Posted by ဆန်းစုနိုင် on မေ 16, 2011 at 1:39am
ယနေ့ နေမထွက်ခင်ကတည်းက ဖော်အဲဗားရွာထိပ်မှာ ထန်းလျက်ခဲကို
ပုရွက်ဆိတ်ဆွဲသလို ခြိမ့်ခြိမ့်သဲသဲ စည်းကားနေလေရဲ့။
ဖော်အဲဗားရွာစုပေါင်းရှင်ပြုအလှူပွဲအတွက် ၀ါးထမ်းဝါးခုတ် လုပ်တဲ့သူက လုပ်၊
သက်ကယ် ထရံတွေကို ရွာထဲကနေ သယ်ယူလာသူက သယ်၊ ဆန်ပြာတဲ့သူက ပြာ၊
မြက်ရှင်းတဲ့အဖွဲ့က ရှင်းနဲ့ မြိုင်ဆိုင်လွန်းလှပါတယ်။
မလှမ်းမကမ်း
သစ်ပင်တန်းတွေကြားထဲမှာတော့ သူကြီးဦးအဆွေတော်လေး၊ ဦးဝင်းထွန်းဆန်း၊
ဦးဒီလူ၊ ဦးနောင်ချို၊ ဦးထူးအောင်စတဲ့ အဘိုးကြီးတအုပ် လက်ဖက်သုတ်
သင်္ဂြီုဟ်သရုပ်ခွဲနေကြလေရဲ့။ ရွှေဓူဝံ၊ ကောင်းမင်းလူ၊ ဘုန်းဝေ၊ သီဟံ၊
မင်းမင်းသိုက်စတဲ့ လူလတ်ပိုင်းတွေကတော့ လူငါးသောင်းဆန့် ယာယီမဏ္ဍပ်ကြီး
ဆောက်လုပ်နေကြပါတယ်။ တိုင်တွေတော့ ထူပြီးပါပြီ။ အမိုးတက်မိုးဖို့အတွက်
ဘုန်းဝေက သူ့ပုဆိုးကို ကျစ်နေအောင်လိမ်ပြီး တင်ပါးနှစ်လုံးကြားထဲညှပ်ကာ
ခါးတောင်းကျိုက်ပြီးတော့ လွှားကနဲ အပေါ်တက်သွားပါတယ်။ ဘုန်းဝေတက်တော့
ရန်နိုင်ခတို့ စည်သူအောင်တို့လဲ လိုက်တက်ကြပါတယ်။ အောက်ကနေ သက်ကယ်ပေးနေတဲ့
ကိုအောင်မင်းက
““ဘုန်းဝေ မင်းဟာက တန်းလန်းကျနေတယ် ပြင်လိုက်အုံး””
ဆိုတော့ ဘုန်းဝေက သူ့ခါးတောင်းကျိုက်ကလေးကို လက်နဲ့ပြန်စမ်းနေပါတယ်။ ကိုအောင်မင်းက
““ဟိတ်ကောင် မင်းဘာလိုက်စမ်းနေတာလဲ။ ငါပြောတာ မင်းမိုးထားတဲ့ သက်ကယ်တွေ
တန်းလန်းကျတာကို ပြောတာဟ”” ဆိုတော့မှ ရှက်ကိုးရှက်ကန်းနဲ့ ပြန်ပြင်နေပါတယ်။
တရားဆွေးနွေးနေတဲ့ အဘိုးကြီးဝိုင်းမှာတော့ သူကြီးက
““ဒါက ဒီလိုရှိပါတယ် ကိုဒီလူ””
““ဟော့ဝက်တဂျီး””
တော်ဝင်နန်းသုတ်ပေးတဲ့ ပုဇွန်ခြောက်နိုင်းချင်းနဲ့ လက်ဖက်သုတ်ကို
အားရပါးရတုတ်နေတုန်း သူကြီးက အလိုက်မသိစွာ ပြောလိုက်တော့ ကိုဒီလူခမျာ
ဟုတ်ကဲ့လို့တောင် ပီအောင်မပြောနိုင်ရှာပါဘူး။ ပါးစပ်ထဲကဟာတွေ
ထွက်ကျမှာစိုးလို့ လက်နဲ့ကာထားတာတောင် တဂျီးလို့ ပြောလိုက်တဲ့အချိန်မှာ
ပုဇွန်ခြောက်တစ်ကောင်ပြုတ်ကျသွားလို့ ခပ်တည်တည်ပဲ ပြန်ကောက်စားနေ ပါတယ်။
ရေနွေးလာလိုက်ပေးတဲ့ ကေဇင်က ငတ်ကြီးကျရန်ကောဆိုပြီး သူ့ကို
မျက်စောင်းထိုးသွားပါတယ်။ သူကြီးက
““အ၀ိဇ္ဇာ ပစ္စယာ သင်္ခါရာတဲ့ဗျာ ဘုရားဟောထားတာ .... ဟိုကောင်မင်းမင်းသိုက်
... မင်းနှီးချည်တာ မဟုတ်သေးဘူး ... သေသေချာချာ ချည်စမ်း။ မအေးမြ ...
