Thursday, October 18, 2012

မေတ္တသုတ်အဓိပ္ပာယ်

          မေတ္တသုတ်ဖြစ်ပေါ်လာပုံကိုတော့ အားလုံး သိထားကြပြီးသား ဖြစ်ပါတယ်။ ရဟန်းတွေ တောထဲသွားပြီး တရားအားထုတ်ကြတဲ့အခါ တောစောင့်နတ်တွေက ရဟန်းတွေရှိနေတဲ့အတွက် ဘုံဗိမာန်တွေပေါ်ကနေ ဆင်းပေးကြရတော့ သူတို့တွေ အနေခက်တာကြောင့် ဒီရဟန်းတွေ မနေရဲအောင် ခြောက်လှန့်လွှတ်ကြပါတယ်။ ဘုရားရှင်က အဲဒီတောစောင့်နတ်တွေကို မေတ္တာပို့ဖို့အတွက် မေတ္တာသုတ်ကို ဟောကြားတော်မူတာ ဖြစ်ပါတယ်။
မေတ္တာသုတ်ရဲ့ အဓိပ္ပာယ်ကိုတော့ သိသူလည်း ရှိမယ်။ မသိသူလည်းရှိပါတယ်။ မသိသူတွေအတွက် ရည်ရွယ်ပြီး ဒီ ပို့စ်လေးကို ရေးသားတာပဲဖြစ်ပါတယ်။ မေတ္တာသုတ်ရဲ့ ပထမဆုံးအပိုဒ်က ``ကရဏီယမတ္ထကုသလေန´´ဆိုတာနဲ့ စပါတယ်။
          လောကီလောကုတ္တရာ နှစ်ဖြာသောအကျိုးစီးပွားတွေမှာ ကျွမ်းကျင်တဲ့သူဟာ ငြိမ်သက်အေးချမ်းတဲ့ နိဗ္ဗာန်ကို အာရုံပြုပြီးတော့ သူတော်ကောင်းတရားတွေကို ပြုလုပ်သင့်ပါတယ်။ ဒီလိုပြုလုပ်တဲ့အခါမှာ-
၁။ သက္ကော = ကိုယ်နှင့်အသက် မငဲ့ကွက်ဘဲ အားထုတ်နိုင်စွမ်း ရှိရပါမယ်။
၂။ ဥဇု = ကိုယ်နှုတ်နှစ်ပါး ရိုးသားဖြောင့်မတ်မှု ရှိရမယ်။
၃။ သုဟုဇု = စိတ်သဘောထားလည်း ဖြောင့်မတ်ရမယ်။
၎။ သုဝစော = ဆိုဆုံးမလွယ်သူ ဖြစ်ရမယ်။
၅။ မုဒု = နူးညံ့သိမ်မွေ့ရမယ်။
၆။ အနတိမာနီ = မာန်မာနထောင်လွှားခြင်းမျိုး မရှိရ။
၇။ သန္တုဿကော = ရောင့်ရဲလွယ်သူ ဖြစ်ရမယ်။
၈။ သုဘရော = မွေးမြူလွယ်သူ ဖြစ်ရမယ်။
၉။ အပ္ပကိစ္စော = ဗာဟီရကိစ္စနည်းပါးရမယ်။
၁၀။ သလ္လဟုဝုတ္တိ = ပေါ့ပါးသော အသက်မွေးခြင်း ရှိရမယ်။
၁၁။ သန္တိန္ဒြိယော = ငြိမ်သက်သော ဣနြေ္ဒရှိရမယ်။
၁၂။ နိပကော = အရာရာမှာ ခွဲခြမ်းစိပ်ဖြာနိုင်သည့် ဉာဏ်ပညာရှိရမယ်။
၁၃။ အပ္ပဂဗ္ဘော = ကိုယ်နှုတ်နှလုံး ရုန့်ရင်းကြမ်းတမ်းခြင်း မရှိရ။
၁၄။ ကုလေသု အနနုဂိဒ္ဓေါ = အမျိုးလေးပါးတို့တွင် တပ်မက်မောခြင်း မရှိရ။
၁၅။ ပညာရှိတို့ ကဲ့ရဲ့သော အလုပ်မျိုးကို အနည်းငယ်မျှ မပြုလုပ်ရ။
         ဒါတွေဟာ သူတော်ကောင်းတရားကို ကျင့်မယ့်သူတွေအတွက် ပြည့်စုံသင့်တဲ့ အချက်တွေဖြစ်လို့ မေတ္တသုတ်ထဲမှာ ထည့်ဟောထားပုံရပါတယ်။ အထက်ပါ အချက် (၁၅)ချက်ထဲမှာ ရောထွေးနိုင်တာ သုံးခု တွေ့ရပါတယ်။
