်္ဂါနှင့် ပြည့်စုံသောပုဂ္ဂိုလ်များ ကမ္ဘာအရပ်ရပ်၌ ရှိပေလိမ့်မည်´

အထက်ပါ စာတို့ကို ]]ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ}} စာအုပ်၊ စာမျက်နှာ (၂၅၆-၄၁၈) တို့၌ တွေ့ရပါသည်။

ဤစာကိုတွေ့ရသောအခါ အလွန် အံ့သြသွားပါသည်။ အနာထပိဏ်သည် သောတာပန်၊ မဟာနာမ်သည် အနာဂါမ် စသည်ဖြင့် ထင်ရှားကြသည်သာ မဟုတ်ပါလော။ အရဟတ္တဖိုလ်၌ မတည်ကြပေ။

သို့ဖြစ်၍ ၎င်းစာကို မယုံနိုင်ဘဲ ဖြစ်ရပါတော့သည်။ သို့သော်လည်း ကျမ်းညွှန်းပါဠိတော် ကို မကြည့်ဖြစ်သောကြောင့် အမှားဟုလည်း မဆိုဝံ့ပါ။ နောက်တစ်ကြိမ် ဖတ်မိသောအခါ ပါဠိတော်ကို ရှာကြည့်ဖြစ်သွားပါသည်။

အင်္ဂုတ္တိုရ်ပါဠိတော် ဒုတိယတွဲ၊ စာမျက်နှာ (၃၉၂) မှာ တပုဿသုတ္တ၊ ဘလ္လိကာဒိသုတ္တတို့ ရှိကြသည်။

`တပုဿ၊ ဘလ္လိက၊ သုဒတ္တ၊ စိတ္တ၊ ဟတ္ထက၊ မဟာနာမ၊ ဥဂ္ဂ၊ ဥဂ္ဂတ၊ သူရမ္ဗဋ္ဌ၊ ဇီဝက၊ နကုလပိတာ၊ တ၀ကဏ္ဏိက၊ ပူရဏ၊ ဣသိဒတ္တ၊ သန္ဓာန၊ ၀ိစယ၊ ၀ိဇယမာဟိက၊ မေဏ္ဍက၊ ၀ါသေဋ္ဌ၊ အရိဋ္ဌ၊ သာရဂ္ဂ အမည်ရှိ ဥပါသကာ ၂၁-ယောက်တို့သည် (ဗုဒ္ဓေ အဝေစ္စပ္ပသာဒ၊ ဓမ္မေ အဝေစ္စပ္ပသာဒ၊ သံဃေ အဝေစ္စပ္ပသာဒ၊ အရိယသီလ၊ အရိယဉာဏ၊ အရိယ၀ိမုတ္တိ) တရားခြောက်ပါးနှင့် ပြည့်စုံသည်ဖြစ်၍ မြတ်စွာဘုရား၌ ဆုံးဖြတ်ခြင်းသို့ ရောက်ကြ၏။ နိဗ္ဗာန်ကို မြင်သည်ဖြစ်၍ နိဗ္ဗာန်ကို မျက်မှောက်ပြု၍ နေကြ၏´ ဟု တွေ့ရပါသည်။

ပါဠိတော်မှာ အရိယ၀ိမုတ္တိဟုသာ ပါသောကြောင့် `အရဟတ္တဖိုလ်၌တည်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုကြကြောင်း ဟောတော်မူ၏´ ဟူသောစကားသည် မှန်သလိုလိုပင် ရှိနေပြန်သည်။

အထက်ပါ ပုဂ္ဂိုလ်များသည် သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်အထိ အသီးသီး ဖြစ်ကြသော်လည်း ရဟန္တာမဖြစ်ကြောင်းကား ထင်ရှားလှပါသည်။ ထို့ကြောင့် အဋ္ဌကထာကိုပါ ဖတ်ရပြန်ပါသည်။

အင်္ဂုတ္တိုရ်အဋ္ဌကထာ တတိယတွဲ၊ စာမျက်နှာ (၁၄၂) မှာ `အရိယသီလအရ အပြစ်ကင်းသော လောကုတ္တရာသီလ၊ အရိယဉာဏအရ ပစ္စဝေက္ခဏဉာဏ်၊ အရိယ၀ိမုတ္တိအရ သေခဖလ၀ိမုတ္တိ´ ဟူ၍ ဖွင့်ပြထားသည်။ ဤအဋ္ဌကထာလာ `သေခဖလ ၀ိမုတ္တိ´ ဟူသော စကားလုံးသည် အလွန် အရေးကြီးပါပေသည်။

သောတာပန်၊ သကဒါဂါမ်၊ အနာဂါမ်တို့ကို သေခ (သေက္ခ) ဟု ခေါ်သည်။ အရဟတ္တဖိုလ်ဉာဏ်ရှိသူ မြတ်ဗုဒ္ဓ၊ ပစ္စေကဗုဒ္ဓ၊ အရဟန္တတို့ကို အသေခ (အသေက္ခ) ဟု ခေါ်သည်။