ကြက်သွန်လှီးပြီးရင် ကောင်လေးတွေကို ပုစွန်ခြောက်တွေ ရွေးခိုင်းထားနော်””
လို့ မန်နေဂျမင့် လုပ်လိုက်ပါတယ်။ ပုဇွန်ခြောက်နှိုက်စားမလို့ ကြံနေတဲ့ ရှင်ထွေးလေးနဲ့ လေဒီဖူးတို့တော့ တော်တော်ပျော်သွားပါတယ်။
““မသိမှုအ၀ိဇ္ဇာကြောင့် ကျွန်တော်တို့ဟာ ကုသိုလ်အကုသိုလ်သင်္ခါရတွေ လုပ်နေကြတာမဟုတ်လားဗျာ””
ဆိုပြီး ၀ိုင်းဘက်ပြန်လှည့်လာတဲ့အခါ သူကြီးလစ်ပြီဆိုပြီး
ပုဇွန်ခြောက်ဖတ်ချည်း နှိုက်စားနေတဲ့ ဦးဝင်းထွန်းဆန်းက ရှက်ကိုးရှက်ကန်း
အမ်းလို့ ပြောလိုက်ရပါတယ်။
အဲဒီချိန်မှာပဲ ပုတီးစိပ်သွားသင်နေကြတဲ့
မောင်ရှင်လောင်းမိုးစက်တို့ လပြည့်တို့ လင်းလက်တို့ ဖြိုးမင်းသန့်တို့
စောထူးတို့တတွေ
““ချာရစ်ကလေးမပျောက်ခင် ..... ထွက်ခဲ့စေချင် .....
လိင်ပြန်ရင်ဆံရှည်ထားပါနဲ့ ..... သန်းတွေကများ””
ဆိုတဲ့ ဘယ်သူစပ်ထားမှန်း
မသိတဲ့ကဗျာကို ဆိုပြီး ဖုန်တလုံးလုံးနဲ့ ပြန်လာကြပါတယ်။ အဲဒါကို
ရေခပ်ထင်းခုတ် အောက်ခြေသိမ်းအလုပ်တွေ လုပ်နေရရှာတဲ့ မုတ်သုံက
စိတ်ပေါက်ပေါက်ရှိတာနဲ့
““အေး ... မင်းတို့က မြင်းလားစီးရတော့မယ် ဆိုတာနဲ့
ပျော်နေကြတာပေါ့ ဟုတ်လား။ ကျောင်းရောက်မှ ““ကပ္ပိယအဘိုးအို .....
ဆိုးလှတယ်ဆို ..... ဒို့ကိုရင်ထိပ်ပြောင်သားကို .....
