Thursday, October 18, 2012

ကုမာရီ (သက်ရှိနတ်ဖုရား)



          အနီရဲရဲဝတ်စုံနဲ့ ထိုင်ခုံလက်ရန်းရဲ့ ဘေးတစ်ဖက်တစ်ချက်မှာက ၀ဇျာယာနအဆောင်အယောင် တောင်ဝှေးပါ။ နဖူးမှာကတော့ တတိယမျက်လုံးပုံကို ဆေးနီနဲ့ ခြယ်မှုန်းထားပါတယ်။ သူဟာ နီပေါနိုင်ငံရဲ့ သက်ရှိနတ်ဖုရား ကုမာရီပါပဲ။ အဲဒီတတိယမျက်လုံးကြောင့်လဲ ကုမာရီရဲ့ အသွင်ဟာ ပိုပြီး ခန့်ငြားသွားလေသလား မသိပါဘူး။ နီပေါမှာက မျက်လုံးသင်္ကေတဟာ ဘုရားပါပဲ။ ဗုဒ္ဓဘာသာ စေတီတွေမှာဆိုရင် မြန်မာနိုင်ငံမှာတော့ ဆင်းတုတော်တွေဟာ မပါမဖြစ်ပါ။ နီပေါနိုင်ငံမှာတော့ စေတီမှန်ရင် မျက်လုံးဟာ မပါမဖြစ်ပါ။ ဘုရားရှင်ဟာ အားလုံးကို သိတော်မူ မြင်တော်မူတယ်ဆိုတဲ့ အဓိပ္ပာယ်နဲ့ မျက်လုံးနဲ့ ကိုယ်စားပြုပါတယ်။ အဲဒီလိုပါပဲ။ လေးစားထိုက် ကိုးကွယ်ထိုက်တဲ့အရာတွေကိုလဲ မျက်လုံးသင်္ကေတကို သုံးလာကြတာဖြစ်ပါတယ်။
          နီပေါနိုင်ငံရဲ့ မြို့တော် ကတ္တမန္ဒူး Valley အတွင်းမှာ အေဒီ ၁၃၀၀ လောက်ကတည်းက ယနေ့တိုင် အစဉ်အလာမပျက် ယုံကြည်ကိုးကွယ်ကြတာ တစ်ခု ရှိပါတယ်။ အဲဒါက ကုမာရီပါပဲ။ သူ့ကို သက်ရှိနတ်ဖုရားအဖြစ်နဲ့လဲ တင်စားကြပါတယ်။ ဘယ်သူတွေ ကိုးကွယ်ကြသလဲဆိုတော့ ဗုဒ္ဓဘာသာဝင်တွေနဲ့ ဟိန္ဒူဘာသာဝင်တွေ ကိုးကွယ်ကြတာပါ။ တိုင်းပြည်ရဲ့ အချုပ်အခြာဖြစ်တဲ့ ဘုရင်ကိုယ်တိုင်ကကို ကုမာရီကို လေးစားရပါတယ်။
          ကုမာရီရွေးချယ်ဖို့အတွက်ကတော့ နိုင်ငံတွင်းက လူမျိုးစုတွေ အများကြီးရှိတဲ့အထဲမှာမှ ``နေ၀ါရီလူမျိုးနဲ့ သကျလူမျိုး´´အတွင်းကပဲ ရွေးချယ်ရပါတယ်။ အဲဒီလူမျိုးစုထဲမှာ ကုမာရီဖြစ်ထိုက်တဲ့ အင်္ဂါရပ်နဲ့ ပြည့်စုံတဲ့ ၃-နှစ်၊ ၄-နှစ်အရွယ် ကလေးတွေကို ရှာရပါတယ်။ အဲဒီကလေးတွေဟာ သာမန်ကလေးတွေနဲ့ မတူတဲ့ အရည်အချင်းမျိုး ရှိမရှိ သူတို့ စမ်းသပ်ကြပါတယ်။ စမ်းသပ်ပုံက ရှေးဟောင်းအိမ်အိုကြီးတစ်ခုထဲမှာ ကျွဲခေါင်း၊ ဆိတ်ခေါင်း စတာတွေကို ရာနဲ့ချီပြီး သွေးစိမ်းရှင်ရှင်နဲ့ ထည့်ထားပါတယ်။ ညဘက်ရောက်တဲ့အခါ အဲဒီအိမ်ကြီးထဲမှာ ကလေးကို တစ်ယောက်ထဲ ထားပါတယ်။ လန့်ငိုတာ ကြောက်တဲ့ရုပ်ပေါ်တာမျိုးရှိရင် ကုမာရီအဖြစ် မသတ်မှတ်ပါဘူး။ မတုန်လှုပ်တဲ့ ကလေးကိုပဲ ကုမာရီအဖြစ် သတ်မှတ်ပါတယ်။