သို့ဖြစ်၍ ပါဠိတော်လာ အရိယ၀ိမုတ္တိဆိုသည်မှာ အရဟတ္တဖိုလ် မဟုတ်။ အောက်ဖိုလ်သုံးပါးတို့သာ ဟူ၍ အမှန်ကို သိရပါသည်။

အထက်ပါ အဋ္ဌကထာကို တွေ့ရတော့မှ သံသယရှင်းသွားပါသည်။ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒကျမ်း၊ စာမျက်နှာ (၂၅၆-၄၁၈) ပါ ဘာသာပြန်စကားထဲက (အရဟတ္တဖိုလ်တို့ ဖြစ်၏။ အရဟတ္တဖိုလ်၌ တည်၍) ဟူသော စကားလုံးများသည် အမှားသန့်သန့်များတည်းဟုလည်း ဆုံးဖြတ်ချက်ချနိုင်ခြင်း ဖြစ်လာပါသည်။
ပါဠိတော်ကို ဘာသာပြန်သည်ဟု ဆိုကာ ကျမ်းညွှန်းပြထားသော်လည်း တတ်ကျွမ်းသူပြန်သော်သာ မှန်ရာပေလိမ့်မည်။ အရိယ၀ိမုတ္တိသည် သေခ၀ိမုတ္တိ၊ အသေခ၀ိမုတ္တိဟု နှစ်မျိုးရှိသည်။ ထိုနှစ်မျိုး၌လည်း သေခ၀ိမုတ္တိ (၁၄) ပါး၊ အသေခ၀ိမုတ္တိ (၂) ပါးဟု ကွဲပြားပါသည်။ သို့သော် မြန်မာဗုဒ္ဓဘာသာဝင် ပညာရှင်အချို့သည် ၀ိမုတ္တိဟု မြင်ရလျှင် နိဗ္ဗာန်၊ သို့မဟုတ် အရဟတ္တဖိုလ်ဟုချည်း အနက်ထင်နေတတ်ကြပါသည်။

သောတာပတ္တိ မဂ်ဉာဏ်သည်လည်း ၀ိမုတ္တိ၊ ၎င်းင်း၏အာရုံဖြစ်သော နိဗ္ဗာန်သည်လည်း ၀ိမုတ္တိ၊ သောတာပတ္တိဖိုလ်ဉာဏ်သည်လည်း ၀ိမုတ္တိ၊ ၎င်း၏အာရုံဖြစ်သော နိဗ္ဗာန်သည်လည်း ၀ိမုတ္တိ (သကဒါဂါမိ မဂ် ဖိုလ် နိဗ္ဗာန်-၀ိမုတ္တိလေးပါး၊ အနာဂါမိ မဂ် ဖိုလ် နိဗ္ဗာန်-၀ိမုတ္တိလေးပါး) တို့ကိုမူ သတိမပြုမိတတ်ကြပေ။

ဤ၀ိမုတ္တိ (၁၂) ပါးတို့တွင် မဂ်ဉာဏ်သုံးပါးတို့ကို သေခမဂ္ဂ၀ိမုတ္တိ၊ ဖိုလ်ဉာဏ်သုံးပါးတို့ကို သေခဖလ၀ိမုတ္တိဟု ခေါ်သည်။ ၎င်းမဂ်ဖိုလ်ခြောက်ပါးတို့၏ အာရုံဖြစ်သော နိဗ္ဗာန်ကို သေခ၀ိမုတ္တိဟု ခေါ်ပါသည်။

အင်္ဂုတ္တိုရ်ပါဠိတော်လာ တပုဿသုတ္တ၊ ဘလ္လိကာဒိသုတ္တတို့မှာ ယူရမည့် ၀ိမုတ္တိဟူသည်ကား အဋ္ဌကထာလာသည့်အတိုင်း သေခဖလ၀ိမုတ္တိသာ ဖြစ်ပါသည်။ (သေက္ခ-သေခ။ နှစ်ပုဒ်စလုံး အမှန်။ အနက်တူ။)

ဆိုလိုသည်မှာ `တပုဿ၊ ဘလ္လိက စသော အရိယာတို့သည် မိမိတို့ ရရှိထားသည့် ဖိုလ်၌တည်၍ နိဗ္ဗာန်ကို မျက်မှောက်ပြုကာ နေကြ၏´ ဟူ၍ ဖြစ်ပါသည်။

တစ်ဖန် အရဟတ္တမဂ်ဉာဏ်သည်လည်း ၀ိမုတ္တိ၊ ၎င်း၏အာရုံဖြစ်သော နိဗ္ဗာန်သည်လည်း ၀ိမုတ္တိ။ ဤ၀ိမုတ္တိနှစ်ပါးသည်လည်း သေခ၀ိမုတ္တိသာတည်း။ ထို့ပြင် အရဟတ္တဖိုလ်ဉာဏ်သည်လည်း ၀ိမုတ္တိ၊ ၎င်းင်း၏အာရုံဖြစ်သော နိဗ္ဗာန်သည်လည်း ၀ိမုတ္တိပင် ဖြစ်ပါသည်။ ဤ၀ိမုတ္တိနှစ်ပါးကို အသေခ၀ိမုတ္တိဟု ခေါ်ပါသည်။