ခေါင်းခေါက်လိမ့်လား”” ဖြစ်နေမှာ မြင်ယောင်သေးတယ်လို့ ပြောလိုက်ပါတယ်။
ပန်းနှင်းဆီက
““သူကြီး ... ရွာသားတွေကို ယိုကျွေးဖို့လေ ထန်းလျှက်ဖာတွေ မရောက်သေးဘူး””လို့ ဆိုတော့ သူကြီးက
““အေး ဟုတ်တယ်၊ အဲဒီနောက် တစ်ယောက်တော့ လိုက်ခိုင်းအုံးမှဟ””
လို့ ပြောရုံရှိသေးတယ် အဘိုးထူးအောင်က
““ဖာနောက်တော့ ကျွန်တော်ပဲ လိုက်လိုက်မယ်သူကြီး””လို့ ပြောပြီး
““ဖိုးပြန့် မင်းက ရှင်ဥပဂုတ်ပွဲပြင်ထား၊ ငါ ဖာနောက်
လိုက်လိုက်အုံးမယ်””ဆိုတော့ ကိုနေကလဲ ဘိုးထူးအောင် ကျွန်တော်ပါ
လိုက်မယ်ဆိုပြီး လိုက်သွားပါတယ်။
အမျိုးသမီးဝိုင်းမှာတော့
ပုဇွန်ခြောက်ရွေးနေရင်း တန်ခူးက ကိုရီးယားကားအကြောင်းပြောနေတာကို
နားထောင်ပြီး ခင်သူဇာနဲ့ ဖူးတို့ ပုဇွန်ခြောက်တွေ နှိုက်စားနေကြလေရဲ့။
ဆန်ပြာနေတဲ့ ၀ိုင်းမှာတော့ သဲသဲရုတ်ရုတ် ဖြစ်နေပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့
စပါးလုံးရွေးပြီးပစ်ထားတာ လာစားတဲ့ဘဲတွေကို အကြံကုန်လို့
ဂဠုန်ဆားချက်မယ်ဆိုပြီး မေဦးမွန်က လိုက်နင်းနေလို့ ဖြစ်ပါတယ်။
““ဟဲ့ဟဲ့ ဟင်းအိုးတွေထဲ ဖုန်တွေဝင်ကုန်မယ်””
လို့ ဒေါ်ကြီးသီ ဟန့်လိုက်တော့မှပဲ ငြိမ်သွားပါတယ်။
ဒီလိုနဲ့ပဲ နေလဲ ထန်းတစ်ဖျားမက မြင့်တက်လို့ လာပါပြီ။ အလှူမဏ္ဍပ်ကြီးဟာလဲ
ခြူးပန်းခြူးနွယ် ဆင်စွယ်ဝမ်းယှက် တံခွန်ကုက္ကာား မုလေးပွားကြက်လျှာ
အဆင်တန်ဆာစုံနဲ့ ပြည့်စုံစွာ ဆောက်လုပ်ပြီးစီးသွားပါပြီ။ နောက်နေ့ဆိုရင်ပဲ
အလှူရှင်လောင်းလှည့်ပါတော့ မယ်ခင်ဗျာ။
*********************************
ယနေ့တော့ မိုးမလင်းခင်ကတည်းက တစ်ရွာလုံး နိုးနေကြပြီ။ အကြောင်းကတော့ အသံချဲ့စက်ဆရာ ကိုဒီလူက မနက်သုံးနာရီလောက်ကတည်းက
““ကွီ .... ဟယ်လို တက်စလီ ...(တက်စတင်းမဟုတ်ပါ) ၀မ်း တူး သရီး လေး .....