          ကုမာရီအဖြစ် သတ်မှတ်ပြီးရင် ကုမာရီနေဖို့အတွက် သီးသန့်အိမ်တစ်အိမ်ရှိပါတယ်။ အဲဒီအဆောက်အအုံမှာ အခြွေအရံဆိုဆို အဖော်ပဲ ပြောပြော ရွယ်တူ မိန်းကလေးနှစ်ယောက် ထားပေးပါတယ်။ ဝေယျာဝစ္စလုပ်ဖို့အတွက်လဲ အလုပ်သမား ထားပေးပါတယ်။ အရင်က ကုမာရီတွေဟာ စာမသင်ရပေမယ့် အခုအခါမှာတော့ သူ့အတွက် သီးသန့် စာသင်ဖို့ စီစဉ်ပေးထားတာ သိရပါတယ်။ ထူးခြားချက်ကတော့ တကယ့်ကလေးလေးပင် ဖြစ်သော်လည်း ကုမာရီအဆင်အပြင် အဆောင်အယောင်တွေနဲ့ ပြင်ဆင်ပေးလိုက်တဲ့အခါ အဲဒီကလေးရဲ့ သွင်ပြင် သွားဟန် လာဟန် ပြောတဲ့စကားတွေဟာ ပုံမှန်အတိုင်း မဟုတ်တော့တာကိုတော့ သတိထားမိပါတယ်။
          ရွေးချယ်ခံကုမာရီဟာ တစ်နှစ်တစ်ကြိမ် ကုမာရီလှည်းနဲ့ မြို့တွင်းမှာ လှည့်လည် အပူဇော်ခံလေ့ရှိပါတယ်။ အဲဒီအခါမျိုးတွေမှာ လူတွေ တိုးမပေါက်နိုင်အောင် ကြက်ပျံမကျ စည်ကားလွန်းလှပါတယ်။ ဒါကို ကြည့်ခြင်းအားဖြင့် သူတို့ရဲ့ ရှေးဟောင်းယုံကြည်မှုအပေါ် ဘယ်လောက်ထိ စွဲလန်းနေတယ်ဆိုတာကိုလဲ အကဲဖြတ်နိုင်ပါတယ်။ အဲဒီလို ပွဲလမ်းမရှိတဲ့အခါမျိုးတွေမှာတော့ ကုမာရီရဲ့ရှေ့ကို ဘုရင်နဲ့ မိဖုရားကသာ အလွယ်တကူ ၀င်နိုင်ထွက်နိုင်ပါတယ်။ ဘုရင်လက်ထက်ကဆိုလျှင် မိဖုရားဟာ ကုမာရီဆီကို မကြာခဏ၀င်ထွက် ခစားပါတယ်။ ကုမာရီပြောတဲ့ စကားတွေကို သေသေချာချာ မှတ်သားပြီး ပြောတဲ့အတိုင်း ဆောင်ရွက်လေ့ ရှိပါတယ်။ အခြားသူများကတော့ ၀င်ချင်တိုင်းဝင် တွေ့ချင်တိုင်းတွေ့လို့ မရပါဘူး။ တွေ့ချင်မြင်ချင်သူများအတွက်တော့ ကုမာရီဟာ သူနေတဲ့ အဆောက်အအုံရဲ့ သုံးထပ်မြောက်ရဲ့ အလယ်ပြတင်းပေါက်ကနေ တစ်မိနစ်ခန့် ထိုင်ပြပါတယ်။ အဲဒါကို မြင်ရဖို့အတွက်လဲ အိမ်ရှေ့ မြေပေါ်ကနေ စိတ်ရှည်လက်ရှည် စောင့်ဆိုင်းနေရတဲ့လူတွေလဲ မနည်းလှပါဘူး။
          မကြာသေးသောနှစ်များက နီပေါနန်းတွင်း လုပ်ကြံမှုတစ်ခု ဖြစ်ခဲ့ပါတယ်။ ဘုရင်မိသားစု တစ်စုလုံးကို နန်းတွင်းမှာပဲ မသမာသူတစ်စုက သေနတ်နဲ့ လိုက်လံ ပစ်သတ်တာ ဖြစ်ပါတယ်။ ထွက်ပြေးတဲ့မိသားစုဝင်တွေကိုပါ သတ်တာဖြစ်ပါတယ်။ ကျန်တာဆိုလို့ ဘုရင့်သားကြီးပဲ ကျန်ပါတယ်။ ဘုရင့်ညီ မိသားစုတစ်စုလုံး ကျန်ပါတယ်။ အဲဒီလို ပစ်သတ်တဲ့ တရားခံဟာ နီပေါဘုရင်ရဲ့ သားကြီးကိုယ်တိုင် ဖြစ်တယ်လို့ တရားဝင် သတင်းထုတ်ပြန်ပေမယ့် အဲဒီမင်းသားဟာလဲ နောက်ဆုံးမှာ အသတ်ခံရပါတယ်။ သတင်းအမျိုးမျိုးအရ သူ့ကိုယ်သူ သတ်သေတယ်လို့လဲ ပြောကြပါတယ်။ အသတ်ခံရတယ်လို့လဲ ပြောကြပါတယ်။ သို့သော် နီပေါနိုင်ငံအတွင်းမှာ အဲဒီအကြောင်းကို ဘယ်သူမှ ကျယ်ကျယ်မပြောရဲတာကတော့ ထူးခြားချက်တစ်ခုပါပဲ။
          ဒီအဖြစ်အပျက် ဖြစ်ပြီး ``ဘုရင့်သားက ဘုရင့်ကို ပြန်သတ်တယ်´´လို့ တရားဝင် သတင်းထုတ်ပြန်လိုက်တဲ့အခါ အသက် ငါးနှစ်အရွယ်လောက်ရှိနေပြီဖြစ်တဲ့ ကုမာရီလေးဟာ လုံးဝ ငြင်းဆန်ခဲ့ပါတယ်။ ဣနြေ္ဒပျက်လောက်အောင်ကို ငြင်းဆန်ခဲ့ပါတယ်။ ကစားမယ် စားမယ်ဆိုတာလောက်ပဲ စိတ်ဝင်စားတတ်တဲ့ ဒီအရွယ်လေးဟာ ဘယ်သူကမှ မမေးပါဘဲ ``သားက အဖေကို မသတ်ဘူး၊ သားကအဖေကို မသတ်ဘူး´´ဆိုတာပဲ ၇-ရက်လောက် ပြောဆိုနေခဲ့ပါတယ်တဲ့။ ဒါကတော့ ဒေသခံတွေဆီက ပြန်သိရတဲ့ ကုမာရီရဲ့ ထူးခြားချက်လေး တစ်ခုပါပဲ။