ဗုဒ္ဓဘာသာဝင်အချို့သည် ၀ိမုတ္တိဟုဆိုလျှင် ဤ၀ိမုတ္တိ (အထွတ်အထိပ်) ကိုသာ သိကြ မြင်ကြပါသည်။ ထို့ကြောင့် မဆင်ခြင်ဘဲ ဘာသာပြန်မိကြရှာပေသည်။

အဓိပ္ပာယ် ထွက်လာသည်မှာ `သောတာပန်ဖြစ်သော တပုဿ၊ အနာထပိဏ် စသော အောက်ဖလဋ္ဌာန် အရိယာတို့သည် (အရဟတ္တဖိုလ်၌ တည်၍) နိဗ္ဗာန်ကိုအာရုံပြု၍ နေကြ၏´ ဟု ဖြစ်လာရပေတော့သည်။ မှားလှပေစွ။

ဤသို့သောအမှားကြီးကို တွေ့ရသောအခါ စာရေးရလျှင် ကောင်းမည်လောဟု ဆင်ခြင်မိပါသည်။ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းဆရာသည် တပုဿသုတ္တ၊ ဘလ္လိကာဒိသုတ္တတို့မှာ ကိုယ်တိုင်ပင် ဘာသာပြန်ခြင်းလေလော-ဟုလည်း စူးစမ်းလိုစိတ် ပေါ်လာပြန်ပါသည်။ ထို့ကြောင့် အင်္ဂုတ္တိုရ်ပါဠိတော် မြန်မာပြန် ဒုတိယတွဲ၊ စာမျက်နှာ(၄၉၆) ကို ကြည့်မိပါသည်။

`ရဟန်းတို့ (ပ) မြတ်သော (ကိလေသာမှ) လွတ်မြောက်မှု (အရဟတ္တဖိုလ်) တို့တည်း´ ဟု တွေ့ရပါသည်။

သြော်...ပိဋကတ်ဘာသာပြန်ဆရာကြီးများလည်း အဋ္ဌကထာကို မကြည့်ဘဲ ပြန်ထားကြပါသလား-ဟူ၍။
အထက်ပါ ဘာသာပြန်ကို တွေ့ရသောအခါ အလွန် အံ့အားသင့်ရပါတော့သည်။ စိတ်ထိခိုက်ခြင်းလည်း အကြီးအကျယ် ဖြစ်ရပါတော့သည်။

`ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းကြီးအတွက် သက်သေခံ ဖြစ်နေရှာပြီဟူ၍...။ မှန်၏။ ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒကျမ်းကြီးသည် ဤကဲ့သို့သော အမှားများကို ကမ္ဘာပတ်ပြီး ရှာသည်။ တွေ့ပြီဆိုလျှင် အမှန်ဟုယူသည်။ ထို့နောက်...

ထေရ၀ါဒ ပိဋကတ်သုံးပုံလာ တရားတို့ကို ပါဠိတော်ရော အဋ္ဌကထာတွေ ဋီကာတွေပါ ဖျက်ဆီးပါတော့သည်။ ဥပမာပြပါအံ့။

သိက္ခာပုဒ် ၂၂၇-ခု ဖြစ်လာခြင်းမှာ သေခိယသိက္ခာပုဒ်များ ပေါင်းထည့်ထားခြင်း ကြောင့် ဖြစ်ဟန်ရှိ၏။ ပါဠိပါတိမောက်ကို တရုတ်-တိဗက် ပါတိမောက်များနှင့် နှိုင်းယှဉ်လေ့လာသော ပညာရှင်တို့က `သေခိယများသည် မူလက မပါဝင်ဘဲ နောက်မှ ထည့်သွင်းထားသော သိက္ခာပုဒ်များ ဖြစ်သည်´ ဟု ယူဆကြ၏။ (ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ၊ စာ-၃၀၅။)

အနောက်တိုင်း ပါဠိပညာရှင်တို့၏ အမြင်အားဖြင့် `အဘိဓမ္မာသည် နောက်မှ ပေါ်ပေါက်လာသော ပိဋကတ်အစွယ်အပွား ဖြစ်၍ သုတ္တန္တပိဋကထက် ပိုမိုထူးခြားနက်နဲသည် မဟုတ်ချေ။´(ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ၊ စာ-၂၀။)