          သန္တုဿကော = ရောင့်ရဲလွယ်ခြင်း ဆိုတာကတော့ ရှင်းပါတယ်။ တချို့က အများကြီးမျှော်လင့်ထားတတ်ကြတယ်။ မျှော်လင့်ထားသလောက် ဖြစ်မလာတဲ့အခါ ကိုယ်စိတ် ပင်ပန်းညှိုးနွမ်းရတတ်တယ်။ အတတ်နိုင်ဆုံးကြိုးစားမယ်။ ရသမျှနဲ့ တင်းတိမ်မယ်လို့ ပိုင်းဖြတ်ထားတဲ့သူတွေအတွက်တော့ တော်တန်ရုံလောက်နဲ့ စိတ်နှလုံး မပင်ပန်းရတော့ပါဘူး။ ဒါဟာ ရောင့်ရဲလွယ်မှုရဲ့ ကိုယ်တိုင်ခံစားရတတ်တဲ့ အကျိုးရလဒ်ပါ။
          သုဘရော = မွေးမြူရလွယ်ခြင်းဆိုတာကျတော့ သူလဲ ရောင့်ရဲခြင်းပါပဲ။ သန္တုဿကော က ကိုယ့်အတွက် သုဘရောက ပတ်ဝန်းကျင်အတွက်ပါ။ ဘာပဲ လုပ်ကိုင်ပေးပေး၊ လုပ်ကိုင်ကျွေးကျွေး ဟိုဟာမကြိုက် ဒီဟာမကြိုက်ဆိုရင် ပတ်ဝန်းကျင်မှာလဲ ပင်ပန်းတယ်။ ကိုယ့်မှာလဲ ပင်ပန်းတယ်။ ဒါလဲပဲ သူတော်ကောင်းတရားကို ကျင့်ကြံတဲ့အခါမှာ မွေးမြူရခက်ခြင်းကြောင့် တွေ့ရတတ်တဲ့ အနှောင့်အယှက်တစ်မျိုးပါပဲ။
          နောက်တစ်ခု ဆင်တူတာက သလ္လဟုက၀ုတ္တိ = ပေါ့ပါးသော အသက်မွေးမှု၊ ဒါလဲ ရောင့်ရဲခြင်း တမျိုးပါပဲ။ သန္တုဿကောမှာက အသက်မွေးမှုနဲ့ပတ်သက်ပြီး စိတ်ထားတတ်ဖို့ပါ။ အလုပ်ကြီးအကိုင်ကြီးပဲဖြစ်ဖြစ် လုပ်ငန်းသေးပဲဖြစ်ဖြစ်၊ ကြိုးစားရှာမယ်၊ ရသမျှနဲ့ ရောင့်ရဲမယ်။ သလ္လဟုက၀ုတ္တိကျတော့ အသက်မွေးမှုကိုပါ ချုပ်တည်းသွားပါပြီ။ ကဿပဘုရားရှင်လက်ထက်တော်က ဃဋိကာရဆိုတဲ့ အိုးထိန်းသည်ရဲ့ အသက်မွေးမှုဟာ သတိပြုစရာပါ။ သူအလုပ်လုပ်တာက စီးပွားရှာတာ မဟုတ်တော့ပါဘူး။ အသက်ကို မွေးမြူဖို့ပဲ အလုပ်လုပ်တာဖြစ်ပါတယ်။
          ဃဋိကာရအိုးထိန်းသည်ဟာ အနာဂါမ်အရိယာကြီးပါ။ ဒါကြောင့် အသက်ကို မွေးဖို့အတွက် အိုးလုပ်သော်လည်း မြေတွင်းသတ္တ၀ါတွေ ထိခိုက်မှာစိုးလို့ မြေကြီးကို မတူးပါဘူး။ ကြွက်ကျစ်စာ ပုစွန်ကျစ်စာကို ရှာပါတယ်။ အိုးဖုတ်ဖို့ ထင်းအတွက် အမှိုက်တွေကို ပိုးပုရွက်ကင်းအောင် လုပ်ပြီးမှ  အိုးတွေဖုတ်ပါတယ်။ အိုးဖုတ်ပြီးတဲ့ အခါမှာလဲ ငွေကြေးနဲ့ရယ်လို့ ရောင်းတာမဟုတ်ဘဲ အစားအစာနဲ့ ဖလှယ်ပါတယ်။ သူ့လောက် အသက်မွေးမှု လွယ်ကူတာတော့ တော်တော်ရှားပါတယ်။
         ဒီလို အင်္ဂါရပ်တွေနဲ့ ပြည့်စုံပြီးတဲ့အခါမှာ အလုံးစုံသော သတ္တ၀ါအားလုံးကို အာရုံပြုပြီး
၁။ ကိုယ်ချမ်းသာကြပါစေ၊
၂။ စိတ်ချမ်းသာကြပါစေ၊
၃။ ဘေးရန်ကင်းကြပါစေ၊
