Thursday, October 18, 2012

ဘုရားရှင်နှင့် စကားအလင်္ကာ



``မိဘနှစ်ဖြာ၊
ရာဇာနှစ်ပါး၊
ပြည်တိုင်းကားကို၊
ထွားထွားကြေညက်၊ အကုန်ပျက်အောင်၊
သတ်လျက်မချန်၊ ဖြိုဖျက်လှန်ပြီး၊
အနန္တရိုက်၊ ကံကြီးထိုက်၍၊
အမြိုက်ငါ့လား၊ ခံစံစားသည်၊
ချစ်သားအရိယာ၊ များသံဃာ´´

          အထက်ပါ လင်္ကာစာပိုဒ်ကို ကြည့်လျှင် ရုတ်တရက် မကျေနပ်စရာ အဓိပ္ပာယ်များ ပေါ်လာကောင်း ပေါ်လာပါလိမ့်မည်။ ဤဆောင်းပါးကို ရေးရခြင်းအကြောင်းရင်းမှာ အချို့က ဗုဒ္ဓဘာသာ စာပေကျမ်းဂန်များကို နက်နက်နဲနဲ လိုက်စားမှုမရှိဘဲ မြန်မာပြန်လောက်မျှကိုသာ ဖတ်ပြီး ထိပါးပုတ်ခတ်တတ်သောကြောင့် ရေးသားရခြင်းဖြစ်ပါသည်။ ဤဆောင်းပါးသည် မိမိတို့နှင့် ဘာသာယုံကြည်မှုမတူသည့် မည်သည့်ဘာသာခြား လူမျိုးခြားကိုမျှ ထိပါးလိုစိတ်၊ တိုက်ခိုက်လိုစိတ် အလျဉ်းမရှိပါ။ မိမိတို့ဘာသာတွင်းမှ နားလည်ရခက်သော အဓိပ္ပာယ်ကို ဖော်ပြရုံမျှသာဖြစ်ကြောင်း ၀န်ခံလိုပါသည်။
          အထက်ပါ မဃဒေ၀လင်္ကာစာပိုဒ်သည် ဓမ္မပဒကျမ်း၊ လကုဏ္ဍကဘဒ္ဒိယမထေရ်ဝတ္ထုတွင် ဘုရားရှင် ဟောထားချက်ကို မာန်လည်ဆရာတော်ကြီးက လင်္ကာဖွဲ့ဆိုထားခြင်း ဖြစ်ပါသည်။ လင်္ကာ၏ဆိုလိုချက်အချုပ်မှာ ``မိဘနှစ်ပါးနှင့် မင်းနှစ်ဦးကိုသတ်၊ တိုင်းပြည်ကိုဖျက်ဆီး၍ အနန္တရိယ ကံကြီးထိုက်ကာ ငါကဲ့သို့ အမြိုက်နိဗ္ဗာန်ကို ခံစားကြရသည့် ချစ်သားရဟန်းတို့´´ဟု အဓိပ္ပာယ်ရပါသည်။
ဤဟောကြားချက်မှာ ဘုရားရှင်က အလင်္ကာသုံး၍ ဟောထားခြင်းသာ ဖြစ်ပါသည်။ ဤတရားတော်ဖြစ်ပေါ်လာပုံမှာ
          တစ်ခါက ရဟန်းတော်များသည် ဘုရားရှင်ထံ ဆည်းကပ်ခစားနေကြစဉ် လကုဏ္ဍကဘဒ္ဒိယ မထေရ်သည် ရဟန်းများမြင်လောက်ရာ အရပ်မှ ဖြတ်သွားမိလေသည်။ ရဟန်းများမှာ လကုဏ္ဍကဘဒ္ဒိယမထေရ်ကို ကိုရင်ငယ်လေးအသွင် ထင်နေကြသဖြင့် လေးစားမှု လျော့ပါးခြင်း ဖြစ်ခဲ့သည်။
          ထိုအရှင်၏ အမည်မှာ ဘဒ္ဒိယ ဖြစ်ပြီး အရပ်မှာ ပုကွကွဖြစ်နေသဖြင့် လကုဏ္ဍကဟု ခေါ်ကြောင်း သိရပါသည်။ အရပ်ပုကွရခြင်းမှာ ကဿပဘုရားလက်ထက်တော်အခါက ကဿပဘုရားရှင်၏ ဓာတ်တော်များကို စေတီတည်ရာတွင် အများစုက မြင့်မြင့်တည်ချင်သည်ကို ပယ်ချ၍ အမြန်ပြီးစီးကာ ခိုင်ခံ့စေလိုသော စိတ်ဖြင့် အနည်းငယ်နှိမ့်ပြီး တည်ခဲ့မိသောကြောင့် ပုကွကွ အကျိုးပေးခြင်း ဖြစ်ကြောင်းလည်း သိရပါသည်။ ရဟန်းတော်များ၏ စိတ်ကို သိတော်မူသော ဘုရားရှင်က
          ``ရဟန်းတို့ ...။ ကြည့်လိုက်ကြပါ။ ဤရဟန်းတော်သည် မိဘနှစ်ပါးကို အရှင်းပြတ်ပြတ် သတ်ဖြတ်နိုင်သောကြောင့် ဆင်းရဲမရှိ ချမ်းသာစွာ သွားလာနေရပေ၏´´