ဤနမူနာနှစ်ခုမျှဖြင့်ပင် လုံလောက်ပါသည်။ သေခိယ သိက္ခာပုဒ်များကို မြတ်ဗုဒ္ဓကိုယ်တော်တိုင် ပညတ်ကြောင်း ၀ိနည်းအဋ္ဌကထာများမှာ သေချာလာပါသည်။ အဘိဓမ္မာကို မြတ်ဗုဒ္ဓဟောကြောင်းလည်း တရားတော်ပမာဏကပင် သက်သေခံပါပြီ။ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ဆရာသည် ကမ္ဘာပတ်၍ အမှားရှာပြီးလျှင် ၎င်းအမှားကိုပင် အမှန်ထင်အောင် ရေးလေ့ရှိကြောင်း တွေ့ရပါသည်။

`ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းပြုဆရာသည် အင်္ဂုတ္တိုရ်မြန်မာပြန်၏ အမှားကို ကျောထောက်နောက်ခံထားပြီး လူရဟန္တာ များစွာရှိကြောင်း ရေးရုံမျှမကသေးဘဲ ကမ္ဘာအရပ်ရပ်မှာ ဒေါက်တာဆာခရော့(ဖ) ကဲ့သို့သော အရိယာများ ရှိနေဦးမည်ဟုပင် ဆိုပါပေသည်။ ဗုဒ္ဓသာသနာတော်၏ အမှန်တရားကို ဂုဏ်ဖျက်သည့် စကားပေတည်း။

မဂ်ဉာဏ် ဖိုလ်ဉာဏ် မြတ်နိဗ္ဗာန်တို့သည် အရိယာတရား လောကုတ္တရာတရား ဖြစ်ကြသည်။ ဤတရားတို့သည် ဗုဒ္ဓသာဝက-ဗုဒ္ဓဘာသာဝင်မှ တစ်ပါးသောသူတို့၌ လုံးဝမဖြစ်ကြချေ။ မှန်၏။ ထိုထိုပုဂ္ဂိုလ်တို့မှာ မဂ္ဂင်ရှစ်ပါးခေါ် မဇ္ဈိမပဋိပဒါ မရှိကြချေ။ မဂ္ဂင်မရှိလျှင် လောကုတ္တရာ မရှိ။ အရိယာမဖြစ်ကောင်း။

ထို့ကြောင့် သုတ်မဟာဝါပါဠိတော် (စာ-၁၂၅) ရှိ ဆပါဒယုတ္တ ဂါထာအဆုံး၌ -

`ဣတော ဗဟိဒ္ဓါ သမဏောပိ နတ္ထိ´ ဟု လာရှိ၍ ၎င်းအဋ္ဌကထာ (စာ-၁၈၁) ၌ -

`ငါဘုရား၏ သာသနာတော်မှ ပြင်ပ၌ ၀ိပဿကရဟန်းလည်း မရှိ၍ သောတာပန်ရဟန်းလည်း မရှိ။ (ရဟန္တာလည်း မရှိ) ဟူ၍ ဆိုလိုသည်´ ဟု ဖွင့်ပြထားပါသည်။

ဓမ္မပဒပါဠိတော်၊ မလ၀ဂ်မှာလည်း -

`အာကာသေ၀ ပဒံ နတ္ထိ၊ သမဏော နတ္ထိ ဗာဟိရေ´ ဟူ၍ လာရှိပါသည်။

`ကောင်းကင်၌ ခြေရာသည် မရှိသကဲ့သို့ ဤသာသနာတော်မှ အပ ဖြစ်သော ဘာသာတရားဟူသမျှတို့၌ ကိလေသာတို့ကို ငြိမ်အေးစေတတ်-အရိယာပုဂ္ဂိုလ်ဖြစ်အောင် ပြုပေးတတ်သောတရားသည် မရှိ´ ဟု ဆိုလိုပါသည်။ (သုဘဒ္ဒပရိဗ္ဗာဇက၀တ္ထု၊ စာ-၅၀)

သို့ဖြစ်၍ `ဗုဒ္ဓနှင့် ဗုဒ္ဓ၀ါဒ´ ကျမ်းလာ - (၁) တပုဿ စသော အရိယာတို့သည် အရဟတ္တဖိုလ်၌တည်၍ ရဟန္တာဖြစ်၍ လူရဟန္တာပုဂ္ဂိုလ်ဟူသော စကားတစ်ရပ်၊ (၂) ဗုဒ္ဓကိုယ်တော်တိုင် အသိအမှတ်ပြုသော လူရဟန္တာပုဂ္ဂိုလ် ၁၇-ဦး ဟူသော စကားတစ်ရပ်၊ (၃) ရုရှားပညာရှင်၊ အိန္ဒိယ၀န်ကြီးချုပ် စသူများလည်း အရိယာပုဂ္ဂိုလ်များ ဖြစ်ကြ၏ဟူသော စကားတစ်ရပ်၊ (၄) ကမ္ဘာအရပ်ရပ်တွင်ရှိသည့် ဗုဒ္ဓဘာသာဝင်မဟုတ်ဘဲ (ဗုဒ္ဓ၏ တရားကို နာကြားခွင့်၊ သင်ယူခွင့်၊ လိုက်နာခွင့်၊ ကျင့်သုံးခွင့်မရဘဲ) အရိယာဖြစ်သူများ ရှိနိုင်ကြောင်း စကားတစ်ရပ်-တို့ကို အမှားဟု မှတ်အပ်ပေသည်။