ဟလိုတက်စလီ ၀မ်း တူး သရီး လေး””
ဆိုပြီး ထအော်နေသဖြင့် ဘယ်သူမှ
မအိပ်နိုင်ကြသည့်အတူတူ အလှပြင်ကြ၊ နွားစာရေထည့်ကြဖြင့် နိုးထကုန်ကြတော့သည်။
ဒီနေ့ ဖော်အဲဗားရွာ စုပေါင်း ရဟန်းခံ ရှင်ပြု အလှူနေ့။
အစကတော့ ရှင်ပြုသက်သက်တင်ပါ။ ဒါပေမယ့် မဏ္ဍပ်ဆောက်ပြီးခါမှ
မတောက်တခေါက်ပညာလေးနဲ့ ကျွန်တော် တွက်ချက်ပေးလိုက်တော့ မုတ်သုံမှာ
ထိပ်ခတ်ကြိုးချည်မြင်နေတယ်ဗျ။ အာရုံထဲမှာလဲ သွေးရဲရဲ သံရဲရဲနဲ့
သေပွဲဝင်နေရှာတာမြင်တယ်။
““မုတ်သုံ မင်းအ၀တ်ပြောင်းရင်ပြောင်း မပြောင်းရင် ဘ၀တစ်ပါးပြောင်းသွားနိုင်တယ်””
လို့ ကျွန်တော်က သတိပေးလို့ ဘိုးထူးအောင်အပူကပ်ပြီး
ဒုလ္လဘရဟန်းခံမယ်ဖြစ်တာဗျ။ (မှတ်ကရော မုတ်သုံ၊ ငါ့ကို နင် အဆိပ်တိုက်ထားတာ
နင့်ကို ငါ ဂတုံးတုံးပစ်လိုက်တယ်)။ ဘိုးထူးအောင်ကလဲ ကုန်စုံဆိုင်သာပြောတယ်
ကောင်မလေးတွေကျတော့ ပိုက်ဆံနဲ့ ရောင်းတာမဟုတ်တော့ ငွေက သိပ်မပြေလည်ဘူး။
(မယုံရင် မေကို့သာ မေးကြည့်ပါ)။ ဒါပေမယ့် မုတ်သုံက ပူဆာလွန်းတော့လဲ
လုပ်ပေးရတော့တာပေါ့။ ဒီလိုနဲ့ဒုလ္လဘရဟန်းခံပါ ပါဝင်သွားပါတယ်။
အမျိုးသမီးခေါင်းဆောင်တွေဖြစ်ကြတဲ့ မအေးမြတို့၊ မမော်တို့ အပျိုကြီးအဖွဲ့က
ရှင်လောင်းပြင်ပေးဖို့ တာဝန်ယူကြပါတယ်။ တောရွာဆိုတော့လဲ
သဘာဝပစ္စည်းလေးတွေနဲ့ လှအောင် ပြင်ကြရတာပေါ့ဗျာ။
မဏ္ဍပ်ဆောက်တဲ့နေ့ကတည်းက လုံးပြီး နေလှန်းထားတဲ့ ရွှံ့စေးတုံးတွေကို သွေးပြီး
အောက်ခံအနေနဲ့ လိမ်းပေးလိုက်ပါတယ်။ လယ်ကွင်းထဲဆိုတော့ ရွှံ့ကတော့ သန့်ပါတယ်။
လှမ်းထားတုံးကသာ အဲဒီပေါ် ကြွက်ပုပ်ကို ကြောင်က ချီလာပြီး ပစ်ထားလို့
ဘယ်သူမှမမြင်ခင် မအေးမြ ကောက်ပစ်လိုက်တော့ ရှင်လောင်းတွေ မသိလိုက်ပါဘူး။
မမော်က
““ဟဲ့ မဖူး ... ပါးနီလိမ်းဖို့ အုတ်နီခဲအကျိုးလိုက်ရှာစမ်း”” ဆိုတော့ ဖူးက
အလွယ်တကူပဲ လှေကားခုံအောက်က အုတ်ခဲကျိုးကို ခုံဖိနပ်နဲ့ ရိုက်ခွဲပြီး
ယူလာပေးတယ်။ ရှင်လောင်းတွေက အိမ်ပေါ်မှာဆိုတော့ မမြင်ပါဘူး။
အုတ်နီခဲမှုန့်လေးနဲ့ ပါးနီဆိုးပေးပြီး မျက်ခုံးမွှေးဆွဲဖို့ဆိုပြီး
လက်ဖက်ခေါင်းပုပ်ခွက်ကို ကြည့်တော့ လောက်နှစ်ကောင်တွေ့တယ်။ မသီက
ရှင်လောင်းတွေမမြင်အောင် ဖယ်ပြီး ဆွဲပေးလိုက်ပါတယ်။ ခေါင်းပေါင်းမရှိတော့
ယပ်တောင်ကို နောက်မှာစိုက်ပြီး တဘက်နဲ့ ခေါင်းမှာပတ်လိုက်တယ်။
ဆွဲကြိုးကတော့ ဥတစ်လုံးကြက်သွန်ဖြူတွေကို အခွံသင်ပြီး သင်အူနဲ့သီထားတာ
တစ်ယောက်တစ်ကုံးဆွဲပေးလိုက်တယ်။ အပျိုကြီးမမများဟာ သို့ဂလို
