တော်သလင်း
သစ်ဆင်းရယ်တဲ့ လမာသာ၊
မြစ်လုံးငယ် ဆူညံလို့၊
လှော်တက်သံ လှေပြိုင်ပွဲငယ်၊
နွှဲပျော်ကြရှာ။
ယုန်ရထား အိမ် သီတလမှာတဲ့၊
ပုဏ္ဏဒိန် ကြည်ကြည်ပ ပါလို့၊
မည်ဘဒြ ကြယ်ပြုဗ္ဗါ၊
ယှဉ်လာ၍ ပြည့်ဝန်း၊
ဒွါဒရာ၊
ငှက်ဗျိုင်း တာရာနှင့်၊
ရွှေယင်းမာ ငုံပွင့်ကင်းကြတယ်၊
သင်းတဲ့ သည်ပန်း။
သစ်ဆင်းရယ်တဲ့ လမာသာ၊
မြစ်လုံးငယ် ဆူညံလို့၊
လှော်တက်သံ လှေပြိုင်ပွဲငယ်၊
နွှဲပျော်ကြရှာ။
ယုန်ရထား အိမ် သီတလမှာတဲ့၊
ပုဏ္ဏဒိန် ကြည်ကြည်ပ ပါလို့၊
မည်ဘဒြ ကြယ်ပြုဗ္ဗါ၊
ယှဉ်လာ၍ ပြည့်ဝန်း၊
ဒွါဒရာ၊
ငှက်ဗျိုင်း တာရာနှင့်၊
ရွှေယင်းမာ ငုံပွင့်ကင်းကြတယ်၊
သင်းတဲ့ သည်ပန်း။
မဟာဂီတ ဦးပြုံးချိုရဲ့ တော်သလင်းလဖွဲ့ ကဗျာလေးပါ။ တော်သလင်းလကို ရှေးအခါက သစ်ဆင်းလလို့ ခေါ်ကြပါတယ်။ အထက်အညာဒေသကနေပြီး သစ်ဖောင်တွေကို စုန်မျှောကြတဲ့လအဖြစ် လည်းကောင်း၊ မိုးတွင်းကာလ တောင်ပေါ်တောမြိုင်များ၌ ခိုအောင်းနေကြကုန်သော သစ်သတ္တဝါများ မြေနိမ့်လွင်ပြင်များဆီသို့ ပြောင်းရွှေ့ဆင်းသက်၍လာကြသော လအခါဖြစ်၍ လည်းကောင်း၊ မြစ်ကမ်းဘေးရှိ သစ်တိုင်မြင့်များ ပေါ်မှ အောက်ရှိမြစ်ရေပြင်ပေါ်သို့ ခုန်ဆင်းကြလေ့ပြုသော ရှေးဟောင်းမြန်မာ အားကစားပြိုင်ပွဲ သမယဖြစ်၍လည်းကောင်း၊ "သစ်ဆင်းလ" ဟုခေါ်ကြောင်း မှတ်သားရဖူးပါတယ်။
နှောင်းပိုင်းမှာတော့
တော်သလင်းလလို့ ပြောင်းလဲ ခေါ်ဝေါ်ကြပါတယ်။ "တော်" ဆိုတာ အထက်ကောင်းကင်လို့
အဓိပ္ပာယ် ရပါတယ်။ "သလင်း" (=သာလင်း) ကတော့ သာယာခြင်း၊ ထွန်းလင်းခြင်းကို
ဆိုလိုတာပါ။ ဒါ့ကြောင့် ဤလသည် ကောင်းကင်တစ်ခွင် သာယာ၍ ထွန်းလင်းနေသော လ
လို့ အဓိပ္ပာယ်ရပါတယ်။ ``တော်သလင်းရာသီ - တင့်ကာဆန်းပြန်တော့ -
လျှံကာစီပွင့်ကာဖြင့် လန်းရှာကြ၊ ယင်းမာပန်းတွေက လှိုင်လှိုင်ကြူ´´
ဆိုတဲ့ကဗျာစာသားလေးလိုပဲ မိုးရွာတဲ့အချိန်နဲ့ နေပူတဲ့အချိန်က မျှတနေတော့