ဤကဲ့သို့သော အမှားများသည် ပြုပြင်ရန်လိုအပ်သည့် အမှားများ ဖြစ်ကြပါသည်။ သာမညအမှားကလေးပါဟု လျစ်လျူရှုထားရမည့် အမှားများ မဟုတ်၍ အချိန်မီပြုပြင်ရန် လိုအပ်နေပြီ ဖြစ်ပါသည်။
၎င်းကျမ်းကြီးထဲမှာ ဗုဒ္ဓသာသနာတော်နှင့် ထေရ၀ါဒ ပိဋကတ်တို့ကို အသရေမဲ့အောင် ပြုမူထားသည့် အရေးအသားများ ပါရှိနေပေရာ သာသနာတော်ကိုကြည်ညိုသော ပညာရှင်ဆရာတော်များအနေဖြင့် ခွဲခြားဝေဖန်ပြကြပါမူ ကောင်းလေစွ...။

ဓမ္မေ ဟောန္တု သဂါရ၀ါ။
သာသနေ ဟောန္တု သဂါရ၀ါ။
၂၀၀၇-ခုနှစ်၊ ဒီဇင်ဘာလ၊ ဓမ္မရတနာမဂ္ဂဇင်း
-----------------------------------------------------------------------------
ဆောင်းပါးရှင်ဆရာတော် မစိုးရိမ်စာသင်သားရဲ့ ဆိုက်ကနေ ကူးလာပါတယ်
http://www.masoeyeinsarthinthar.com/2010/08/blog-post_03.html

ဦးသိန်းစိန်သို့ အိတ်ဖွင့်ပေးစာ

မင်္ဂလာပါ ဘကြီးစိန်
ဘကြီးစိန်ရဲ့ မျက်နှာသွင်ပြင်၊ ဘကြီးစိန်ရဲ့ သမိုင်းကြောင်း၊ ဘကြီးစိန်ရဲ့ လုပ်ရပ်တွေကို ကြည့်ပြီး ကျွန်တော်ဥာဏ်မီသမျှ ဝေဖန်သုံးသပ်ပြီး ဘကြီးစိန်ကို လေးစားပါတယ်။


မြစ်ဆုံကိစ္စမှာ ပြည်သူတွေရဲ့ အလိုဆန္ဒကို ရှေ့တန်းတင် ဆုံးဖြတ်ပေးခဲ့တာရယ် ယုံကြည်ချက်ချင်းမတူလို့ အပြစ်မဲ့စွာ အကျဉ်းကျနေသူတွေကို လွှတ်ပေးခဲ့တာရယ်တွေကြောင့် ဘကြီးစိန်ကို ကျွန်တော် ချစ်ခဲ့မိပါတယ်။


အဲဒါကြောင့် ကိုယ်ချစ်ခင်လေးစားတဲ့သူအနေနဲ့ ဘကြီးစိန်ကို ကျွန်တော် ရင်ဖွင့်ပါရစေဗျာ။


ကျွန်တော်တို့က တောသားတွေပါ ဘကြီးစိန်။ တောသားတွေဆိုတော့ လယ်ထဲ ခြံထဲတွေမှာနေပူမရှောင် မိုးရွာမရှောင် လုပ်ကိုင်စားသောက်ရတာ သိပ်ကို ပင်ပန်းပါတယ်။ ကျွန်တော်တို့ အဖေက ကျွန်တော်တို့ကို သိပ်ချစ်တယ်ဗျ။ ဒါကြောင့်
`` မင်းတို့ ပညာကောင်းကောင်းသင်ကြ။ ပညာမတတ်ရင် ငါတို့လိုပဲ ပင်ပန်းမှာ ´´
ဆိုပြီး သူတို့ကိုယ်တိုင် ခြိုးခြံပြီး ကျွန်တော်တို့ကို ပညာသင်ပေးတယ်။ မိုးထဲ ရေထဲ နေပူထဲမှာ လေးလလောက် ပင်ပင်ပန်းပန်း လုပ်ပြီးမှ ရလာတဲ့ စပါးတစ်တင်းကို ရောင်းမှ ကိုးရာပဲ ရတယ်။ အဲဒီလိုနဲ့ တစ်နှစ်တစ်နှစ်ကို သိန်းပေါင်းများစွာ ကုန်တဲ့ သားသမီးရဲ့ ပညာရေးကို ပံ့ပိုးပေးရတာ ဘယ်လောက်ခက်ခဲမလဲ ဘကြီးသာ စဉ်းစားကြည့်ပါ။ ဒီလိုနဲ့ ကျွန်တော်လဲ ဘွဲ့ရလာတယ်။ ကျွန်တော့်ညီလေးလဲ ဘွဲ့ရလာတယ်။