စိတ်ရှည်လက်ရှည် ရှင်လောင်းဆင်ပြီးတော့ အပျိုကြီးမမများက မဏ္ဍပ်ရှိရာကို
ခေါ်သွားကြပါပြီ။
မောင်ရှင်လောင်းများ စုံပါပြီ။ ကိုနေရဲ့ ထန်းတောထဲရောက်နေကြတဲ့
မြင်းအဖွဲ့ကိုလဲ ကာလသားခေါင်း ကိုမိုးမြင့်က ခေါ်ဆောင်လာလို့
မြင်းလားကိုယ်စီ စီးပြီး ရောက်လာကြပါပြီ။ စက်ဆရာကိုဒီလူရဲ့ အသံချဲ့စက်က
ပလုတ် ဗြုန်းဆိုတဲ့ ဗျောသံနဲ့အတူ လူတွေရဲ့ အသည်းနှလုံးမှာလဲ ပလုတ်ဗြုန်းကာ
အုံးကနဲထိတ် ရင်မှာထိတ်ကာ ဘ၀င်ငြိမ့်စေမယ့် ရှင်လောင်းလှည့်ပွဲ စတင်ပါပြီ။
ဗျောနောက်ခံနဲ့အတူ သူကြီးအဆွေတော်လေးက မိုက်တစ်လုံးနဲ့ နေရာချနေပါတယ်။
““ရှေ့ဆုံးက သာသနာ့အလံကိုင်မယ့် မင်းမင်းသိုက်က သွားရပါမယ်။
မင်းမင်းသိုက်နောက်ကမှ စောမင်းလူနဲ့ ဘုန်းဝေက ကြေးစည်ထမ်းလို့
လိုက်ပါပို့ဆောင် .... အဲလေ နာရေးနဲ့ မှားနေပြီ လိုက်ပါပေးရပါမယ် ....
ဟိုကောင် ဖိုးပြန့် ရွှေထီးသွားယူတာမရောက်သေးဘူးလား .... မအေးမြက
ကန်တော့ပွဲရွက်မယ့်လူတွေ ခေါ်တော့လေ ဘာလုပ်နေတာလဲ .... အဟမ်း အဟမ်းပေါ့ဗျာ
.... ပရိသတ်တွေ ငြိမ်ငြိမ်ထိုင်နေကြပါအုံး .... ကျွန်တော်က ထဆိုမှ ထကြပါ
....””
သူကြီးတစ်ယောက်ထဲ မိုက်တစ်လုံးနဲ့ သောင်းကျန်းနေတဲ့အချိန်မှာပဲ
လူပျိုခေါင်း ကိုမိုးမြင့်ထွဋ်ခေါင်တို့ ကိုဘုန်းဝေတို့က ရတုရှိုးတိုက်ဖို့
ပြင်နေကြပါတယ်။ ဒါကို မေကိုက သိတော့ ဆန်းစုနိုင်ဆီလာပြီး
““ကိုကိုရယ် ကိုကိုရယ် ..... မေကိုလဲ သီချင်းဆိုချင်တယ် .... လုပ်ပေးပါနော်””
““ဟဲ့ ဒါက မြန်မာ့ရိုးရာ ရှိုးလိုက်ရတုဆိုကြမှာ နင်ဆိုနေတဲ့
အရူးကြော်ငြာသီချင်းမျိုး ဆိုလို့မရဘူး ( ရူးခဲ့တာလား အချစ်ကို ဟိုအရင်လို
နင်မရှိဘူး ငါ့မှာတော့ ယောင်ချာချာ တစ်ယောက်ထဲရူး - သူဆိုနေကျ
သူ့အိမ်သွားနားထောင်နော်)””ဆိုတော့
““လုပ်ပါကိုကိုရယ် .... သူတို့ရှိုးရင် မေကိုလဲ ရှိုးမယ် .... သူတို့
လိုက်ရင် မေကိုလဲ လိုက်မယ်”” (အားရအောင် ခေါ်ခိုင်းထားမှ ဟွန်း .... င့ါကို
အရက်သမားလို့ ပြောထားတာ) အတင်းကို ဖလန်းဖလန်းဖြစ်နေတော့ ကျွန်တော်လဲ အော်
ဒီကလေးမ သနားစရာကောင်းပါတယ်လေ။ သူ့ခမျာ တစ်နေ့မှာ ရှစ်နာရီရူးနေတာဆိုတော့
ရှိုးလိုက်အဖွဲ့ထဲ ထည့်ပေးလိုက်ပါတယ်။
ခက်ထန်မုန်းက ရွာထဲက သူဌေးသမီးတွေကို ကွမ်းတောင်တွေ ပန်းတောင်တွေ
ပေးနေပါတယ်။ အဲဒီနားမှာ မယောင်မလည်နဲ့ ရပ်နေတဲ့ တရွာလုံးမှာ
အချောဆုံးဆိုတဲ့ ရွာထိပ်က အကြော်သည်မကြီးသမီး ညလေညှင်းကိုကျတော့ မပေးဘူး။
““ဟဲ့ တန်ခူးလာလာ ဒီမှာ ကွမ်းတောင်လာကိုင် ....””