ပတ်ဝန်းကျင်ကလဲ သန့်ရှင်းစိမ်းစိုနေပါတယ်။ လယ်ကွင်းထဲက စပါးတွေကလဲ
စိမ်းမြကမ္ဗလာကြီး ခင်းထားသလို တအိအိနဲ့ ကြည့်လို့ မ၀နိုင်စရာပါ။
မြစ်တွင်းမှာတော့ ၀ါဆို
ဝါခေါင်လောက်လဲ မိုးမသည်း ရေမကြီး၊ သီတင်းကျွတ် တန်ဆောင်မုန်းလ လောက်လဲ
မြစ်ရေက မကျသေးဘဲ လှိုင်းလေနည်းပါးလို့ မြစ်ရေပြင် ညီညာပြေလွင် နေတာကိုပဲ
တော်သလင်း မြစ်တွင်း သင်ဖြူးခင်းရယ်လို့ လူကြီးသူမများက ပြောခဲ့ကြတာပေါ့။
မြစ်ရေပြင်ဟာ ကမ်းနဲ့တညီတည်းဖြစ်နေသလို သင်ဖြူးခင်းထားသလို
တည်ငြိမ်နေတာကြောင့် ဒီလဒီရာသီမှာပဲ မြန်မာမင်းများလက်ထက်က
လှေပြိုင်ပွဲသဘင်ကို ကျင်းပကြပါတယ်။ ကမ်းပေါ်ကအားပေးကြတဲ့ လူတွေ ရော
မြစ်တွင်းက ပြိုင်ပွဲဝင်နေကြတဲ့ အားကစားသမားတွေပါ တဦးကို တဦး ထင်သာမြင်သာ
ရှိတဲ့ အနေအထားဖြစ်လို့ ဒီရာသီကို ရွေးတယ်လို့ ထင်ပါတယ်။
မြန်မာမင်းများလက်ထက်က ရေတပ်ဟာ
အရေးပါဆုံးအနေအထားမှာ ရှိပါတယ်။ စစ်တပ်ဖွဲ့စည်းတဲ့အခါ စစ်သားတွေကို
ခြေလျင်ဆယ်ပွဲရမှ မြင်းပေါ် တင်ပါတယ်။ မြင်းဆယ်ပွဲရမှ ဆင်ပေါ်တင်ပါတယ်။
ဆင်နဲ့ဆယ်ပွဲရမှ လှေပေါ်တင်ပါတယ်။ ဒါကြောင့် မြန်မာမင်းများရဲ့ စစ်တပ်မှာ
ရေတပ်ဟာ ကျွမ်းကျင်မှုကို အဓိကထားတယ်လို့ ယူဆစရာ ရှိပါတယ်။ ပုဂံခေတ်ထိုး
ညောင်ရမ်းကြီးသမီးကျောက်စာမှာ ဖခင်အမည်ကို မခေါ်ဘဲ ဂုဏ်တင်တဲ့အနေနဲ့ ကင်္ကသူ
(=ဂင်္ဂါသူ = ဂင်္ဂါ + သူရ)လို့ ခေါ်ထားတာ တွေ့ရပါတယ်။ ဂင်္ဂါဆိုတာ ရေကို
ညွှန်းဆိုတာ ဖြစ်ပြီး သူကတော့ သူရ=ရဲရင့်ခြင်းကို ညွှန်းဆိုတာပဲဖြစ်ပါတယ်။
ရေတပ်ဗိုလ်ချုပ်ကြီးရဲ့သမီးဖြစ်ရတာကို ဂုဏ်ယူဟန် ရှိပါတယ်။
အဲဒီလို ဂုဏ်တင်နိုင်စရာ
ကျွမ်းကျင်စစ်သည်ဖြစ်ဖို့အတွက် လှေပြိုင်ပွဲတွေဟာ သိပ်ကို အရေးပါလှပါတယ်။
ရေတပ်သားတွေရဲ့ တက်ရေးလေ့ကျင့်မှုအရည်အသွေးတွေကို