ကျွန်တော်ကတော့ ကိုယ့်ဘာသာ အပြင်ဘက်ထွက်လိုက်လို့ သက်သာပေမယ့် ကျွန်တော့်ညီလေးမှာ ဘွဲ့ရပြီး အစိုးရအလုပ်ကို လုပ်တော့ မိဘကျေးဇူးဆပ်နိုင်ဖို့ နေနေသာသာ သူ့တစ်ယောက်ထဲတောင် မစားလောက်လို့ အိမ်ကပဲ ပို့ပို့ပေးနေရတယ်ဗျာ။ ဒီလိုနဲ့ပဲ နေပူထဲ လုပ်ရမှာစိုးလို့ ငွေကြေးများစွာ အချိန်များစွာ ရင်းပြီး ဘွဲ့ရအောင် အဖေကြိုးစားခဲ့တာတွေဟာ နောက်ဆုံးတော့ သူ့သားငယ် လယ်ထဲပဲ ပြန်ရောက်ရတယ်ဗျာ။

ကျွန်တော့်ညီမလေးဆိုရင် ဘွဲ့တွေရော ဒီပလိုမာတွေရော လက်မှတ်တွေကတော့ နံရံပြည့်လုမတတ်ပါဘဲ။ အတန်းတိုင်းမှာ ပညာရေးကို ထိပ်ဆုံးက အောင်ချင်တော့ သုံးတန်းလောက်ကတည်းက ကျောင်းမှာ သင်တဲ့အပြင် ငွေတွေ အပိုကုန်ခံပြီး ကျူရှင်ဆိုတာကိုပါ တက်ခဲ့သေးတယ်။ ဒါပေမယ့်ဗျာ `` ငါတို့လက်ထက်မှာ ဘွဲ့ရတွေ ဘယ်လောက်မွေးထုတ်ပေးနိုင်ခဲ့တယ်´´ ဆိုတဲ့ ဂုဏ်ယူချင်စိတ်နဲ့ ဘွဲ့ရပြီးရော မအောင်မရှိစေရစနစ်ကို ကျင့်သုံးခဲ့တော့ ဘွဲ့ရတွေ မှိုလိုပေါက်သွားတဲ့ခေတ်မှာ သူ့ကြိုးစားမှုတွေလဲ အရာမထင်နိုင်တော့ပါဘူး။

ဘွဲ့တစ်ခုလောက်နဲ့ အလုပ်မရနိုင်ဘူးဆိုလို့ မပြီးနိုင်မစီးနိုင်သော သင်တန်းအမျိုးမျိုးကို တက်ပြီး လက်မှတ်အလီလီ ထုတ်ယူခဲ့ပေမယ့် အစိုးရကို ကျေးဇူးပြုဖို့ ဌာနတစ်ခုမှာ ၀င်လုပ်တဲ့အခါ အရည်အချင်းနဲ့ ရာထူး တခြားစီဆိုတာ သိလိုက်ရတယ်ဗျာ။ ကိုယ်ပေးခဲ့တဲ့ ပညာတွေကို ကိုယ်ပြန်မသုံးချင်ကြတာ ဘာကြောင့်ပါလဲဗျာ။ ဒီလိုနဲ့ပဲ ကိုယ့်တိုင်းပြည်ကမှ ထိုက်တန်တဲ့နေရာ မသုံးချင်တော့ သူများတိုင်းပြည်ပဲ သွားပြီး လုပ်ပေးကိုင်ပေးရတာပေါ့ ဘကြီးရယ်။ တစ်ခုတော့ ကောင်းတာပေါ့နော်။ မိဘအရင်းဖြစ်တဲ့ ကိုယ့်တိုင်းပြည်မှာ အချိန်မရွေး အိုတီကြေးမရှိ လုပ်ပေးခဲ့တာထက် သူများဆီမှာ လုပ်ရတာက ဆယ်ဆမက ပိုရတော့ ပုထုဇဉ်လူသားတွေပီပီ သာတဲ့ဆီပဲ နေရတော့တာပေါ့။ ဒီလိုနဲ့ မိဘတို့ရဲ့ မျှော်မှန်းချက် ကလေးတွေရဲ့ ကြိုးစားမှုတွေဟာ တက္ကသိုလ်ရောက်တဲ့အခါမှာ ဘွဲ့ရသွားတော့လဲ ဘာဟုတ်လို့လဲ ဆိုပြီးေ၀၀ါးကုန်တော့တာပါပဲ ဘကြီးရယ်။

ညီတွေ ညီမတွေကတော့ အဖေ့ရဲ့ မပင်ပန်းစေလိုတဲ့ ဆန္ဒကို မဖြည့်ဆည်းပေးနိုင်တဲ့အခါ ကျွန်တော်တို့ အဖေရဲ့ မျှော်လင့်ချက်ဟာ သားကြီးဖြစ်တဲ့ ကျွန်တော့်အပေါ် တင်သွားပြီပေါ့။ ဒါကြောင့် ကျွန်တော်ကျဆုံးသွားရင် အဖေလဲ ကျဆုံးသွားမှာပါ။ အဖေ့မျှော်လင့်ချက်လေး ပြည့်ဝအောင် သူများတိုင်းပြည်မှာ ကျွန်တော် စွမ်းအားရှိသမျှ ကြိုးစားခဲ့ပါတယ်။ အထိုက်အလျောက် အဆင်ပြေတယ်ဆိုပေမယ့် ဘကြီးစိန်ရေ