ဆိုပြီး ခေါ်ပေးနေတယ်။ သံဃာစင်ရှေ့က ရှင်လောင်းတွေနေရာက ကြည့်နေတဲ့
မောင်ရှင်လောင်း လင်းလက်ကြယ်က အားလုံးကို ကျီးကန်းတောင်းမှောက်
လိုက်ကြည့်နေတယ်။ မဏ္ဍပ်ကြီးကလဲ ခမ်းနားလိုက်တာ။ သံဃာစင်ပေါ်မှာ
မှိုင်းလုံးကော်ဇောကြီးတွေခင်းလို့။ ပွတ်လုံးပုံတွေ ရာဇမတ်ပုံတွေနဲ့
ကြည့်လို့ကောင်းလိုက်တာ။ မဏ္ဍပ်တိုင်တွေမှာလဲ ရွှေဓူဝံတို့ ပြင်ဆင်ထားလို့
ဖြူနီညိုပြာ စက္ကူကာလာတွေ ကပ်လို့။ အလို ဟိုမှာဘာပါလိမ့်။
မိုးရွာမှာစိုးလို့ အဘိုးထူးအောင် ပြင်ထားတဲ့ ရှင်ဥပဂုတ်ပွဲပါလား။
ပွဲထဲမှာက ငါးရာတန်တစ်ရွက်ကိုတော့ ဆယ်အိမ်ခေါင်း ကိုဓူဝံက ချောင်းနေလေရဲ့။
ခက်ထန်မုန်းတို့ဘက်လှည့်ကြည့်တော့ သနပ်ခါး ပါးကွက်ကျားလေးနဲ့
ချစ်စရာပြုံးနေတဲ့ ညလေညင်းလေးကို တွေ့လိုက်တယ်။
ကွမ်းတောင်ကိုင်ချင်လို့ထင်ပါရဲ့။ စိန်ရွှေတွေ မဆင်နိုင်ပေမယ့်
ယဉ်လိုက်တဲ့သူငယ်မ။ သူ့ကို ပိုနေတဲ့ကွမ်းတောင်လေး ပေးကိုင်လိုက်ရင်
ကောင်းမှာ””
လို့ မောင်ရှင်လောင်း လင်းလက် စိတ်ထဲကနေ တွေးနေပါတယ်။ ခက်ထန်မုန်းကလဲ ပေးစရာလူမရှိတဲ့အဆုံးကျမှ အကြော်သည်မသမီးလေးကို
““ရော့ ညည်းကောင်းကောင်းကိုင်ခဲ့၊ လွတ်မကျစေနဲ့””
ဆိုပြီး ပေးလိုက်ပါတယ်။ ဗိုင်းကောင်းကျောက်ဖိ အကြော်သည်မသမီးလေး
သံဃာစင်ဘက်ဆီအကြည့်တစ်ချက်ဝင့် လိုက်တော့ မောင်ရှင်လောင်းနဲ့
အကြည့်ချင်းဆုံမိတယ်။ အို .... ရင်ထဲမှာ နွေးလိုက်တာ။ လက်ဖျားမှာတော့
အေးလို့ပါလားကွယ်။ တဂျီးက
““ကဲ ထွက်ကြစို့ နေမြင့်ရင်ပူတော့မယ်”” ကိုဒီလူ
ဗျောစတော့ ...