ဟု မိန့်တော်မူလိုက်သည်။ ဘုရားရှင်၏ စကားကို ကြားလျှင် ရဟန်းများက တစ်ပါးမျက်နှာ တစ်ပါးကြည့်ကြလျက်
          ``မြတ်စွာဘုရား ... အဘယ်ကဲ့သို့သော အဓိပ္ပာယ်ဖြင့် မိန့်ကြားတော်မူပါသနည်း´´
ဟု မေးမြန်းလျှောက်ထားကြရာ ဘုရားရှင်က
          ``ရဟန်းသည် မိဘတို့ကို သတ်၍လည်းကောင်း၊ ဓားလှံလက်နက် စွဲကိုင်စောင့်ကြပ်နေသည့် နိုင်ငံကို ချေမှုန်း၍ မင်းနှစ်ပါးကို သတ်ဖြတ်နိုင်သောကြောင့်လည်းကောင်း ဘေးရန်မရှိ အေးချမ်းစွာ သွားလာနေရပေ၏´´
ဟု ဟောကြားတော်မူပါသည်။
          ဤနေရာတွင် အမိဟူသည်မှာ တဏှာကို ဆိုလိုပါသည်။ မိခင်သည် သားသမီးတို့ကို ဖြစ်စေသကဲ့သို့ တဏှာသည်လည်း ဘ၀သုံးပါး၌ သတ္တ၀ါတို့ကို ဖြစ်စေပါသည်။ ထို့ကြောင့် တဏှာသည် အမိနှင့် တူပါသည်။
         အဖဟူသည်မှာ မာနကို ဆိုလိုပါသည်။ လူတို့သည် အဖကို အမှီပြု၍ မာန်တက်တတ်ကြသည်။ ``ငါက ဘယ်သူ့သား၊ ငါ့အဖေက ဘာ´´စသည်ဖြင့် ဖခင်ကို အမှီပြုကာ လက်မထောင်တတ်ကြသည်။ ထို့ကြောင့် မာနသည် ဖခင်နှင့် တူပါသည်။
          အစောင့်အကြပ်ချထားသော နိုင်ငံဟူသည်မှာ အာယတန ၁၂-ပါးကို ဆိုလိုပါသည်။ ကိလေသာတို့ကို ဖြစ်ပေါ်စေတတ်သောကြောင့် မျက်စိ၊ နား၊ နှာ၊ လျာ၊ ကိုယ်၊ စိတ်၊ အဆင်း၊ အသံ၊ အနံ့၊ အရသာ၊ အတွေ့အထိ၊ အတွေးအကြံ၊ သဘောတရား ဤတရား ၁၂ ပါးကို အာယတနတရားများဟု ခေါ်ပါသည်။ ဤတရားတို့သည် အလွန်ကျယ်ဝန်းလှသဖြင့် နိုင်ငံတစ်ခုနှင့် တူကြောင်း ဘုရားရှင် နှိုင်းပြခြင်း ဖြစ်ပါသည်။ နိုင်ငံကို ချစ်သူတို့သည် လက်နက်စွဲကိုင်လျက် နိုင်ငံကို စောင့်ရှောက်တတ်သကဲ့သို့ ဖြစ်ရာဘ၀ကို နှစ်သက်စေတတ်သော နန္ဒီရာဂဟုခေါ်သည့် တဏှာသည် အာယတနတရားကို စောင့်ရှောက်တတ်သောကြောင့် နန္ဒီရာဂကို လက်နက်ကိုင်အစောင့်နှင့် နှိုင်းပြတော်မူခြင်း ဖြစ်ပါသည်။
          မင်းနှစ်ပါးဟူသည်မှာ သဿတဒိဋ္ဌိနှင့် ဥစ္ဆေဒဒိဋ္ဌိကို ဆိုလိုပါသည်။ လူအပေါင်းသည် အစိုးရမင်းများကိုသာ မှီခိုနေကြရ၊ မင်းလိုလိုက် မင်းကြိုက်ဆောင်ကြရသကဲ့သို့ မိစ္ဆာဒိဋ္ဌိအယူအားလုံးတို့သည် သဿတဒိဋ္ဌိ (မြဲသောအယူ)၊ ဥစ္ဆေဒဒိဋ္ဌိ (ပြတ်သောအယူ)တို့ကို အမှီပြုရသဖြင့် မိစ္ဆာဒိဋ္ဌိအားလုံး၏ ဘုရင်များပင် ဖြစ်ပါသည်။