စစ်ဆေးချီးမြှောက်လိုတဲ့အတွက် လှေပြိုင်ပွဲကို ကျင်းပပေးတာဖြစ်ပါတယ်။
တစ်ဦးချင်းစီရဲ့ ခန္ဓာကိုယ်သန်စွမ်းခြင်း၊ တက်ရေးကျွမ်းကျင်ခြင်းတွေကို
အခြေပြုပြီးမှ ရေတပ်မတော်ရဲ့ အင်အားကို ကြီးမားစေခဲ့ပါတယ်။ အဲဒီလိုပါပဲ။
ပြာသိုလမှာ မြင်းစစ်သည်တွေ မြင်းနှင့်အတူ
ဓားရေးလှံရေးလေ့ကျင့်ကျွမ်းကျင်မှုကို စစ်ဆေးချီးမြှောက်လိုတဲ့ အတွက်
မြင်းခင်းသဘင်ကို ကျင်းပပေးခဲ့ကြပါတယ်။ ဒီလို တိုင်းပြည်အင်အားကို
ကြီးမားစေတဲ့ ကစားနည်းတွေဖြစ်လို့ အားကစားလို့များ ခေါ်ဆိုလေသလား
အတွေးပွားမိပါတယ်။
ရောမခေတ်ကလဲ အိုလံပစ်ပွဲတွေဟာ
တိုင်းပြည်ကာကွယ်ရေးအတွက် အထောက်အကူဖြစ်စေတဲ့ ကစားနည်းတွေပဲ ဖြစ်ပါတယ်။
အနိုင်ရတဲ့သူကို ဘုရင်က သံလွင်ရွက်သရဖူ ဆောင်းပေးပါတယ်။ အဲဒီခေတ်က
ကစားသမားတွေဟာ သံလွင်ရွက်သရဖူရရှိရေး အတွက် ချွေးပေါင်းမြောက်မြားစွာ
ရင်းနှီးပြီး လေ့ကျင့်ခဲ့ကြပါတယ်။ မြန်မာမင်းများကတော့ ရွှေခွက်ဘယ်မျှ
ငွေခွက်ဘယ်မျှ စသည်ဖြင့် ရွှေငွေတွေကို ခွက်နဲ့ချင်ပြီး
ချီးမြှင့်ပေးကြပါတယ်။
စစ်ပွဲတွေမှာ တွေ့ကြုံရမယ့်
အခြေအနေအရပ်ရပ်ကို လိုက်ပြီး လှေလှော်တဲ့အခါမှာ တက်ကို အမျိုးမျိုးထားပြီး
လှော်ခတ်ကြရ ပါတယ်။ အဲဒါကြောင့် လေ့ကျင့်တဲ့အခါမှာလဲ အနေအထားတိုင်းမှာ
အဆင်သင့်ဖြစ်နေအောင် လှေလှော်နည်းအမျိုးမျိုးနဲ့ ကျွမ်းကျင်အောင်
လေ့ကျင့်ထားကြရပါတယ်။ လှေလှော်နည်းတွေကိုလဲ သွင်ပြင်မူရာကို လိုက်ပြီး
(၃၇)မျိုး ခွဲခြားထားတာ တွေ့ရပါတယ်။ အဲဒါကိုပဲ တက်ရေး (၃၇)ပါး ရယ်လို့
ခေါ်ပါတယ်။
ဘုရားရှိခိုး၊ ရွှေလောင်းချီ၊
ရွှေလောင်းထွက်၊ ရွှေဖောင်ယှည်၊ တက်ကောက်၊ တက်မြှောက်၊ တက်တန်း၊ တက်စောင့်၊
တက်ထောင်၊ တက်ရှက်၊ တက်ဝှက်၊ တက်ခပ်၊ တက်လှ၊ အိမ်မိုးခြင်တင်၊ စင်ရော်သုတ်၊
စင်ရော်ဝဲ၊ ၀မ်းဘဲတောင်ဖြန့်၊ ၀မ်းဘဲကန့်၊ လက်မြန်၊ ခေါ်တော်မူ၊