ရှင်လောင်းလှည့် ထွက်လာခဲ့ပါပြီ။ အဝေးကမှန်း ဟိုရွာလမ်း
ထီးတန်းကြီးကလဲ လှလိုက်တာ။ နေခြည်မှာရွှေရည်ဝင်းလို့ ဆယ်စင်းလဲ မကပါလား။
ကိုမိုးမြင့်တို့ ကာလသားအဖွဲ့ကလဲ
““ရတနာမြ ပဏာသ၍ ဂါရ၀ရှိပန်ဆင် .... ဘေးဘယာအများ ... ဝေးကွာရှားအောင် ....
ဆယ်ချောင်းရှိဦးတင်၏ ..... ရှိုး .....”” ဆိုတော့ ကျွန်တော်သနားလို့
လွှတ်ပေးထားတဲ့ အရူးမ မမေကိုလေးကလဲ
““ဖူးမြင်အခက် ဦးတင်ယှက်၍ ဦးတင်လျက် ရိုသေစွာ ..... အန္တရာယ်မခ ...
ရန်စွယ်ပအောင် .... ၀န္ဒနာရှိခိုးပါ၏ .... ရှိုး ....””
ဆိုပြီး
အမီလိုက်ပါတယ်။ အမယ် ဒီလိုတော့လဲ ဒီကလေးမ ရသားပါလားဟဆိုပြီး ကိုမိုးမြင့်က
တစ်ဆင့်တက်ပါတယ်။
““ကေသာအနွဲ့ ... ငွေညှာနွဲ့က ... ကျေပါကွယ့်ပန်းရွှေနွယ် .... နိဗ္ဗာန်စခန်း
.... စိတ်ကြံမှန်းကာ ... သင်္ကန်းဝတ်ချင်ပါ၍”” .... ရှိုး ....””
လို့
ထပ်တိုင်တော့ မေကိုလေးက
““ဘယ်ဘယ်အကို့ ... ကယ်မယ်လို့ ... မယ်မယ်ပျို့စိတ်မကြည် .... နှစ်ကိုယ်စကား
..... အပျိုနားမှာ .... မောင်ဖွားသိပ်မပလီနှင့် ”” ... ရှိုး ....””
သူတိုင် ကိုဖောက်နဲ့ ရတုအဖွဲ့ကလည်း မြိုင်ဆိုင်စွာ ဆိုလိုက်တာ
မောင်ရှင်လောင်း ရင်မှာ အထိဆုံးကတော့
““တစ်လလောက် သာသနာ့ဘောင်မှာ သာသနာ့ဝန်ထမ်းပါရစေ။
အခွင့်ပေးပါနှမရယ်””
လို့ အဓိပ္ပာယ်ရှိတဲ့ အပိုဒ်မှာပဲ။ ထူပူနေတော့
စာသားကိုလဲ မမှတ်မိတော့ဘူး။ ဒါပေမယ့် မန်းသျှောင်ဗွေနဲ့ မောင်ရှင်လောင်း
မျက်နှာညှိုးသွားရှာတယ်။ မြင်းကဏ်ပင် ငြင်းဆန်လိုက်လေသလားမသိ။
ထခုန်တော့မလို ဖြစ်သွားတယ်။ မကြည်တဲ့နှလုံး မပြုံးတဲ့မျက်နှာ ငဲ့စောင်းလို့
ကြည့်တဲ့အခါ တစ်ယောက်သောသူကလေးကလဲ ဒီရတုကို ကြားသည်ထင့်။ သူမကလေးလဲ
ဒီရတုကို မကြားချင်ဘူး .... ဘာတဲ့ ... တစ်လတောင် ခွင့်ပေးရမယ်တဲ့ ....
ရက်စက်လိုက်တာ ... အဲဒီလောက်တောင် သူက ခွဲနေနိုင်သတဲ့လား ... အင်းပေါ့လေ
... သူက ဂျီတော့မှာ အသစ်မြင်ထားတာကိုး .... ငါ့ကို မေ့နိုင်ပြီပေါ့ ...