ဆိုပြီး မေတ္တာ ပွားများရပါတယ်။ မေတ္တာသုတ်ထဲမှာတော့ ``သုခီနောဝ ခေမိနော ဟောန္တု၊ သဗ္ဗသတ္တာ ဘ၀န္တု သုခီတတ္တာ´´ရယ်လို့ ဘုရားရှင် ဟောထားပါတယ်။ ဒါကိုပဲ မင်းကွန်းဆရာတော်ကြီးက
``လုံးစုံများစွာ ၊ သတ္တ၀ါ ၊ ချမ်းသာကိုယ်စိတ် မြဲပါစေ။´´
``ဥပဒ်ရန်ဘေး ၊ ကင်းစင်ဝေး ၊ ငြိမ်းအေးကြပါစေ။´´
လို့ လင်္ကာစပ်ဆိုထားတော်မူခဲ့ပါတယ်။ ဒီလို သတ္တ၀ါအားလုံးကို ရောပြီး မေတ္တာပွားများပြီးတဲ့နောက်မှာ နောက်တစ်ခါ အသေးစိတ်ပွားများဖို့အတွက် နှစ်မျိုးစီနှစ်မျိုးစီ အုပ်စု ဖွဲ့လိုက်ပါတယ်။ ထွက်သက်ဝင်သက်ရှိသော သတ္တ၀ါအုပ်စုရယ်၊ အသညသတ်ဗြဟ္မာလို ထွက်သက်ဝင်သက်မရှိတဲ့ သတ္တ၀ါ အုပ်စုရယ်၊ ဒေါသကိလေသာ မကင်းသေးလို့ ကြောက်တတ်တဲ့ ပုထုဇဉ် ၊ သောတာပန် အုပ်စုရယ်၊ ဒေါသကင်းတဲ့ အနာဂါမ် ရဟန္တာဆိုတဲ့ မကြောက်တတ်တဲ့ အုပ်စုရယ်။ မြင်ရတဲ့သတ္တ၀ါအုပ်စု မမြင်ရတဲ့သတ္တ၀ါအုပ်စု၊ အဝေးမှာ ရှိတဲ့သတ္တ၀ါ အုပ်စု၊ အနီးမှာရှိတဲ့ သတ္တ၀ါအုပ်စု၊ ဘ၀ဇာတ်ဆုံးသွားတဲ့ သက်ရှိဖြစ်နေဆဲ ရဟန္တာအုပ်စု၊ ဘ၀ဇာတ်မဆုံးသေးတဲ့ အုပ်စု စသည်ဖြင့် မြတ်စွာဘုရားဟာ မေတ္တာအစ သမာဓိနည်းနေသေးတဲ့အတွက် နှစ်အုပ်စုစီ ခွဲပေးပါတယ်။
          မေတ္တာ ပွားများနေရင်း သမာဓိရင့်လာတဲ့အခါ ထပ်ပြီး အသေးစိတ်ဖို့အတွက် ခန္ဓာကိုယ် ရှည်လျားတဲ့ မြွေတို့လို သတ္တ၀ါတစ်စု၊ ခန္ဓာကိုယ် တိုတောင်းတဲ့ လိပ်တို့လို့ သတ္တ၀ါတစ်စု၊ လူ၊ နွား ကြက် ၀က် စတဲ့ ခန္ဓာကိုယ်အလယ်အလတ် သတ္တ၀ါတစ်စုကို အလျားအနေနဲ့ ခွဲပါတယ်။ နောက်တစ်ဖန် ပမာဏအနေနဲ့ ခန္ဓာကိုယ်ကြီးတဲ့ ဆင်တို့ ဝေလငါးတို့လို သတ္တ၀ါ၊ ခန္ဓာကိုယ်သေးတဲ့ ပိုး ခြ ပုရွက်တို့လို သတ္တ၀ါတွေ၊ အလယ်အလတ်ဖြစ်တဲ့ သတ္တ၀ါတွေ တစ်စုစီ ခွဲပြန်ပါတယ်။ နောက်တစ်ဖန် ၀ခြင်း ပိန်ခြင်းကို လိုက်ပြီးတော့လဲ ခန္ဓာကိုယ်ဝတဲ့ သတ္တ၀ါ၊ ပိန်လှီတဲ့ သတ္တ၀ါ၊ အလယ်အလတ် သတ္တ၀ါစသည်ဖြင့် ခန္ဓာအရွယ်အစားလိုက်ပြီး ခွဲခြားပေးပါတယ်။
          မိမိတို့အာရုံထဲမှာ အဲဒီလို ခန္ဓာကိုယ်အသီးသီးကို အာရုံပြုပြီး တစ်မျိုးစီတိုင်း တစ်မျိုးစီတိုင်းမှာ ကိုယ်ချမ်းသာပါစေ၊ စိတ်ချမ်းသာပါစေ၊ ဘေးရန်ကင်းကြပါစေရယ်လို့ မေတ္တာစိတ်ကလေး ညွှတ်ပေးကြရတာကိုပဲ မေတ္တာပွားတယ်လို့ ခေါ်ပါတယ်။ ဒါက ယေကေစိ ပါဏဘူတတ္ထိ ဆိုတဲ့ အပိုဒ်ကနေ စပြီး ဘူတာ ၀ သမ္ဘဝေသီ ၀ ၊ သဗ္ဗသတ္တာ ဘ၀န္တု သုခီ တတ္တာ အထိ အဓိပ္ပာယ်များပါပဲ။