          ဤသို့လျှင် တဏှာ၊ မာန၊ အာယတန၊ နန္ဒီရာဂ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတို့ကို မဂ်တရားတည်းဟူသော ကုသိုလ်ကံအကြီးစားဖြင့် ဖြတ်တောက်သုတ်သင်နိုင်သည်ကို ကံကြီးထိုက်သည်ဟု ဆိုလိုပါသည်။ အများအားဖြင့် ကံကြီးထိုက်သည်ဟု ပြောလိုက်လျှင် ``အမိသတ်ခြင်း၊ အဖသတ်ခြင်း၊ ရဟန္တာသတ်ခြင်း၊ သံဃာသင်းခွဲခြင်း၊ ဘုရားရှင်ကို သွေးစိမ်းတည်အောင်ပြုခြင်း´´ဟူသော အကုသိုလ်ကံအကြီးစားကိုသာ ပြေးမြင်မိတတ်ကြပါသည်။
          ဗုဒ္ဓဘာသာအလိုအရ ကံဟူသည်မှာ ကုသိုလ်ကံ(အပြစ်မရှိသော၊ ကောင်းသောအကျိုးကို ပေးသော အလုပ်)နှင့် အကုသိုလ်ကံ(အပြစ်ရှိသော၊ မကောင်းသောအကျိုးကို ပေးသော အလုပ်)ဟု နှစ်မျိုးရှိပါသည်။ ထိုကုသိုလ်ကံ အကုသိုလ်ကံတို့တွင်လည်း အကြီးအသေး အစားစား ကွဲပြားပါသည်။
          ဤနေရာတွင် မဂ်ကုသိုလ်သည် ကုသိုလ်တကာတို့တွင် အတိုင်းအဆမရှိ အကြီးဆုံးဖြစ်သောကြောင့် အနန္တရိယကုသိုလ်ကံအဖြစ် မာန်လည်ဆရာတော်ကြီးက စပ်ဆိုထားခြင်းသာ ဖြစ်ပါသည်။ အကုသိုလ်အနန္တရိယကို ဆိုလိုခြင်း မဟုတ်ပါ။
          ထိုအနန္တရိယ အနှိုင်းမဲ့မဂ်ကုသိုလ်(အရဟတ္တမဂ်)တရားကို ရရှိသဖြင့် အရဟတ္တမဂ်၏အကျိုးဖြစ်သော အရဟတ္တဖိုလ်ဆိုက်၍ ရဟန္တာဖြစ်နေသည့် လကုဏ္ဍကဘဒ္ဒိယမထေရ်သည် ငါဘုရားကဲ့သို့ နိဗ္ဗာန်ချမ်းသာကို ခံစားနေသူဖြစ်ကြောင်း ရဟန်းတို့ကို ဘုရားရှင်က မိန့်ကြားတော်မူခြင်း ဖြစ်ပါသည်။
          တစ်နည်းအားဖြင့် ငါဘုရားကဲ့သို့ နိဗ္ဗာန်ချမ်းသာကို ခံစားလိုလျှင် တဏှာ၊ မာန၊ အာယတန၊ နန္ဒီရာဂ၊ သဿတဒိဋ္ဌိ၊ ဥစ္ဆေဒဒိဋ္ဌိတို့ကို ဖြတ်တောက်ရမည်ဖြစ်ကြောင်း ဟောကြားတော်မူခြင်း ဖြစ်ပါသည်။ ပုကွကွဖြစ်နေသည့် လကုဏ္ဍကဘဒ္ဒိယမထေရ်ကို မြင်ပြီး ခပ်ရွှင်ရွှင်ဖြစ်နေသည့် ရဟန်းတော်များ၏စိတ်ကို ဘုရားရှင်က သိတော်မူ မြင်တော်မူသဖြင့် တရားအပေါ် အာရုံစုစည်းမှု ပိုဖြစ်လာအောင် ပဟေဠိဖြင့် အဖြေညှိကာ ဟောကြားတော်မူခြင်းသာ ဖြစ်ပါသည်။
          ထိုတရားတော်ကို မြန်မာပြန်မျှလောက်သာ ဖတ်မိလျှင် ``ဗုဒ္ဓဘာသာတရားက ဘာလဲဟ´´ ဟု ဝေဖန်မိကြပါလိမ့်မည်။ ထို့ကြောင့် ဖတ်ခဲ့ဖူးသော မုံရွေးဆရာတော်၏ သတပဒိကပုစ္ဆာကျမ်းလာ အဖြေကို ပြန်လည်စဉ်းစားရင်း တင်ပြလိုက်ခြင်းသာ ဖြစ်ပါသည်။

1 comment:

  1. titanium wire - The best telegram channels on iTech - The
    Tioga Wire: 10-10-2021 (RTG) - titanium density Telegram samsung galaxy watch 3 titanium channel channel is an titanium granite interesting titanium exhaust tips Telegram channel chi titanium flat irons from the creators of iTech.com,

    ReplyDelete



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။