ရတယ် ... ၀မ်းဂိုးတူးကမ်းပဲ .... ကိုယ့်စိတ်ကို ဘယ်လိုတင်းသော်လဲ ကညာမုံ
ကြာငုံညွတ်ဟာဖြင့် ယမ်းယောင်ကာ ကွမ်းတောင်လွတ်တဲ့ပြင်
စိုစွတ်တဲ့မြမျက်ရည်တွေ တလည်လည်နဲ့ စိတ်ထဲမှာ ဒေါသချိုချိုလေး
ဖြစ်သွားမိတယ်။ အဲဒါကြောင့် မတွယ်တာ ဆယ်ခါလွှတ်မယ်လို့ တစ်ယောက်ထဲ
ပြောနေမိပါတယ်။
အဲဒီအချိန်မှာပဲ လူပျိုကြီး ကိုဝင်းထွန်းဆန်းတစ်ယောက်
ရှမ်းဘောင်းဘီအနက်ကြီးဝတ် (စတိုင်ဘောင်းဘီအစားပေါ့) ကိုနှိုင်းမရရဲ့
ဘောလုံးကန်ဖိနပ်ကို ငှားစီးပြီး မျက်နှာမှာလဲ မမော်ဆီက မိတ်ကပ်တွေ
ခိုးလူးထားတာ ပြာနှမ်းနေတာပဲ။ ၀င်းဒိုးမတက်လို့ လွှင့်ပစ်ထားတဲ့
လက်တော့ကွန်ပျူတာကို ပွေ့လို့ နားကြပ်ကို တပ်လို့ ကန်တော့ပွဲရွက်တဲ့
အပျိုကြီးတွေနား သွားလိုက်၊ ကွမ်းတောင်ကိုင်တဲ့ အပျိုလေးတွေနား
သွားလိုက်နဲ့ အလုပ်ရှုပ်နေရှာပါတယ်။ တန်းစီကြွပါ .... ဘေးကမလိုက်ပါနဲ့လို့
သွားပြောတာကို
““ငြိမ်ငြိမ်နေ သီချင်းနားထောင်နေတယ်””
ဆိုပြီး ပြန်အော်လိုက်သေးတယ်။ ကိုနှောင်းမိုးဖိနပ်နဲ့ သူနဲ့ မတော်တော့
လမ်းတစ်ဝက်တင်ပဲဖိနပ်ပေါက်ပြီးထောက်ြ ကြွထောက်ကြွ ဖြစ်နေတဲ့အထဲ
အပျိုကြီးတစ်ယောက်ကို ငမ်းလိုက်တာ ခလုတ်တိုက် လဲပါလေရော ...။
ဒီလိုနဲ့
ကျောင်းရောက်လို့ ဆံကေပယ် သင်္ကန်းစီးပြီးတဲ့နေက် ဆရာတော်ရွှေမန်းသားက
ရေစက်ချအနုမောဒနာပြုကာ ကမ္တာမြေထု သက်သေပြုလို့ သာဓုသံမြိုင်မြိုင်ခေါ်ပြီး
ဖော်အဲဗားရွာအလှူကြီးလဲ အောင်မြင်စွာ ပြီးမြောက်ခဲ့ပါပြီ။
ကိုနှောင်းမိုးတို့ ကိုမိုးမြင့်တို့ ကာလသားအဖွဲ့က
““အောင်ပါပြီ .... အောင်ပါပြီ ..... အဓိဋ္ဌာန်ပြီးမြောက်လို့
စိတ်အကြံခရီးပေါက်ကာ .... မင်္ဂလာပွဲတော်ကြီး .... အောင်ပါပြီ .....
အလှူမင်္ဂလာပွဲတော်ကြီး ..... အောင်ပါပြီ””
ဆိုတဲ့သီချင်းသံနဲ့အတူ .... တရွာလုံးရဲ့စိတ်ထဲမှာ နှလုံးဆီထိ ပြုံးပီတိနဲ့ အလှူပွဲကြီး ပြီးဆုံးသွားပါပြီခင်ဗျာ။
-----------------------------------------