          နပရောပရံ နိကုဗ္ဗေထ စတဲ့ အပိုဒ်ကိုတော့ ဆရာတော်ကြီးက လူအချင်းချင်း လှည့်ပတ်ခြင်း ကင်းရှင်းကြပါစေ စသည်ဖြင့် လင်္ကာ သုံးကြောင်း စပ်ဆိုထားတော်မူထားလို့ အဲဒီလင်္ကာလေး ကြည့်တာနဲ့ပဲ အဓိပ္ပာယ်က ပေါ်လွင်ပါတယ်။
          မေတ္တာပွားများတဲ့အခါ စိတ်ထားပုံ စိတ်ထားနည်းကိုတော့ ဘုရားရှင်က ``မာတာ ယထာ နိယံ ပုတ္တ-မာယုသာ ဧကပုတ္တမနုရက္ခေ´´ စသည်ဖြင့် ဟော်တော်မူပါတယ်။ မိခင်တစ်ဦးဟာ သူ့ရဲ့ တစ်ဦးတည်းသော သားကို အသက်ပေးပြီး ချစ်လို့ အသက်ပေးပြီး စောင့်ရှောက်သလိုပဲ ခပ်သိမ်းသော သတ္တ၀ါတွေအပေါ်မှာလဲ အဲဒီလို စိတ်ထားရမယ်လို့ ဆိုလိုပါတယ်။
          အပါယ်လေးဘုံ၊ လူ့ဘုံ၊ နတ်ပြည်ခြောက်ထပ်ပါဝင်တဲ့ ကာမဘ၀ဆိုတဲ့ အောက်လောကမှာရော၊ ရူပါဝစရဗြဟ္မာ့ဘုံလို့ခေါ်တဲ့ အလယ်လောကမှာရော အရူပါဝစရဗြဟ္မာ့ဘုံလို့ခေါ်တဲ့ အထက်လောကမှာပါ ဒီလောကသုံးပါးလုံးမှာ ကျဉ်းမြောင်းကြပ်တည်းမှုတွေ ကိုယ်တွင်းကိုယ်ပဘေးရန်တွေ မရှိစေဘဲ အလွန်တရာ နှစ်သက်မြတ်နိုးဖွယ်ဖြစ်တဲ့ မေတ္တာတရားကို ပွားများသင့်တဲ့အကြောင်း ``မေတ္တဉ္စ သဗ္ဗလောကသ္မိံ ၊ မာနသံ ဘာဝယေ အပရိမာဏ´´ စတဲ့အပိုဒ်နဲ့ တိုက်တွန်းတော်မူပြန်ပါတယ်။
          ``တိဋ္ဌံ စရံ နိသိန္နော ၀ ၊ သယာနော ယာဝတာဿ ၀ိတမိဒ္ဓေါ´´ စသည်ဖြင့် ရပ်ရင်း ထိုင်ရင်း အိပ်ရင်း လျောင်းရင်းနဲ့ပါ မေတ္တာစိတ်နဲ့ နေကြမယ်ဆိုလျှင် မြတ်သောနေထိုင်းခြင်းဖြစ်တယ်လို့လဲ ဟောတော်မူပါတယ်။
          မေတ္တာကမ္မဋ္ဌာန်းကို စီးဖြန်းအားထုတ်သူဟာ အမြင်ဖောက်ပြန် မိစ္ဆာဉာဏ်မကပ်ရောက်ဘဲ ၀တ္ထုကာမ ကိလေသာ ကာမတို့မှ ကင်းစင်ကာ နိဗ္ဗာန်ကိုပါ မျက်မှောက်ပြုနိုင်တာမို့ နောက်ထပ်တစ်ဖန် ပဋိသန္ဓေပြန်နေရတဲ့ ဒုက္ခကြီးကနေ အပြီးတိုင် လွတ်မြောက်နိုက်တဲ့အကြောင်း ``ဒိဋ္ဌိဉ္စ အနုပဂ္ဂမ္မ´´ အစချီတဲ့ အပိုဒ်နဲ့ ညွှန်းဆိုတော်မူပြီး မေတ္တာသုတ်ကို နိဂုံးချုပ်ထားတော်မူပါတယ်။
          ဒါက ထိုထိုဤဤ အလီလီသော စာအုပ်တွေဖတ်ပြီး မေတ္တာသုတ်ရဲ့ အဓိပ္ပာယ်ကို သူငယ်ချင်းများအတွက် စွမ်းနိုင်သမျှ ဖွင့်ဆိုပြတာသာ ဖြစ်ပါတယ်။ အမှားအယွင်းရှိခဲ့သော သည်းခံခွင့်လွှတ်ပေးကြဖို့ကိုလဲ မေတ္တာရပ်ခံပါတယ်။