နတ်သမီးပန်းဆွတ်၊ နတ်သမီးပန်းလှမ်း၊ နတ်သမီးပန်းတောင်း၊ စမ္ပာငုံ၊
သန်လျက်ထမ်း၊ ဆေးတံတော်ထိုး၊ ရာဇမတ်ကြီး၊ ရာဇမတ်ငယ်၊ နေရောင်ကာ၊ နေရောင်ပြ၊
တင်းတိမ်ရံ၊ တင်းတိမ်လှစ်၊ သုံးချက်ပေါက်ပြန်၊ သုံးဖန်ချီ သုံးဖန်ချ၊
ဆင်စွယ်ဝန်းယှက်၊ ကိန္နရာတောင်ရှက်၊ ရွှေငှက်တောင်ခတ်တို့ဟာ
က၀ိလက္ခဏာသတ်ပုံကျမ်းမှာ ပြထားတဲ့ တက်ရေး (၃၇)ပါးပဲ ဖြစ်ပါတယ်။
လှေပြိုင်ပွဲတွေဟာ ကျွန်တော်တို့
ခေတ်အထိကို ရှိခဲ့ပါတယ်။ မြစ်တွင်းရေစီးကြောင်းမှာ ၀မ်းလုံးလုံးနဲ့
လောင်းလှေကို တက်သုတ်ရိုက် လှော်ခတ်ယှဉ်ပြိုင်ရတာဖြစ်လို့ အန္တရာယ်လဲ
အလွန်ကြီးပါတယ်။ ဒါကြောင့် လှေပြိုင်ပွဲဝင်မယ့် အားကစားသမားတွေဟာ
တစ်လလောက်ကြိုပြီး ဘုန်းတော်ကြီးကျောင်းများမှာ စခန်းသွင်းလေ့ကျင့်ကြ
ပါတယ်။ မေထုန်အမှုကို ရှောင်ကြဉ်ပြီး ဗြဟ္မစရိယသီလ ကို ဆောက်တည်ကြရတာဖြစ်လို့
ဇနီးသည်တွေကလဲကျောင်းကို လိုက်မလာကြရပါဘူး။ ပြိုင်ပွဲကာလပြီးမှသာ
အိမ်ပြန်ခွင့် ရှိပါတယ်။
ဒါပေမယ့် မြန်မာမင်းများလက်ထက်က
အားကစားဖြစ်ခဲ့တဲ့ လှေပြိုင်ပွဲဟာ ကျွန်တော်တို့ ခေတ်မှာတော့ အားကစားအသွင်
မဆောင်တော့ပါဘူး။ ကျွန်တော်တို့ ကလေးဘ၀ စပါးတင်းတစ်ရာကို
ငွေသုံးသောင်းလောက်ဖြစ်နေချိန် လှေပြိုင်ပွဲရဲ့လောင်းကြေးဟာ
သိန်းနှစ်ဆယ်ကနေ သိန်းငါးဆယ်အထိ ရှိပါတယ်။ လှေပြိုင်ပွဲကြောင့်
ကြီးပွားသွားတဲ့သူတော့ သိပ်မတွေ့ဖူးပါဘူး။ လှေပြိုင်ပွဲကြောင့်
လယ်ပေါင်မြေပေါင်နဲ့ ဘ၀ပျက်သွားရတဲ့သူတွေကိုတော့ တွေ့ခဲဖူးပါတယ်။
ဘာပဲဖြစ်ဖြစ် မတရားလိုချင်တဲ့ ကိုယ့်လောဘကသာ ကိုယ့်သတ်တာဖြစ်ပါတယ်။
လှေပြိုင်ပွဲက သတ်တာမဟုတ်ဘူးဆိုတာကိုတော့ .....။
သင်ခဲ့ ဖတ်ခဲ့ ကြုံခဲ့ဖူးတဲ့
အတွေ့အကြုံလေးပါ။ စာရှည်သွားတဲ့အတွက် ခွင့်လွှတ်သည်းခံပြီး
ဖတ်ပေးကြပါခင်ဗျာ။ လေးစားစွာဖြင့် (ဆန်းစုနိုင်)
No comments:
Post a Comment