သူများတိုင်းပြည်မှာ ဘယ်လောက်ပဲ အဆင်ပြေတယ် ပြောပြော လူမျိုးခြားတွေကြားမှာ ကိုယ်ပြည်မှာလောက်တော့ နောက်ကျောမလုံပါဘူး။ လူမျိုးခြားတစ်ယောက်ရဲ့ မျက်စောင်းထက် ကိုယ့်ပြည်တွင်းက ဗမာအထက်အရာရှိ ဆဲဆိုကြိမ်းမောင်းနေတာက ချိုမြပါတယ်။
သူများတိုင်းပြည်တွေက ရေထက် ကျွန်တော်တို့နိုင်ငံက ရေက ပိုချိုပါတယ်။ တခြားတိုင်းပြည်တွေက ဂျုံတွေထက် ကျွန်တော်တို့ဆီက ရွှေဝါထွန်းဆန်ကြမ်းက ပိုပြီး လေးလေးပင်ပင် ရှိပါတယ်။ တခြားတိုင်းပြည်တွေက ကိတ်မုန့်တွေ ပေါင်မုန့်တွေထက် ကျွန်တော်တို့ဆီက မုန့်ဟင်းခါးကိုပဲ တောင့်တမိပါတယ်။

အခုဆိုရင် ညီမလေးလဲ လူမျိုးခြားတွေကြားမှာ စိတ်ဆင်းရဲ ပင်ပန်းစွာနဲ့ ငိုနေရရှာတယ်။ ကျွန်တော့်ညီမလေး ငိုနေရသလို ဘ၀တူတွေရဲ့ သက်ပြင်းမော လေပူတွေ ဘယ်လောက်တောင် များနေလဲ မသိ။

ကျွန်တော်တို့လဲ ခုချိန်ဆို ကထိန်၊ ခုလောက်ဆိုသင်္ကြန်နဲ့ ကိုယ့်ယဉ်ကျေးမှုတွေကို တမ်းတရင်း မျက်ရည်ဝဲခဲ့ရတာ ဘယ်နှစ်နှစ် ဘယ်နှစ်လ ရှိပြီလဲတောင် မရေချင်တော့ပါဘူး။ အပြေးလာချင်ပါရဲ့။
ဒါပေမယ့် ဘကြီးစိန်ရယ် မိဘတွေ လှူချင်သလို လှူနိုင်အောင်၊ မသေခင် စားချင်တာကို စိတ်တိုင်းကျစားနိုင်အောင်က ဒီလိုနေမှ အဆင်ပြေမယ်ဆိုတော့လဲ ဒီလိုပဲ နေရတော့တာပေါ့။ ကျွန်တော်တို့လဲ မိဘတွေကို လွမ်းတာပါပဲ။ ကိုယ့်တိုင်းပြည်က ပိတောက်ရိပ်ကလေးတွေအောက်မှာ ခိုလှုံချင်တာပါပဲ။ ဒါပေမယ့် မဖြစ်နိုင်တော့လဲ ဗမာငွေနဲ့ တစ်ထောင်လောက်ပဲ ပေးရတဲ့ ဆင်းကတ်လေးဝယ်၊ ဟမ်းဖုန်းလေးနဲ့ အလုပ်အားတဲ့အခါ အဖေအမေရဲ့ အသံကိုပဲ နားထောင်ပြီး ဖြေနေရပါတယ်။ ကြာတော့လဲ အားမရဘူးဗျာ။ ဖြစ်နိုင်ရင်လေ ကျွန်တော်တို့ ခွန်အားတွေနဲ့ သူများတိုင်းပြည်မှာထက် ပိုပင်ပန်းရင် ပင်ပန်းပါစေ ဘကြီးစိန်ရယ်။

သူများတွေ ပေးတာလောက် မပေးချင်လဲ နေပါ ဘကြီးစိန်ရယ်။

သူများတွေ ပေးတာရဲ့ တ၀က်လောက်သာ ပေးရင် ကျွန်တော်တို့ ချက်ချင်းကို ပြန်လာပြီး အလုပ်အကျွေးပြုချင်ပါတယ်။

လုပ်ရတာချင်းအတူတူ သူများတိုင်းပြည်တွေမှာလိုတော့ အခကြေးငွေ တန်းတူ လိုချင်တာပေါ့။ တန်းတူမရရင်နေပါ။ တစ်ဝက်လောက်ပဲ ရရင်တောင် ကိုယ့်တိုင်းပြည်ကိုပဲ အလုပ်အကျွေးပြုချင်တာပေါ့ ဘကြီးစိန်ရယ်။