          စာတစ်လုံး ဘုရားတစ်ဆူဆိုတဲ့ စကားကို ကြားဖူးပါတယ်။ ဘုရား တရား သံဃာရဲ့ ဂုဏ်တွေကို နှလုံးသားထဲမှာ စိမ့်ထုံပြီး အဲဒီဂုဏ်တွေကို ဖော်ညွှန်းထားတဲ့ အက္ခရာတွေကို ရွတ်ဆိုပူဇော်တဲ့အခါ နှုတ်ဖျားမှာရော နှလုံးသားမှာပါ စာတစ်လုံး ရွတ်တိုင်း ဘုရားတစ်ဆူ တည်ရာရောက်လို့ ယနေ့ မေတ္တာအခါတော်နေ့မှာ အခုလို မေတ္တာသုတ်အဓိပ္ပာယ်ကို လေးနက်စွာ နှလုံးသားမှာ ဆင်ခြင်ရင်း
အို ---- သူတော်ကောင်းအပေါင်းတို့ .....။ မေတ္တာသုတ်တော်ကို ရွတ်ဆိုပူဇော်ကြပါစို့။
၁။ လုံးစုံများစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
   ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၂။ ကြောက်တတ်၊ မကြောက်တတ်၊ နှစ်ရပ်များစွာ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
   ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၃။ မြင်အပ်၊ မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ ချမ်းသာကိုယ်စိတ် မြဲပါစေ။
   ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၎။ ဝေးနေ၊ နီးနေ၊ နှစ်ထွေများစွာ သတ္တ၀ါချမ်းသာကိုယ်စိတ် မြဲပါစေ။
   ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၅။ ဘ၀ဇာတ်ဆုံး၊ မဆုံးများစွာ၊ သတ္တ၀ါချမ်းသာကိုယ်စိတ် မြဲပါစေ။
   ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၆။ ရှည် တို အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါချမ်းသာကိုယ်စိတ် မြဲပါစေ။
   ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၇။ ကြီး ငယ် အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါချမ်းသာကိုယ်စိတ် မြဲပါစေ။
   ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၈။ ဆူ ကြုံ အလတ်၊ သုံးရပ်ခန္ဓာ၊ သတ္တ၀ါချမ်းသာကိုယ်စိတ် မြဲပါစေ။
   ဥပဒ်ရန်ဘေး၊ ကင်းစင်ဝေး ငြိမ်းအေးကြပါစေ။
၉။ လူအချင်းချင်း၊ လှည့်ပတ်ခြင်း၊ ကင်းရှင်းကြပါစေ။
၁၀။ အထင်သေးခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။
၁၁။ ဆင်းရဲလိုခြင်း၊ အချင်းချင်း၊ ကင်းရှင်းကြပါစေ။

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။