          ကတ္တမန္ဒူး valley အတွင်းမှာ နယ်မြေအလိုက် ကုမာရီလေးဦး ထားပါတယ်။ အဓိကပင်မကုမာရီကတော့ ကတ္တမန္ဒူးကုမာရီပါပဲ။ ပါဒံကုမာရီစတာတွေက နိုင်ငံတော် အသိအမှတ်ပြုမဟုတ်ပါဘူး။ နိုင်ငံတော်အသိအမှတ်ပြုက တစ်ယောက်ပဲ ထားပါတယ်။ ကုမာရီတစ်ယောက်ရဲ့ သက်တမ်းဟာ တကယ်တော့ သိပ်ကိုတိုတောင်းလွန်းလှပါတယ်။ အလွန်ဆုံးကြာ လေးငါးနှစ်လောက်ပဲ ဖြစ်မယ်ထင်ပါတယ်။
          ဘာကြောင့်လဲဆိုတော့ ကုမာရီတစ်ယောက်ဟာ လမ်းလျှောက်ရင်း ခလုတ်တိုက်မိသွားလျှင်လဲ ကုမာရီအဖြစ် ဆက်လက်မကိုးကွယ်တော့ပါဘူး။ သွားကျိုးသွားလျှင်လဲ မကိုးကွယ်တော့ပါဘူး။ အပျိုဖြစ်လာလို့ အမျိုးသမီးဓမ္မတာ လာတဲ့အခါမှာလဲ ကုမာရီအဖြစ် မကိုးကွယ်တော့ပါဘူး။ အဲဒီအခါမှာ နောက်ထပ် ကုမာရီအသစ် ပြန်ရှာ ပြန်ရွေး ပြန်ခန့်ရပါတယ်။

No comments:

Post a Comment



မင်္ဂလာပါခင်ဗျာ!! ကိုယ်ပိုင်စိတ်ကူး အတွေးလေးတွေကို အကောင်ထည်ဖော် ချရေးထားတာမို့ လိုအပ်သည်များရှိသော် နားလည်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်။