ကျွန်တော်တို့တွေ တိုင်းပြည်ကို ချစ်သလို ဘကြီးစိန်ကိုလဲ ချစ်ပါတယ်။ ကျွန်တော်တို့ ချစ်သလို ဘကြီးစိန်လဲ ကျွန်တော်တို့ကို ချစ်ပါလားဗျာ။ ကျွန်တော်တို့ကို ချစ်တယ်ဆိုရင် ကိုယ့်နိုင်ငံထဲမှာ အားလုံးအတွက် အခွင့်အလမ်းတွေဖြစ်ပေါ်လာအောင် ဖန်တီးပေးပြီး ပြန်ခေါ်ပေးပါလားဗျာ။ ခုတော့ဗျာ ပြည်တွင်းမှာ လုပ်တဲ့ အလုပ်သမားတွေမှာလဲ လူမျိုးခြားအလုပ်ရှင်ရဲ့ အနှိမ်ကို ခံကြရတယ်။ ပြည်ပမှာ လုပ်တဲ့ အလုပ်သမားတွေဆိုလဲ ဒီလိုပါပဲ။ ဘ၀မလုံခြုံဘူး၊ စိတ်မပျော်ရွှင်ဘူး၊ ဒါကြောင့် မြန်မာဆိုရင် မကျေနပ်ချက်တွေနဲ့ပေါက်ကွဲတတ်တဲ့ လူမျိုးဆိုတဲ့ အမျိုးသားရေးလက္ခဏာတစ်ရပ်တောင် ဖြစ်နေပြီလား မသိဘူး ဘကြီးရယ်။

ကျွန်တော်တို့ အိမ်နီးချင်း ထိုင်းမှာဆိုလေ ပတ္တမြားလဲ မထွက်ဘူး၊ ကျောက်စိမ်းလဲ မထွက်ဘူး၊ ကျွန်းလဲ ကျွန်တော်တို့လို မပေါဘူး။ သဘာဝဓာတ်ငွေ့ဆိုလဲ ကျွန်တော်တို့ဆီကတောင် ပြန်ဝယ်သုံးနေကြတာပါ။ ဒါပေမယ့်လေ သူတို့ဆီမှာ ထိန်လို့ လင်းလို့ ကြီးပွားလို့ ချမ်းသာပျော်ရွှင်လို့။ ဒါပေမယ့် သူတို့ထက် သယံဇာတချမ်းသာတဲ့ ကျွန်တော်တို့ပြည်သူတွေမှာ ညှိုးငယ်စွာနဲ့ ဆင်းရဲစွာနဲ့ သူတို့ဆီမှာ လုပ်နေကြရတယ်ဗျာ။ သူတို့တိုင်းပြည်မှာ ရသလောက်နီးနီးသာ ကျွန်တော်တို့ဆီမှာ အလုပ်လုပ်လို့ ရမယ်ဆိုရင် ဘကြီးကို ကျေးဇူးတင် ချစ်ခင်စွာနဲ့ ပြန်လာကြမှာ သေချာပါတယ်။

ခေတ်ကို ပြင်တဲ့ခေါင်းဆောင်တွေဟာ လူသေပေမယ့် နာမည်မသေပါဘူး ဘကြီးရယ်။ အနော်ရထာ၊ ကျန်စစ်သား၊ ဗိုလ်ချုပ်အောင်ဆန်းတို့ဟာ ဒီနေ့ထိ သူရဲကောင်းတွေပါ။ သူတို့ကို မသိလိုက် မမီလိုက်ပေမယ့် သမိုင်းကောင်းတဲ့ သူရဲကောင်းတွေကို ယနေ့ထိ ဦးညွတ်ကြလျက်ပါ။ ဘကြီးကိုလဲ နောင်လာမျိုးဆက်တွေအားလုံး ဦးညွတ်ရတဲ့ အမျိုးသားခေါင်းဆောင် ဖြစ်စေလိုပါတယ်ဗျာ။

ပြည်သူတွေရဲ့ ဘ၀တွေကို ပြောင်းလဲပေးနိုင်တဲ့ ခေါင်းဆောင်ကြီး၊ အားငယ်သူတွေရဲ့ ကိုးစားရာ ခေါင်းဆောင်ကြီးတစ်ယောက် ဖြစ်စေလိုပါတယ်။

တော်လှန်ရေးနေ့ အမှတ်တရအဖြစ် ဘကြီးဆီ ချစ်ခင်စွာဖြင့် အိတ်ဖွင့်စာ ပို့လိုက်ပါတယ်ဗျာ။ ကျန်းမာစွာဖြင့် တိုင်းပြည်ကို စနစ်ဆိုးအောက်ကနေ ကယ်တင်နိုင်ပါစေ ဘကြီးစိန်။
.
ဘ၀အမောနှင့် ခံစားချက်တစ်ခုကြောင့် ရေးလိုက်တာဖြစ်ပါတယ်။ ဘ၀တူသူငယ်ချင်းတွေ အားလုံးသို့


မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။